မောင်ရင်ငတေ

Maung Yin Nga Tay – Articles


 ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
ဇွန် ၈၊ ၂၀၁၃


● ဂျာမန်တွေရဲ့ဘိုင်ယန်ပြည်

Bundesrepublik Deutschland


ဥရောပရဲ့ အင်အားကြီး နာမည်ကြီး ဂျာမဏီနိုင်ငံတော်ကို ဂျာမန်တွေကတော့ Deutschland လို့ ခေါ်ကြရေးကြပြီး ဖင်လန်တွေက Saksa နော်ဝေးဆွီဒင်ဒိန်းမတ်တွေက Tyskland နယ်သာလန်က Duitsland လူဇမ်းဘူးလို Däitschland ချက်လို Německo ပိုလန်လို Niemcy အီတလီကတော့ Germania လက်တင်စကားမှာတော့ Germaniam အင်္ဂလိပ်တွေက Germany စပိန်က Alemania ပြင်သစ်ကတော့ ဂျာမန်မြေကို Allemagne လို့ဆိုပြီး ကိုယ့်ဘာသာစကားတွေနဲ့ ကိုယ်အားသန်ရာ ခေါ်ဝေါ်ကြပါတယ်၊ ဂျာမဏီနိုင်ငံဟာ ဥရောပသမိုင်းမှာတော့ အတော်ကိုထူးခြားမှုတွေ ရှိပါတယ်၊ Hochdeutsche Dialekte, High German dialects စကားက ဂျာမန်အရှေ့ခြမ်း တောင်ဘက်ခြမ်း တခြမ်းလုံးနီးပါး ပြောဆိုကြတဲ့စကားဖြစ်ပြီး ဘယ်လ်ဂျီယံကစပြီး လူဇမ်းဘူး ပြင်သစ် ဆွစ်ဇာလန် လက်စ်ချန်စတိန်း သြစတြီးယား ချက် ပိုလန်နယ်အထိ လူသန်းပေါင်း ၆၀ ကျော် ပြောတဲ့စကားနဲ့ အများသုံး ဂျာမန်စကားလို့ ဆိုနိုင်ပါတယ်၊ Nedderdüütsch ခေါ် Low German စကားကိုတော့ နယ်သာလန် ဒိန်းမတ်ပြည်တို့နဲ့နီးတဲ့ ဂျာမဏီမြောက်ပိုင်းဒေသတွေက လူဦးရေ ငါးသန်းကျော်ရယ် ပင်လယ်ရပ်ခြားက အမေရိကတိုက်ရောက် ဂျာမန်နွယ်ဖွားတွေ အများအားဖြင့် ပြောကြပါတယ်တဲ့၊  သူတို့တတွေ ဂျာမဏီနိုင်ငံကို ခေါ်တာကတော့ Düütschland လို့ဘဲဖြစ်ပါတယ်၊ သိပ်တော့လည်း ကွာခြားလှတဲ့အခေါ် မဟုတ်ပါဘူး၊ လူဦးရေစုစုပေါင်း ငါးသောင်းကျော်သာရှိပြီး ချက်နယ်စပ်အနီး အရှေ့ဂျာမန်နယ် Sachsen ဒေသထဲက Bautzen ခေါ် Budyšin မြို့နယ်သားတွေ ပြောဆိုကြတဲ့ Sorbische စကားကတော့ ဂျာမန်စကားထက် အလယ်ဥရောပစကားတွေနဲ့ ပိုမိုပြီးတူမယ်လို့သာ ထင်မြင်မိပါတယ်၊ ဂျာမန်မြေကို ခဏတာမျှ နင်းမိတာနဲ့ ဂျာမန်အကြောင်းတွေကို ရမ်းသန်းဖြီးဖြန်း ကျူးကျော်ပြီး ရေးနေမိတာ အမှားများပါသွားရင်တော့ ဆောရီးပါဘဲ၊ သိရှိသူတွေ ဒီထက်ချဲ့ကားပြီး ရေးကြတာတွေကိုလည်း ဖတ်ချင်မိပါကြောင်း ပြောချင်ပါတယ်၊


မရှိတော့ပြီဖြစ်သော ဘာလင်တံတိုင်း


တရားဝင်ခေါ်နေတဲ့ Bundesrepublik Deutschland (de) Federal Republic of Germany (en) ဆိုတာကို ၁၉၄၉ ခုနှစ်ကနေ ၁၉၉၀ ထိတော့ အနောက်ဂျာမဏီနယ်များကိုသာ ခေါ်ခဲ့တာဖြစ်ပေမဲ့ ၁၉၉၀ ခုနောက်ပိုင်းကာလ ဆိုရှယ်လစ်နိုင်ငံခေတ် ကုန်ဆုံးသွားခဲ့ပြီး ဂျာမဏီနှစ်နိုင်ငံ ပြန်လည်ပြီး ပေါင်းစည်းမိကြတဲ့အခါမှာ Deutsche Demokratische Republik (de) German Democratic Republic (GDR) အရှေ့ဂျာမဏီနိုင်ငံဆိုတာက ပျောက်ကွယ်သွားခဲ့ရပြီးနောက် Bundesrepublik Deutschland ဆိုတဲ့ ယနေ့ခေတ် ဂျာမဏီ ဖက်ဒရယ် သမတနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့တာပါ၊


Post-war occupied Germany: The British (Green) Soviet (Red) American (Orange) and French (Blue) ၁၉၄၅ ခု စစ်အပြီး ခွဲခြမ်းစိတ်ဖြာ ဂျာမဏီမြေများ      
Member states of the German Empire (Prussia shown in blue)

Königreich Preußen (de) Kingdom of Prussia ပရပ်ရှားဘုရင့်နိုင်ငံ (၁၇၀၁-၁၉၁၈) ကာလ အတွင်းမှာဘဲ ၁၈၇၁ ခုနှစ် နောက်ပိုင်းခေတ်ကို Deutsches Kaiserreich (de) German Empire ဂျာမန်အင်ပါယာခေတ်လို့ သတ်မှတ်ခဲ့ကြပါတယ်၊ ပထမကမ္ဘာစစ် ရှုံးတဲ့ကာလ ၁၉၁၈ ခုနှစ်ထိတိုင် ကြာမြင့်ခဲ့တဲ့ အဲဒီ ဂျာမန်အင်ပါယာခေတ်မှာ ယနေ့ခေတ် ဘယ်လ်ဂျီယံ ပြင်သစ်ပြည် Alsace နဲ့ Lorraine ဒေသအပါအဝင် ဒိန်းမတ်နဲ့ ချက်ဒေသ တချို့ကိုပါ သိမ်းသွင်းနိုင်ခဲ့တာပါ၊ တကယ်တော့ ပရပ်ရှားဆိုတာက ယနေ့ပိုလန်နိုင်ငံရယ် ရုရှားအနောက်မြောက်ပိုင်းဒေသများရယ် Lithuania ရယ်

အပါအဝင် ဂျာမန်မြောက်ပိုင်းဒေသများနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ၊ ပထမကမ္ဘာစစ်ရှုံးအပြီးက စတင်ပြီး ၁၉၃၃ ထိကာလကိုတော့ Weimarer Republik သို့မဟုတ် Deutsches Reich လို့ခေါ်ဆို ကြပါတယ်၊ နာဇီတွေအားကောင်းလာတဲ့ ဟစ်တလာခေတ် ၁၉၃၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်များက ဂျာမန်တို့ရဲ့နိုင်ငံကိုတော့ Großdeutsches Reich သို့မဟုတ်အင်္ဂလိပ်လို Greater German Reich

ရယ်လို့ အမည်တွင်ခဲ့ပါတယ်၊ အဲဒီကာလ ဂျာမဏီနိုင်ငံရဲ့ အကျယ်အဝန်းဟာ ကနေ့ဂျာမဏီနိုင်ငံ ဆိုတာထက် နှစ်ဆကျော်အထိအောင် ကျယ်ဝန်းခဲ့တာပါ၊ အဲဒီ ၁၈၇၀ ခုနှစ်ကျော်ကာလများကစပြီး ဘာလင်မြို့ဟာ တောက်လျှောက်လိုလို မြို့တော်အဖြစ် တည်ရှိခဲ့ပါတယ်၊ အရှေ့နဲ့အနောက်ဂျာမန် နှစ်ပိုင်းကွဲခဲ့တဲ့ ကာလများမှာတော့ အရှေ့ဂျာမဏီရဲ့မြို့တော်ဟာ အရှေ့ဘာလင် ဖြစ်လာခဲ့ပေမဲ့ အနောက်ဂျာမဏီရဲ့ မြို့တော်ကတော့ အနောက်ဘာလင်မြို့က တည်နေရာအနေအထားကြောင့် မြို့တော်ဖြစ်ခွင့် မရရှိခဲ့ပါဘူး၊ ကိုလုံးမြို့အနီး Bonn ဆိုတဲ့ မြို့ကလေးကသာ အနောက်ဂျာမဏီရဲ့ မြို့တော်အဖြစ် ရွေးချယ်ခံရပြီး ၁၉၄၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ် ဘာလင်တံတိုင်း ဖြိုချခဲ့တဲ့အချိန်ထိ နှစ်ပေါင်း ၄၁ နှစ်ကြာခန့် မြို့တော်အဖြစ် တည်ရှိခဲ့ပါတယ်၊

Freistaat Bayern (de) Free State of Bavaria (en)


ဧရိယာစတုရန်းမိုင် ၁၃၇၈၄၇ မိုင်သာအကျယ်အဝန်းရှိတဲ့ ဂျာမဏီနိုင်ငံဟာ ၂၆၁၂၂၈ ရှိတယ်ဆိုတဲ့ မောင်ရင်ငတေတို့ရဲ့ မွေးရပ်မြေထက် တဝက်သာသာ ကျယ်တာပါ၊ ဥရောပအလယ်ခေါင် နေရာမှာ တည်ရှိပြီး လူဦးရေက သန်းရှစ်ဆယ်ကျော် ရှိတာကြောင့် လူဦးရေ ထူထပ်သိပ်သည်းမှုက ဥရောပ အနေနဲ့ များပြားတယ်လို့ ဆိုနိုင်ပါတယ်၊ လွတ်လပ်တဲ့ အုပ်ချုပ်ရေးပြည်နယ်ပေါင်း ၁၆ ခုရှိပြီး  Free State of Bavaria ခေါ် Freistaat Bayern ဘိုင်ယန်ပြည်နယ်က ဂျာမဏီမှာ အကျယ်ဆုံးပြည်နယ် ဖြစ်ပေမဲ့ စတုရန်းကီလိုမီတာ ခုနှစ်သောင်းကျော် စတုရန်းမိုင် နှစ်သောင်းခုနှစ်ထောင်သာ အကျယ် ရှိတာမို့ ရှမ်းပြည်နယ်ရဲ့ ထက်ဝက်ခန့်သာ ကျယ်ဝန်းပါတယ်၊ ရှမ်းပြည်မှာက လူဦးရေ ငါးသန်းသာ နေထိုင်ပြီး ဘိုင်ယန်မှာတော့ ၁၂ သန်းကျော် နေထိုင်ကြပါတယ်၊ ပါရီမြို့တော်ရဲ့ မေထရိုပိုလီတန် ဧရိယာ Île-de-France ဒေသနဲ့ ဘိုင်ယန်ပြည်နယ်မှာ နေကြတဲ့ လူဦးရေက အတူတူနီးပါးလောက် ရှိပါတယ်၊ ပါရီမြို့တော် မေထရိုပိုလီတန်နယ်မြေက ၁၂၀၁၂ စတုရန်းကီလိုမီတာသာ ရှိတာကြောင့် ပါရီမြို့တော်ဧရိယာက ဘိုင်ယန်ထက် ခြောက်ဆလောက်ပို၍ သေးငယ်ပြီး လူနေခြောက်ဆပိုပြီး ထူထပ်စွာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်၊ ဆိုလိုချင်တာကတော့ ပြင်သစ်ပြည်မှာက လူတွေဟာ မြို့တော်ပါရီ ဧရိယာမှာသာ စုပြုံတိုးခွေ့ပြီး နေကြသလို ဖြစ်နေတာပါ၊ ဒါကြောင့်လည်း ပါရီမြို့ရဲ့ မြေဈေးအိမ်ဈေးတွေက ကြီးမြင့်နေတာဖြစ်မှာပါ၊ ဂျာမဏီနိုင်ငံဟာ နိုင်ငံရဲ့အကျယ်က လူဦးရေနဲ့ နှိုင်းစာလိုက်ရင် အနည်းငယ် ကျဉ်းနေသလို ရှိနေပေမဲ့ မြို့တမြို့နဲ့တမြို့ ရွာတရွာနဲ့တရွာ အကြီး အသေးက သိပ်ကွာခြားမှု မရှိလှဘဲ လူတွေက တနိုင်ငံလုံးမှာ ပြန့်နှံ့နေထိုင်ကြသလို ဖြစ်နေတာပါ၊ ပြင်သစ်ပြည်ရဲ့ သာမန်တောမြို့တမြို့မှာက လူဦးရေ ထောင်ဂဏန်းကျော်ခန့်သာ နေထိုင်ကြပေမဲ့ ဂျာမဏီရဲ့ မြို့တွေမှာတော့ သောင်းဂဏန်းနီးပါး နေထိုင်ကြတာမျိုးပါ၊


ဘိုင်ယန်ပြည်က ဆိုလာပြားနဲ့ အိမ်ခေါင်နီ


လမ်းပန်းဆက်သွယ်ရေးအရလည်း ဥပမာအနေနဲ့ပြောရရင် ဂျာမဏီမှာက လက်မှတ်အလကားရလို့ ဘောလုံးပွဲတပွဲကို သွားလို့ကြည့်မယ် ဆိုကြပါစို့၊ တောင်ပိုင်းက ဘိုင်ယန်မြူးနစ်နဲ့ မြောက်ပိုင်းက မိုင်လေးရာနီပါးလောက် ကွာဝေးတဲ့ Borussia Dortmund BVB 09 တို့ရဲ့အိမ်ကွင်းမှာ ကန်တဲ့ပွဲကို မောင်ရင်ငတေတို့ လူငါးယောက် အတူသွားကြည့်မယ်ဆိုရင် အသွားအပြန် အုပ်စုလိုက် ခရီးသွား လက်မှတ်တန်ဖိုးက ယူရို ၆၀ ကျော် ၇၀ သာကျသင့်မှာဖြစ်ပြီး ပြင်သစ်မှာဆိုရင်တော့ ပါရီမြို့ကနေ အလားတူ မိုင်လေးငါးရာလောက် ကွာဝေးတဲ့ လီယွန်တို့ မားဆေးလ်တို့ကို ဘောလုံးပွဲလက်မှတ် အလကားရတောင်မှ သွားကြည့်ဖို့ ရထားလက်မှတ်ဖိုး မတတ်နိုင်တာနဲ့ စိတ်ကူးမယဉ်နိုင်ပါဘူး၊


ဘေယန်သို့မဟုတ် ဘိုင်ယန်ပြည်သို့အသွား


ဘိုင်ယန်နယ်သားတွေဟာ သူတို့ကိုသူတို့ ဘိုင်ယန်သည်သာပထမ ဂျာမန်ကဒုတိယလို့ သမိုင်းစဉ် တလျှောက် ခံယူထားကြသူတွေ များကြသလို ဘိုင်ယန်ဟာ ဂျာမဏီရဲ့ အစိတ်အပိုင်းတခုလို့လည်း ပြောသူတွေက ပြောကြပါတယ်၊ ဘိုင်ယန်ရဲ့ အဓိကမြို့ကြီးတွေကတော့ München, Nürnberg, Augsburg မြို့တို့ဖြစ်ကြပြီး ဘိုင်ယန်ပြည်နဲ့ နယ်နမိတ် ဆက်စပ်နေကြတာကတော့ ချက်နိုင်ငံနဲ့ သြစတြီးယားပြည်တို့ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံနဲ့ကတော့ Bodensee ခေါ် Lake Constance နဲ့ ပိုင်းခြားထားပါတယ်၊ ဘိုင်ယန်ပြည်နယ်ရဲ့ မြို့တော်ကတော့ မြူးနစ်ပါ၊ အင်္ဂလိပ်လို Munich မြို့ကို ဂျာမန်ဘာသာမှာတော့ München လို့သာ ရေးကြပါတယ်၊ ဂျာမဏီရဲ့ တတိယအကြီးဆုံးသောမြို့ ဖြစ်ပါတယ်၊ စီးတီးဧရိယာ စတုရန်းကီလိုမီတာ ၃၀၀ ကျော်ကျယ်ပြီး လူဦးရေက တသန်းခွဲခန့်သာ နေကြပါတယ်၊ နှိုင်းယှဉ်ကြည့်မယ်ဆိုခဲ့ရင် ပါရီမြို့စီးတီးဧရိယာက ၁၀၀ စတုရန်းကီလိုမီတာခန့်သာ ကျယ်ဝန်းပြီး လူဦးရေက နှစ်ဒဿမ နှစ်သန်းကျော် ရှိနေတာပါ၊ ဒါကြောင့် လူဦးရေ ထူထပ်မှုမှာ မြူးနစ်မြို့ဟာ ပါရီထက် ငါးပုံတပုံလောက်သာ အတိုင်းအတာ ရှိတာပါ၊ ဂျာမန်မြို့တော် ဘာလင်က

မြူးနစ်ထက်တောင်မှ လူနေကျဲပါးပါသေးတယ်၊ စစ်ကြီးတွေပြီးမှ မြို့ကွက်တွေကို ပြန်လည်နေရာချ တည်ဆောက်ခဲ့လို့ထင်ပါတယ်၊ ဘာလင်မြို့ရဲ့အကျယ်ဟာ စတုရန်းကီလိုမီတာ ၈၀၀ ကျော်ရှိပြီး နေထိုင်သူ လူဦးရေက သုံးသန်းကျော်ရှိတော့ လူနေသိပ်သည်းမှုက နည်းပါးနေရတာ ဖြစ်ပါတယ်၊

Das Neue Rathaus am Marienplatz in München (New Town Hall 1874)


Österreich သြစတြီးယားက မြစ်ဖျားခံစီးဆင်းလာတဲ့ ကီလိုမီတာ ၃၀၀ နီးပါးရှည်တဲ့ Isar မြစ်ဟာ မြူးနစ်မြို့ကို ဖြတ်သန်းစီးဆင်းသွားပြီးနောက် Donau ဒန်ညုမြစ်နဲ့ပေါင်းဆုံသွားတာပါ၊ ၁၂ ရာစုက စတင်တည်ရှိလာတဲ့ ဒီမြို့ဟာ Duchy of Bavaria နဲ့ Kingdom of Bavaria ခေတ်များတလျှောက် ကစပြီး ဒီကနေ့ကာလထိ ဘိုင်ယန်ပြည်ရဲ့မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရတာပါ၊ ကမ္ဘာစစ်နှစ်ခုရဲ့ ရှုံးခဲ့ရတဲ့ဒဏ်တွေကြောင့် ပျက်ဆီးခဲ့ရတဲ့ မြူးနစ်မြို့တော်ဟောင်းရဲ့ ရှေးအဆောက်အဦများစွာကို အရင်အတိုင်းဖြစ်အောင် ပြန်လည်ပြီး တည်ဆောက်ခဲ့ရပါတယ်၊ မြူးနစ်မြို့ဟောင်းရဲ့ အဓိကနေရာ အချက်အချာကတော့ မြို့တော်ခန်းမများ တည်ရှိရာ Marienplatz ဘဲဖြစ်ပါတယ်၊ ဒီနေရာတဝိုက် ကတော့ မြူးနစ်မြို့သို့ လာရောက်လည်ပတ်ကြသူ လူမျိုးပေါင်းစုံကို တွေ့မြင်ရတဲ့ နေရာဖြစ်သလို ဈေးဆိုင်များ အရောင်းဆိုင်များ ကုန်တိုက်ကြီးများ အစုံအလင် တွေ့ရှိရာနေရာဘဲ ဖြစ်ပါတယ်၊ မြူးနစ်မြို့ရှိ လူဦးရေရဲ့ လေးပုံတပုံက ဥရောပမြို့ကြီးတွေရဲ့ ထုံးစံအတိုင်း ရွှေ့ပြောင်းအခြေစိုက်သူ နိုင်ငံခြားသားများပါဘဲ၊ ဂရိတွေ တူရကီနွယ်ဖွားတွေကို အများဆုံးတွေ့မြင်ရမှာဖြစ်ပြီး Albanians အယ်လ်ဘေးနီးယန်းများ Hrvati ခေါ်တဲ့ Croats ခရိုတ့်မျိုးနွယ်များ Serbs လူမျိုးနွယ်များကိုလည်း အများအပြား တွေ့မြင်ရမှာပါ၊ အင်ဒီယန်းတို့ တရုတ်တို့ရဲ့ စားသောက်ဆိုင်များ ကုန်စုံဆိုင်များကို တွေ့မြင်ခဲ့ရပေမဲ့ လန်ဒန်မြို့တို့ ပါရီမြို့တို့မှာလို တစုတဝေး တနေရာတည်းမှာ ချိုင်းနားတောင်း လစ်တဲလ်အိန္ဒိယ ဆိုတာမျိုးရယ်လို့တော့ ရှိဟန်မတူပါဘူး၊ ရွှေပြည်တော်သားတချို့တော့ မြူးနစ် အနီးနားဒေသတွေမှာ ရောက်ရှိနေထိုင်ကြတယ်လို့ ကြားသိရပါတယ်၊


ပြန်လည်တည်ဆောက်ထားတဲ့ ၁၃ ရာစုက Das Alte Rathaus (de) Old Town Hall (en)

ဒီမြိုတော်ခန်းမများ တည်ရှိရာ Marienplatz နေရာက မြူးနစ်ဘူတာရုံကြီးကနေ သိပ်ပြီးတော့မဝေး ကွာလှဘဲ လမ်းလျှောက်သွားရင် ရနိုင်တဲ့နေရာပါ၊ မြေအောက်ရထား မြေပေါ်ဓါတ်ရထားများလည်း စုံပါတယ်၊ မြူးနစ်မြို့မှာ မြို့တွင်းမြို့ပြင်သွားလာရေးအတွက် မြေပေါ်ဓါတ်ရထား မြေအောက်ရထား ဘတ်စ်ကားလိုင်းများ အစုံရှိပါတယ်၊ မြို့တွင်းသွား U-Bahn München မှာ လိုင်းပေါင်း ခုနှစ်လိုင်း ရှိပြီး အရှည်ကီလိုမီတာ ၁၀၀ ကျော်ရှိပါတယ်၊ မြူးနစ်မြို့ အပြင်ထိ သွားနိုင်တဲ့ မြေပေါ် မြေအောက် ရထားလိုင်း S-Bahn မှာတော့ ၁၀ လိုင်းရှိပြီး အရှည် ကီလိုမီတာ ၄၅၀ လောက်ရှိပါတယ်၊ ဒီရထား လိုင်းတွေကို ၁၉၇၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး ခေတ်သစ်မြူးနစ်မြို့ရဲ့ အစဦးပွဲတော်ကြီးဖြစ်တဲ့ နွေရာသီအိုလံပစ်ပွဲတော် ၁၉၇၂ ပွဲကြီးနဲ့အတူ မွေးဖွားလာခဲ့တာဖြစ်ပါတယ်၊ ၁၈၇၆ ခုနှစ်က စတင် ပြေးဆွဲခဲ့တဲ့ Tramways ခေါ် Straßenbahn München မြူးနစ်မြို့တွင်းပြေး မြေပေါ်ဓါတ်ရထား လိုင်းများကတော့ ၁၃ လိုင်းရှိပါတယ်၊ မြူးနစ်မြို့ကြီးရဲ့ မြို့လယ်ခေါင် ဖွဲ့စည်းတည်ရှိ ပုံပန်းသဏ္ဍန် ကိုတော့ မောင်ရင်ငတေ စိတ်ထဲမှာ သိပ်ပြီးတော့ သဘောမကျပါဘူး၊ ဥရောပရဲ့ မြို့ကြီးတမြို့ကို မီးရထားစီးပြီး ဆိုက်ရောက်လာပါတယ် ဆိုပါစို့၊ မြို့တော်တော်များများရဲ့ မိန်းဘူတာရုံကြီးတွေက မြို့လယ်အချက်အချာ နေရာတွေမှာသာ ရှိတတ်တာပါ၊ ဘူတာရုံအရှေ့ဘက် မျက်နှာစာကိုလည်း တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ရင်ပြင်သဘောမျိုး ဖြစ်အောင်ထား ကြပါတယ်၊ ဘူတာရုံကြီးရဲ့ အနီးတဝိုက်မှာလည်း ဈေးဆိုင်များ ဟော်တယ်များ မြို့တွင်းမြို့ပြင်သွား ရထားဂိတ်ကားဂိတ်များ တစုတစည်းတည်းရှိပြီး တခါတရံ ရောက်ရှိလာသူများ တမနက်တာသာ အချိန်ရသူများ ဝင်ရောက် ရပ်နားသူများအတွက် လွယ်ကူချောမွေ့အောင် စီစဉ်ထားတာမျိုးပါ၊ မြူးနစ်မြို့ဘူတာရုံကြီးကတော့

ရှေ့ထွက်ပေါက် ဘေးထွက်ပေါက်တွေက ဘယ်လိုပင်ထွက်ထွက် မျက်စိလည်စေပါတယ်၊ လေးငါး ခြောက်ကြိမ်မက ဝင်ထွက်သွားလာဖူးသော်လည်း ဘူတာရုံနဲ့ မြို့ဟောင်းရပ်ကွက်ကို ခြေလျှင်သွား ရမဲ့လမ်းကို ရှာဖွေရ ခက်လှပါတယ်၊ ဘူတာအဆောက်အဦကလည်း ရှေးဟောင်းမဟုတ်ဘဲ ၁၉၆၀ ခုက တည်ဆောက်ခဲ့တာဖြစ်ပြီး ဘူတာနဲ့မတူဘဲ ဈေးကြီးတဈေးလိုလိုနဲ့သာ ပိုပြီးတူနေပါတယ်၊


München Hauptbahnhof မြူးနစ်ဘူတာရုံအဝင်ပေါက်  

FC Bayern München ဘိုင်ယန်မွန်ချမ်း

ဘိုင်ယန် ဘိုင်ယန်နဲ့ ဘိုင်ယန်မြူးနစ်လို့ ပြောလိုက်ရင်ဘဲ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်သား ဘောလုံးဝါသနာအိုးများ အကုန်လိုလို သိကြပါတယ်၊ သိပ်မကြာခင်က မူလဆရာကြီး မရှိတော့တဲ့ Futbol Club Barcelona ခေါ် Barça ဘာဆာအသင်းက မက်ဆီတို့ ဇာဗီတို့ရဲ့ အသည်းလည်းနာ ကမ္ဘာမကြေလောက်အောင် နှစ်ပွဲပေါင်း ခုနှစ်ဂိုးသွင်းပြီး နှစ်တော်တော်ကြာ မက်ဆီတို့တသိုက်ရဲ့ အောင်ပွဲခံအပြုံးတွေကို ရပ်တန့်သွားအောင် ပြုလုပ်ပြသွားခဲ့ပြီး ချန်ပီယံတွေရဲ့ ချန်ပီယံအသင်းက Fußball-Club Bayern München မြူးနစ်မြို့က ဘိုင်ယန်အသင်းပါဘဲ၊ ဘိုင်ယန်မြူးနစ် ဘောလုံး အသင်းနဲ့ မြူးနစ်ဘောလုံးကွင်းတွေအကြောင်း ဖတ်ရ တွေ့ရရင် မောင်ရင်ငတေမှာတော့ အသက် ခပ်ငယ်ငယ်က ကြားခဲ့ဖူး ဖတ်ခဲ့ဖူးတာလေးတွေကို ပြန်အမှတ်ရစေပါတယ်၊ ငယ်ငယ်က ဘောလုံး ရူးခဲ့ဖူးတော့ အဲဒီအချိန်က တိုင်းနဲ့ ပြည်နယ်ဘောလုံးပွဲတွေကို မြန်မာ့အသံကလွှင့်တဲ့ အချိန်တွေမှာ ဘာတခုမှ မြင်ရတာမဟုတ်တဲ့ သစ်သားနေရှင်နယ် ရေဒီယိုကြီး အနားက မခွာနိုင်ဘဲ နားထောင်ခဲ့ ရတာတွေ အားကာစာစောင်နဲ့ တံခွန်ဂျာနယ်တွေ စုဆောင်းထားခဲ့တာကို ပြန်လည်အမှတ်ရမိ ပါတယ်၊  နောက်ပြီး ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ် ဘောလုံးပြိုင်ပွဲဝင်ခဲ့တဲ့ အအောင်မြင်ခဲ့ဆုံးသော ရွှေခေတ်ကာလ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အကြောင်းပါဘဲ၊ မြန်မာဘောလုံးအသင်းရဲ့ အအောင်မြင်ဆုံးအချိန်နဲ့ တွဲပြီးသိခဲ့ရတဲ့ ဒီဘောလုံးကွင်းကြီးက ဒီကနေ့ ဥရောပချန်ပီယံအသင်းရဲ့ အိမ်ကွင်းဟောင်း ဖြစ်နေပါတယ်၊ ဒီကွင်းကြီးဟာ ပဒု ကမ္ဘာစစ်ပြီးနောက် ပြာပုံဘဝကနေ ပြန်လည် ရှင်သန်ထမြောက်လာတဲ့ အနောက်ဂျာမဏီဆိုတာက ဒါမျိုးဘဲဆိုပြီး အားလုံးကိုပြသနိုင်ဖို့ ပြုလုပ် ကျင့်ပခဲ့သော အိုလံပစ်ပွဲကြီးရဲ့ အဓိက ကစားကွင်းကြီး တကွင်းပါ၊

Olympiastadion München 1972 – 2005

Olympische Sommerspiele ၁၉၇၂ ခုနှစ် အကြိမ် ၂၀ မြောက်ကျင့်ပတဲ့ မြူးနစ်နွေရာသီ အိုလံပစ် ပြိုင်ပွဲကြီးရဲ့ ဘောလုံးပြိုင်ပွဲမှာ မောင်ရင်ငတေတို့ရဲ့ နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်း သူ့တို့ရဲ့ ယခုထိ သက်တမ်းတလျှောက်မှာ အမြင့်ဆုံးသော ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်အတန်းမြင့်မြင့် ကစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်၊ ဒါလိုမျိုးကလည်း ဒီကနေ့ ၂၀၁၃ ခုနှစ်ထိ တိုင်အောင် ဘယ်အာဆီယံနိုင်ငံရဲ့ ဘောလုံးအသင်းကမှ မရောက်ခဲ့ဘူးတဲ့ အဆင့်မျိုး ဖြစ်နေဆဲပါ၊ မလေးရှားအသင်းက မြန်မာနဲ့ တနှစ်ထဲ ဝင်ပြိုင်ခဲ့ပြီး နာမည်မပေါက်ခဲ့ပါဘူး၊ ထိုင်းအသင်းကတော့ အရင်နှစ်ကြိမ် ဝင်ပြိုင်ခဲ့ဖူးပေမဲ့ ခြေပြတ်ဂိုးပြတ် ရှုံးခဲ့တာမျိုးဘဲ ရှိခဲ့ဖူးပါတယ်၊ အဲဒီလို အတိတ်က တမ်းတဖွယ်ရာ သိပ်ကောင်းခဲ့တဲ့ တချိန်တုန်းက ရူးခဲ့ဖူးတဲ့ အရူးဝေဒနာကြောင့် မြူးနစ်မြို့ကို ခြေချ ဖူးဖူးခြင်းမှာဘဲ အိုလံပစ်ကွင်းကြီးထဲကို ဝင်ကြေးငွေသုံးယူရိုပေးပြီး ဝင်ကြည့်ခဲ့ဖူးပါတယ်၊ ဘောလုံး ကန်တာကို ကြည့်ဖို့သွားခဲ့တာ မဟုတ်ပါဘူး၊ တချိန်က မြန်မာဘောလုံးသမား ဟောင်းကြီးတွေရဲ့ ခြေရာတွေကိုများ တွေ့ရအုံးမလား ရှိနေအုံး ကျန်နေအုံးမလား ဆိုတဲ့ အတွေးတွေနဲ့ပါ၊ နောက်မှ သေချာရှာဖတ်ကြည့်တော့မှ ရွှေမြန်မာ လက်ရွေးစင်အသင်းက ဒီကွင်းထဲမှာ ဖွင့်ပွဲအခမ်းအနားသာ တက်ခွင့်ကြုံလိုက်ရပြီး အုပ်စုခွဲဝေမှုအရ တခြားမြို့သုံးမြို့က ကွင်းကလေးတွေမှာ သုံးပွဲစလုံးကန်ခဲ့ ရတာလို့ သိရပါတယ်၊ တပွဲနိုင်နှစ်ပွဲရှုံးပြီး အသန့်ရှင်းဆုံးဆုဆိုတာလည်း ရခဲ့တယ်လို့ ဆိုပါတယ်၊ ဗဟာဒူးတို့ လှဋ္ဌေးတို့ အေးမောင်ကြီးတို့ ဂိုးတင်အောင်တို့ရဲ့ ရွှေခေတ်တခေတ် ရှိခဲ့ဖူးလေသည် ပေါ့ဗျာ၊ ပါဝင်ကစားခဲ့တဲ့ ဘောလုံးသမားတွေ အမည်စာရင်းကတော့ ဒီမှာဖတ်ကြည့် နိုင်ပါတယ်၊ http://www.fifa.com/tournaments/archive/mensolympic/munich1972/teams/team=1890089/index.html ဒီကွင်းကြီးမှာ နိုင်ငံပေါင်း ၁၂၁ နိုင်ငံက လက်ရွေးစင်အားကစားသမားပေါင်း ခုနှစ်ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ၊ အုပ်ချုပ်သူပေါင်းကတော့ ဘယ်လောက်များများပါ မလဲလို့တော့ မသိပါခင်ဗျာ ထုံးစံအတိုင်းဘဲ ထင်မိကြောင်းပါ၊

2012 UEFA Women’s Champions League Final Olympique Lyon – FFC Frankfurt (2:0)

ဒီအိုလံပီယာ စတေဒီယံ ကွင်းကြီးမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ရှင်ကွင်းအဖြစ် ၁၉၇၂ ကနေ ၂၀၀၅ ထိ ၃၃ နှစ်တိုင်တိုင် ကစားခဲ့တာပါ၊ ဒီအိုလံပစ်ကွင်းကြီးမှာ အဓိကပွဲကြီးတွေကို ၂၀၀၅ ခု နောက်ပိုင်းမှာ လက်ခံကျင့်ပခြင်း မပြုလုပ်တော့သော်လည်း ကြိုးကြားကြိုးကြား ပွဲတွေကိုလုပ်လေ့ ရှိပါသေးတယ်၊ ဒီပွဲကြီးပြီးသွားတဲ့ နောက်ပိုင်းမှာတော့ မြူးနစ်အိုလံပစ်ကွင်းမှာ လက်ခံကျင့်ပခဲ့တဲ့ ပွဲကြီးတွေကတော့ ၁၉၇၄ ခုကမ္ဘာ့ဖလားဖိုင်နယ်ပွဲရယ် ၁၉၈၈ ခုဥရောပဖလားဖိုင်နယ်ပွဲရယ် ၁၉၇၉ ၁၉၉၃ ၁၉၉၇ ဥရောပ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်များရယ်ဘဲ ဖြစ်ပါတယ်၊ ဒီကွင်းကြီးဟာ ပွဲကြည့် ပရိတ်သတ်ပေါင်း ခုနှစ်သောင်းကနေ ရှစ်သောင်းကျော် ဆန့်ပါတယ်၊ ဒီကွင်းကြီးဟာ အခုထိတိုင် ပွဲတွေလက်ခံ ကျင့်ပနိုင်နေပေမဲ့ ဘာဖြစ်လို့များ အသစ်ထပ်မံပြီးတော့ ကွင်းသစ်ကြီး ဖောက်လုပ်ခဲ့ ရသလဲဆိုတာကို စဉ်းစားကြည့်မိခဲ့ရတော့ ဒီကွင်းကြီးရဲ့ ပွဲကြည့်စင်တွေက အထူးမတ်စောက်လွန်း လှတာကို တွေ့ရှိရပါတယ်၊ ဘောလုံးပွဲဆိုတာ ရုပ်ရှင်ကြည့်ကြသလို တင်နစ်ရိုက်ပွဲ ကြည့်ကြသလို အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် မှင်သက်ပြီး ကြည့်လိုကောင်းတဲ့ ကြည့်လို့ရတဲ့ ပွဲတွေမျိုး မဟုတ်တဲ့အပြင် ဒီကနေ့ခေတ် ဘောလုံးပွဲကြည့်သူ လူငယ်အများစုရဲ့ တက်ကြွလွန်းတဲ့ ပွဲကြည့်တဲ့ ပုံစံမျိုးတွေကြောင့် ဒီလိုပုံစံမျိုး မတ်စောက်တဲ့ ပွဲကြည့်စင်ရဲ့ ပုံစံက အန္တရယ်များလွန်း လှပါတယ်လို့ ထင်မြင်မိကြောင်းပါ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒီမြူးနစ်အိုလံပစ်ကွင်းကြီးဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်အမှီ တည်ဆောက်ခဲ့တဲ့ Allianz Arena ဘောလုံးကွင်းသစ်ကြီး ပေါ်ပေါက်လာတဲ့ ၂၀၀၅ ခုနှစ်ကစပြီး FC Bayern München အသင်းနဲ့ TSV 1860 München အသင်းတို့ရဲ့ အိမ်ရှင် ကွင်းအဖြစ် သတ်မှတ်ခံခဲ့ရတာကနေ ရပ်တန့်နိဂုံးချုပ်ခဲ့ ရပါတယ်၊ မြူးနစ်အိုလံပစ်ပွဲရဲ့ အမည်းစက် တခုကတော့ အစ္စရေးအားကစားအဖွဲ့ဝင် ၁၁ ဦး အပါအဝင် စုစုပေါင်း လူ ၁၇ ဦး သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းတွေရဲ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာပါဘဲ၊

ဘိုင်ယန်အိမ်ကွင်းသစ် Allianz Arena

ပရိတ်သတ် ခုနှစ်သောင်းကျော်အတွက် ကျယ်ကျယ်ပြန့်ပြန့် ထိုင်စရာခုံတွေရှိတဲ့ ဒီဘိုင်ယန်မြူးနစ် Allianz Arena ဘောလုံးကွင်းသစ်ကြီးကို ၂၀၀၅ ခုနှစ်ကစပြီး ဖွင့်လှစ်ခဲ့တာပါ၊ ဒီကွင်းသစ်ကြီးဟာ ဂျာမဏီနိုင်ငံ မြောက်ပိုင်းဒေသမှာရှိတဲ့ Dortmund မြို့က Signal Iduna Park ဘောလုံးကွင်းနဲ့  ဘာလင်မြို့တော်က Olympiastadion ကစားကွင်းတွေ ပြီးရင်တော့ ပွဲကြည့်သူများများ အဆန့်ဆုံး တတိယအကြီးဆုံး ဘောလုံးကွင်းကြီးဘဲ ဖြစ်ပါတယ်၊ ဒီနေရာမှာ ပြောစရာတခု ရှိတာက ဒေါ့တ်မွန် ဘောလုံးကွင်းနဲ့ ဘာလင်ကွင်းတွေက ကွင်းဟောင်းတွေကို ပြန်လည်ပြီးတော့ မွမ်းမံထားတာဘဲ ဖြစ်တာပါ၊ ဒေါ့တ်မွန်ကွင်းက ၁၉၇၄ ခုမှာ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲအတွက် ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဘာလင်ကွင်းကတော့ ၁၉၃၆ ခုနှစ် နာဇီခေတ်မှာ အဒေါ့ဖ်ဟစ်တလာရဲ့ အမိန့်နဲ့ ဘာလင် နွေရာသီ အိုလံပစ်ပွဲအတွက် တည်ဆောက်ခဲ့တာဖြစ်ပြီး အခုထိတိုင် သုံးစွဲလို့ရနေဆဲ ကွင်းတွေပါ၊ ဒီကွင်းကို နာမည်ပြောင် အနေနဲ့ Schlauchboot လေသွင်းလှေဆိုပြီး ခေါ်နေကြပြီး ဒီကွင်းသစ်ကြီးမှာ ၂၀၀၆ ကမ္ဘာ့ဖလားပွဲကြီးနဲ့ ၂၀၁၂ ခုနှစ် ဥရောပ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို လက်ခံကျင့်ပခဲ့ပါတယ်၊ ဒီကို လာမယ်ဆိုရင်တော့ မြူးနစ်မြို့ဟောင်းရှိ Marienplatz ကနေ U-Bahn U6 ရထားလိုင်းကို စီးပြီး Fröttmaning ဘူတာမှာဆင်းရင် တိုက်ရိုက်ရောက်ပါတယ်၊ ဒီကွင်း Allianz Arena ကိုပြင်ဆင်ထား တာကတော့ အလွန်ကိုခေတ်မှီလှပါတယ်၊ ယနေ့ဂျာမဏီနိုင်ငံ ဆိုတာကလည်း နိုင်ငံရေး စီးပွားရေး

အဘက်ဘက်မှာ ဥရောပတလွှား တဖြေးဖြေး ပြိုင်ဘက်ကင်းလာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာတဲ့အပြင် ဒီနိုင်ငံထဲမှာမှ ဒီပြည်နယ်ရဲ့ ဖွင့်ဖြိုးတိုးတက်မှုက အမြင့်မားဆုံးလိုလို ဖြစ်လာနေတာက တကြောင်း ဒီကွင်းကြီးရဲ့ အိမ်ရှင်အသင်းကလည်း ကမ္ဘာ့ဘောလုံး ကျားတကောင် ဖြစ်နေပြီး ဒီနှစ် ၂၀၁၃ ခုနှစ် ပူပူနွေးနွေး ဥရောပ ချန်ပီယံ ဖြစ်ခဲ့တာကိုဘဲ ကြည့်ကြပါတော့၊ ဒီကွင်းရဲ့ အပြင်ဘန်း အနေအထား ကြည့်ရင်တောင်မှ သုံးရောင်ချယ်ထားတာပါ၊ နေ့လယ်နေ့ခင်းဘက်မှာတော့ မူလအဖြူရောင်ဖြစ်ပြီး ညပိုင်း ဘောလုံးပွဲချိန်များ ဆိုရင်တော့ ဘိုင်ယန်အသင်းကန်တဲ့ ပွဲဆိုရင် မီးအနီရောင် TSV 1860 အသင်းကန်ရင် မီးအပြာရောင်နဲ့ ဂျာမန်လက်ရွေစင်အသင်း ကန်တာဆိုရင်တော့ မီးအဖြူရောင်များ ကွင်းအပြင်နံရံတခုလုံး ထိန်ထိန်ညီးမတတ် ထွန်းညှိထားတာကို တွေ့မြင်ကြရမှာပါ၊
http://www.youtube.com/watch?v=AzxRmtDeAB0

မြူးနစ်မြို့ရဲ့ အထင်ကရ Oktoberfest


ဘိုင်ယန်ပြည်အကြောင်း မြူးနစ်မြို့အကြောင်း ပတ်သက်တာတွေကို ရှာဖွေဖတ်ကြည့်လိုက်တာနဲ့ တပြိုင်နက် တွဲပါလာမှာကတော့ ၁၈၁၀ ခုနှစ် ကာလလောက်ကတည်းက စတင်ပြီးကျင့်ပလာခဲ့တဲ့ Oktoberfest ရိုးရာဘီယာပွဲတော်ပါဘဲ၊ အောက်တိုဘာဖက်စ် ဘီယာပွဲတော်မှာ ရောင်းချတဲ့ဘီယာ တလီတာ မတ်ခွက်တခွက်ရဲ့ ဈေးနှုန်းတွေကလည်း ပွဲတော်ကြီး နာမည်ကျော်ကြားလာတာနဲ့အမျှ ဈေးတက်လာတာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကာလက တခွက်ကို ခြောက်ယူရိုလောက် ရှိခဲ့ရာက အခုတော့ ၁၀ ယူရို ထိရောက်အောင် ဈေးနှုန်းက မြင့်တက်လာခဲ့ပါပြီ၊


http://www.dailymail.co.uk/news/article-1313581/Oktoberfest-2010-200th-anniversary-beer-drinkers-ultimate-festival.html

ဒီအောက်တိုဘာပွဲတော် ပေါ်ပေါက်လာခဲ့တဲ့ အကြောင်းရင်းကတော့ ဘိုင်ယန်ပြည်နယ်ရဲ့ ဘုရင် ဖြစ်လာမဲ့ အိမ်ရှေ့မင်းသား Ludwig I König von Bayern (၁၇၈၆-၁၈၆၈) နဲ့ မင်းသမီး Princess Therese of Saxe-Hildburghausen တို့ရဲ့ လက်ထပ်မင်္ဂလာပွဲတော်ကို ၁၂ ရက် အောက်တိုဘာ ၁၈၁၀ ခုနှစ်မှာ ဧည့်ခံကျွေးမွေးခဲ့ရာကနေ စတင်ခဲ့တယ်လို့ ဆိုကြပါတယ်၊ ၂၀၁၀ ခုနှစ်ကတော့ အနှစ်၂၀၀ မြောက် အထိမ်းအမှတ်အနေနဲ့ ဘီယာသောက်ပွဲကြီးကို မြူးနစ်မြို့တော်ဝန် ကိုယ်တိုင် ဦးဆောင်ပြီး ၁၆ ရက်ကြာ အကြီးအကျယ် ကျင့်ပခဲ့ကြတာ ကမ္ဘာအရပ်ရပ်က လူပေါင်းခြောက်သန်း ရောက်ရှိပါဝင် ဆင်နွဲခဲ့ကြပါတယ်၊ ဒီပွဲတော်ကြီးမှာ ဘိုင်ယန်သူဘိုင်ယန်သားတွေဟာ ရိုးရာဝတ်စုံ များဝတ်ဆင် ရိုးရာအစားအစာများစားသောက် ရိုးရာဂီတအကအလှများနဲ့ စုပေါင်းပါဝင်ကြပါတယ်၊ ၁၆ ရက် ကာလအတွင်းမှာ ဘီယာလီတာပေါင်း ခုနှစ်သန်းကျော် ရောင်းချရပါသတဲ့၊ ဒီ ပွဲတော်မှာ ရောင်းချတဲ့ ဘီယာတွေက မြူးနစ်ဒေသထွက် ဘီယာတွေသာ ဖြစ်ရမယ်လို့ ဆိုပါတယ်၊ နာမည်ကြီး ဘီယာအမျိုးအစားက ၁၃၂၈ ခုက စတင်ထုတ်လုပ်ခဲ့တဲ့ Augustiner Bräu  ဘီယာဘဲ ဖြစ်ပါတယ်၊


Augustiner Bräu 

အခုခေတ်ထိ ကြော်ငြာဌာန မထားရှိတဲ့ တီဗွီရေဒီယိုက မကြော်ငြာခဲ့ ဒီဘီယာလုပ်ငန်းက တနှစ်ကို ဘီယာလီတာ သန်းပေါင်း တရာလောက် ထုတ်လုပ်နေတာပါတဲ့၊ ဘီယာပုလင်းပေါ်က ကပ်ထားတဲ့ ဒီဇိုင်းကလည်း မပြောင်းလဲတာ အနှစ် ၂၀ ကျော် ရှိပါပြီတဲ့၊ ရွှေပြည်တော်က ဘီယာဆရာကြီးများ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်၊ လာရောက်ပါဝင် ဆင်နွဲကြတဲ့ ဧည့်သည်အပေါင်းလည်း အိပ်စရာ နေရာမရှိရင် မပူရပါဘူး၊ မြူးနစ်ဘူတာကြီးရဲ့ ကြိုက်ရာပက်လက်ဖောင်းပေါ်မှာ အိပ်စက်အနားယူ နိုင်ပါတယ်၊ အခုနှစ် ၂၀၁၃ ဘီယာပွဲတော်ကိုတော့ စက်တင်ဘာ ၂၁ ရက်နေ့ကနေ အောက်တိုဘာ ၆ ရက်နေ့ထိ ပြုလုပ်မယ်လို့ သတင်းများမှာ ဖတ်ရှုရပါတယ်၊ တလီတာကျော်ရှိတဲ့ Mass လို့ခေါ်တဲ့ ဘီယာတခွက်ကို ၉ ယူရို လောက်တော့ ကျသင့်မှာ ဖြစ်ပါတယ်၊ တကယ်တမ်းဆိုရင် ဒီဈေးနှုန်းဟာ တော်တော်မြင့်နေတာပါ၊ ပုံမှန်ဈေးက လီတာတဝက်ပါတဲ့ ဘီယာတခွက် ဈေးနှုန်းက တော်ရုံတန်ရုံ ဆိုင်တွေမှာ သုံးယူရိုဝန်းကျင်ခန့်သာ ပေးရတာပါ၊ ဒီပွဲတော်ကြီးရဲ့ ဘီယာရောင်းချမဲ့ ဇာတ်ရုံသဖွယ် တဲကြီးတွေမှာ လူတသိန်းလောက် တပြိုင်နက် ထိုင်သောက်နိုင်မှာဖြစ်ပါတယ်၊ ဘီယာလီတာပေါင်း ခုနှစ်သန်းအပြင် အခြား အရက် ဝိုင် အပူ အအေး မျိုးစုံ အပါအဝင် အဖျော်ယမကာပေါင်းစုံ လီတာ ကုဋေနဲ့ ချီပြီးတော့ ရောင်းချရအုံးမှာပါ၊ ဒီပွဲရဲ့ သမိုင်းတလျှောက် ပြဿနာ ကြီးကြီးမားမား မရှိခဲ့ပါ သော်လည်း အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရန်ကိုတော့ ၁၉၈၀ ခုနှစ်မှာ ကြုံတွေ့ခဲ့ရပြီး လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်၊ လက်ယာအစွန်းရောက် ဂျာမန်ကျောင်းသားတဦး လုပ်ခဲ့တာပါလို့ ဆို ကြပါတယ်၊ ဒါဟာ မြူးနစ်အိုလံပစ် အကြမ်းဖက်မှုပြီးရင် ဂျာမန်သမိုင်းတလျှောက် လူသေပျောက်မှု အများဆုံး အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်၊

Staatliches Hofbräuhaus in München (de) Royal Brewery in Munich (en)

အောက်တိုဘာပွဲတော်နဲ့အတူ နာမည်ကြီးတာကတော့ မြူးနစ်မြို့ရဲ့ နာမည်ကျော် ဘီယာဆိုင်ကြီး ဖြစ်တဲ့ Hofbräuhaus ဘဲဖြစ်ပါတယ်၊ ဘိုင်ယန်ပြည်နယ် အစိုးရက ပိုင်ဆိုင်တဲ့ ဒီဘီယာဆိုင်ကြီးကို ၁၅၈၉ ခုနှစ်က မူလလက်ဟောင်းဆိုင်ကို စတင်ထူထောင်ခဲ့ပြီး ယခုတိုင်အောင် လူစည်ကားနေဆဲ ဆိုင်တဆိုင် ဖြစ်ပါတယ်၊ ၁၈ ရာစုကုန်ခါနီး နှစ်တွေမှာတော့ ဒီဆိုင်အနီးမှာ နာမည်ကျော် ဂီတစာဆို Wolfgang Amadeus Mozart မိုဇာ့တ် (၁၇၅၆-၁၇၉၁) နေထိုင်ခဲ့စဉ် ဒီဆိုင်မှာထိုင်ပြီး ကဗျာများ စာများကို စပ်ဆိုသွားခဲ့ဖူးပါတယ်၊ ဆိုဗီယက်ရုရုားပြည်က Vladimir Lenin ခေါင်းဆောင်ကြီး လီနင် (၁၈၇၀-၁၉၂၄) ကတော့ ပြည်တော်ပြေးဘဝနဲ့ မြူးနစ်မြို့ကို ရောက်ရှိနေစဉ် ဒီဆိုင်ကို မကြာခဏ ရောက်ရှိခဲ့ဖူးပါတယ်၊ ၁၉၁၉ ဧပြီလမှာတော့ တလကြာ ဖွဲစည်းတည်ထောင်ခဲ့တဲ့ Bavarian Soviet Republic နိုင်ငံနဲ့ Munich Communist government ဆိုတာကိုလည်း ဒီဆိုင်အတွင်းမှာ ဌာနချုပ် ပြုလုပ်ပြီး ဖွဲ့စည်းသွားခဲ့ ကြတာပါ၊ Adolf Hitler နာဇီ ဟစ်တလာ (၁၈၈၉-၁၉၄၅) နဲ့ သူရဲ့ရဲဘော် အမျိုးသားရေး ဆိုရှယ်လစ် အဖွဲ့ဝင်တွေရဲ့ ပထမဦးဆုံးသော စုံညီအစည်းအဝေးကိုလည်း ဒီဆိုင်ရဲ့ တတိယထပ်မှာ ၁၉၂၀ ခုနှစ်က ပြုလုပ်သွားခဲ့ကြတာဖြစ်ပြီး နာဇီပါတီရဲ့ ပေါ်လစီကြေညာချက်များ ကိုလည်း ဒီဆိုင်ကနေ ထုတ်ပြန်ခဲ့ပါတယ်၊ ဟစ်တလာ ဒီဘီယာဆိုင်မှာ ထိုင်သွားခဲ့ပြီး အလုပ်တွေ လုပ်သွားခဲ့ပေမဲ့ သူဟာ ဘီယာအရက်များ သောက်သုံးသူတဦး မဟုတ်ပါဘူးတဲ့၊ သူ့ရဲ့ဖေးဗရိတ် ဆိုင်ကတော့ Osteria Bavaria ခေါ် Osteria Italiana စားသောက်ဆိုင် ဖြစ်ပါတယ်တဲ့၊ အဲဒါတွေ ကြောင့်လည်း ဒီဘီယာဆိုင်ကြီးဟာ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာလှည့်ချင်တဲ့သူ အများအပြားရဲ့ စိတ်ဝင်စားဘွယ်ရာ မြူးနစ်မြို့ကို ရောက်ခဲ့ရင် မသွားမဖြစ် သွားသင့်တဲ့ နေရာ တနေရာအဆင့် ဖြစ်လာပါတော့တယ်၊ အမေရိကန် သမတကြီးများ ဖြစ်ကြတဲ့ John F. Kennedy တို့ George H. W. Bush တို့ သာမက ရုရှားကဆရာကြီး Mikhail Gorbachev တို့ရဲ့ ငယ်စဉ်ဘဝ အချိန်က မြူးနစ်မြို့ကို ဖြတ်သန်းခဲ့စဉ်က ဒီနေရာကို မရောက်မဖြစ် ရောက်ခဲ့ရတာပါဘဲ၊

ယာယီဘီယာတဲကြီး Hofbräu-Festzelt

ဒါကြောင့်လည်း ဒီဘီယာဆိုင်ခွဲများနဲ့အတူ စီးပွားရေးအရ တွက်သားကိုက်မှန်း သိလာကြလို့ ပုံစံတူ အောက်တိုဘာ ဘီယာပွဲတော်တွေကိုလည်း ဂျာမဏီနိုင်ငံ တဝှန်းအပြင် အမေရိကန်မြို့ကြီး အများ အပြား အပါအဝင်နဲ့ တခြား ကမ္ဘာ့မြို့ကြီး တချို့မှာ အပြိုင်အဆိုင် ပြုလုပ်လာကြပြီး Hofbräuhaus ဘီယာဆိုင်ကြီးရဲ့ Hofbräu-Festzelt ဘီယာတဲကြီးနဲ့ ပုံစံတူတွေကိုလည်း များစွာတွေ့ရှိ နေရပါပြီ၊ မြူးနစ်အောက်တိုဘာ ဘီယာပွဲကြီးမှာ လက်ရှိရှိနေသော သုံးလကြာ အချိန်ယူ တည်ဆောက်ရတဲ့ ယာယီဘီယာတဲကြီး Hofbräu-Festzelt ကို အိုလံပစ်ပွဲတော် ပြုလုပ်တဲ့ ၁၉၇၂ ခုနှစ်က စတင်ပြီး အသုံးပြုခဲ့တာဖြစ်ပြီး ဘီယာသောက်သုံးသူ စုစုပေါင်း တဲအတွင်း တဲအပြင် လူတသောင်းကျော် တပြိုင်နက်တည်း သောက်သုံးနိုင်ပါတယ်၊ ပွဲတော်ရက် ၁၆ ရက်အတွင်းမှာ ဘီယာလီတာပေါင်း ခြောက်သိန်းကျော် ခုနှစ်သိန်း ရောင်းချရပြီး အမြည်းကြက်ကင် အကောင်တသိန်း နီးပါးလောက် မြည်းသွားကြပါတယ်လို့ ဆိုကြပါတယ်ခင်ဗျာ၊ ဒီ ၁၆ ရက် အတွင်းမှာ ဘယ်လောက် အခွန်အခတွေ ပေးရပြီး ဘယ်လောက် တွက်သားကိုက်မလဲ ဆိုတာကတော့ ဒီပွဲတော်ကြီး တနှစ်ထက်တနှစ် ပိုမို ကြီးကျယ်လာတာကိုဘဲ တွက်ဆကြည့် တွေးကြည့်လို့ ရနိုင်တယ်လို့ ထင်ပါတယ်၊

BMW Head Quarters in Munich Germany.

ဘိုင်ယန်ပြည်နယ်အကြောင်းပြောရင် ဒီပြည်နယ်အတွင်းမှာတည်ရှိနေတဲ့ စက်မှုလက်မှုလုပ်ငန်းများ ကလည်း မပါမပြီးပါဘဲ၊ အဓိကကျပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ မသိသူမရှိ အမည်များကတော့ ၁၈၄၇ ခုနှစ်က စတင်ခဲ့တဲ့ Siemens AG လျှပ်စစ်ပစ္စည်းများနဲ့ လုပ်ငန်းပေါင်းစုံ ကုမ္ပဏီကြီးရယ် မော်တော်ကားများနဲ့ မော်တော်ဆိုင်ကယ်များသာ သီးသန့်ထုတ်လုပ်တဲ့ ၁၉၁၆ ခုနှစ်ဖွား BMW AG Bayerische Motoren Werke Aktiengesellschaft လုပ်ငန်းကြီး နှစ်ခုဖြစ်ပါတယ်၊ ဆီးမန်းကုမ္ပဏီ

အဓိကထုတ်လုပ်တာကတော့ လျှပ်စစ်ပစ္စည်းများအပြင် ခုနောက်ဆုံးပေါ် Siemens Velaro အမြန် ရထားများ ထုတ်လုပ်တာပါဘဲ၊ Fujitsu Siemens, Nokia Siemens တို့ကတော့ လူသိများပြီးသား အမည်တွေပါဘဲ၊ ဆီးမန်းကုမ္ပဏီရဲ့ ရုံးချုပ်ကတော့ မြူးနစ်မှာရော ဘာလင်မှာပါ ရှိနေတာပါ၊ BMW မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်များကိုတော့ အားလုံးသိကြပါတယ်၊ ဒီကားကုမ္ပဏီကတော့ မြူးနစ်မြို့မှာ ပေါက်ဖွားလာတာပါ၊ တနှစ်ကို ကားအစီးရေ တသန်းခွဲခန့်နဲ့ ဆိုင်ကယ်စီးရေ တသိန်း ကျော် ထုတ်လုပ်နေတဲ့ ဒီကုမ္ပဏီဟာ ၁၉၉၈ ခုနှစ်မှာတော့ အင်္ဂလန်က နာမည်ကျော် Rolls-Royce ကားကုမ္ပဏီကိုပါ သူ့ရဲ့လက်အောက်သို့ သွပ်သွင်း ဝယ်ယူခဲ့ပြီးပါပြီ၊ BMW ရဲ့ မော်တော်ကားများ မော်တော်ဆိုင်ကယ်များဟာ ဈေးအနည်းငယ် မြင့်မားသော်လည်းဘဲ ခိုင်မာမှု ခန့်ထည်မှုတို့ကြောင့် ကားလောက ဆိုင်ကယ်လောကမှာ လူကြိုက်များလှတာ ဖြစ်မှာပါ၊

ဆီမန်းရဲ့ နောက်ဆုံးပေါ် အမြန်ရထား Siemens Velaro

မြူးနစ်မြို့ ဇာတိသားများထဲမှာ နာမည်အကျော်ကြားဆုံးကတော့ ဘီယာပွဲတော်မင်းသားဘုရင် Ludwig II of Bavaria, Ludwig II the Dream King ပါဘဲ၊ နောက်တယောက်ကတော့ အသက် ၁၇ နှစ်သမီး အရွယ်ကတည်းက ဟစ်တလာရဲ့ အနီးကပ် လက်တွဲဖော် ဖြစ်နေခဲ့သူ ဟစ်တလာရဲ့ မှတ်တမ်းတင် ဖလင်ဓါတ်ပုံဆရာမ ဖြစ်ခဲ့သူ မသေခင် တရက်အလိုကမှ လက်ထပ်ခဲ့သူ တရက်တာ ဇနီးမယား ဖြစ်ခဲ့သူ ဧပြီလ ၃၀ ရက် ၁၉၄၅ ခု ဟစ်တလာ ကိုယ့်ကိုကိုယ် သေနတ်နဲ့ သတ်သေပြီး မိနစ်ပိုင်းအကြာမှာ အဆိပ်သောက်ပြီး သေပွဲဝင်ခဲ့သူ Eva Anna Paula Hitler Braun (၁၉၁၂-၁၉၄၅) ဖြစ်ပါတယ်၊ ဟစ်တလာရဲ့ လက်ရုံးရဲဘော် နာဇီပါတီ ဦးစီးခေါင်းဆောင် ဟစ်တလာသေပြီး တလခန့်အကြာမှာ အဆိပ်သောက် သေခဲ့သူ Heinrich Himmler (၁၉၀၀-၁၉၄၅) သည်လည်း မြူးနစ်မြို့သားတဦး ဖြစ်ပါတယ်၊ နာမည်ကျော် သိပ္ပံရူပဗေဒပညာရှင် Albert Einstein အိုင်းစတိုင်း

(၁၈၇၉-၁၉၅၅)  ကတော့ မြူးနစ်မြို့မှာ မွေးဖွားခဲ့တာ မဟုတ်ပေမဲ့ အသက်တနှစ် မပြည့်ခင်မှာဘဲ မြူးနစ်မြို့သား ဖြစ်ခဲ့တာပါ၊ ၁၈၉၄ ခုနှစ်ကုန်အထိ အိုင်းစတိုင်းဟာ သူ့ရဲ့ငယ်ဘဝကျောင်းသားဘဝ ၁၄ နှစ်မျှ ဖြတ်သန်းခဲ့တာ ဖြစ်ပေမဲ့ အိုင်းစတိုင်း အမှတ်တရနဲ့ ပတ်သက်တာတော့ မြူးနစ်မြို့မှာ ဘာတခုမှ ထင်ထင်ရှားရှား မတွေ့ရှိတာကတော့ အံ့သြစရာ တခုပါဘဲ၊ မြူးနစ်မြို့မှာ နေထိုင်ခဲ့ဖူးသူ နောက်တဦးကတော့ သြစတြီးယားပြည် အရှေ့တောင်ပိုင်းဒေသက Thal ဆိုတဲ့ မြို့ကလေးမှာ မွေးဖွားခဲ့သူ ကမ္ဘာကျော် အလေးမသမား ကာယဗလသမား မောင်စကြာစဠာ ဟောလီဝုဒ် ရုပ်ရှင် မင်းသားကြီး ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှုးဟောင်း Arnold Schwarzenegger (၁၉၄၇-  ) ဖြစ်ပါတယ်၊ အာနိုးကြီးကတော့ အမေရိကသို့ ရွှေ့ပြောင်းမနေထိုင်မီ ၁၉၆၆ ခုဝန်းကျင်ကာလမှာ နှစ်နှစ်ကျော်လောက် မြူးနစ်မြို့မှာ နေထိုင်သွားခဲ့ဖူးတာပါ၊ အမေရိကန်နိုင်ငံသူ အာဖရိကနွယ်ဖွား ၁၉၇၀ ခုနှစ်များဆီက ဒစ်စကိုဘုရင်မကြီး အဆိုတော် Donna Summer (၁၉၄၈- ၂၀၁၂) ကတော့ သူမ အသက် ၂၀ ခန့်အရွယ် ၁၉၆၈ ခုနှစ်လောက်မှာ မြူးနစ်မြို့သို့ ရောက်ရှိနေထိုင်သွားခဲ့ဖူးပြီး သူမရဲ့ သီချင်းတချို့ကိုလည်း ဂျာမန်လို သီဆိုထုတ်လုပ် ဖြန့်ချီခဲ့ဖူးပါတယ်၊ မြူးနစ်မြို့မှာ နေထိုင် နေစဉ် သြစတြီယား ရုပ်ရှင်မင်းသား Helmuth Sommer နဲ့တွေ့ဆုံ လက်ထပ်ခဲ့ပြီး သမီးတဦးကို မြူးနစ်မြို့မှာဘဲ မွေးဖွားခဲ့တာပါ၊ ကမ္ဘာကျော် Queen တေးဂီတ အဖွဲ့ကြီးက လိဒ်ဂစ်တာတီးခတ်သူ တေးရေးဆရာ အဆိုကျော်ကြီး အိန္ဒိယနွယ်ဖွား အာဖရိကအရှေ့ခြမ်း အိန္ဒိယသမုဒ္ဒယာထဲက သာယာလှပတဲ့ ပင်လယ်ကမ်းခြေများရှိတဲ့ Zanzibar ကျွန်းစုနိုင်ငံလို့ ခေါ်တွင်ခဲ့ဖူးတဲ့ ၁၉၆၄ ခုနှစ် နောက်ပိုင်းမှာ Tanzania နိုင်ငံနဲ့ ပေါင်းစည်းသွားခဲ့တဲ့ ဇန်ဇီဘာနိုင်ငံရဲ့မြို့တော် Stone Town ခေါ် Zanzibar City မြို့မှာမွေးဖွားခဲ့သူ Freddie Mercury (၁၉၄၆-၁၉၉၁) လည်းဘဲ မြူးနစ်မြို့မှာ နေခဲ့ဖူးသူတဦး ဖြစ်ပါတယ်၊

Marienplatz မြေအောက်ဘူတာအတွင်း

မြူးနစ်မြို့အကြောင်းဘဲဖြစ်ဖြစ် တခြား ကမ္ဘာအရပ်ရပ်က နေရာဒေသတခု ရွာတရွာ သို့မဟုတ် မြို့တမြို့ရဲ့ အကြောင်းတွေကို ပြောကြမယ် ရေးကြမယ်ဆိုရင် မကုန်နိုင် မခန်းနိုင်လောက်အောင် ဖွဲ့နွဲ့ပြီး ရေးစရာတွေ ပြောစရာတွေ အများကြီး ရှိနေကြမှာပါ၊ နေရာဒေသတိုင်းမှာ သူ့သမိုင်းနဲ့သူ သူ့အကြောင်းနဲ့သူ သဘာဝ ပတ်ဝန်းကျင် အလှတရားတွေ ရှိကြစမြဲပါ၊ ဒါတွေကို ဖော်ထုတ်ကြရင်း ထိမ်းသိမ်းစောင့်ရှောက်ကြရင် ကမ္ဘာကြီးဟာ လှပမြဲ လှပနေမှာပါ၊ လွန်ခဲ့သော နှစ်ပေါင်း တထောင် တသောင်းကျော်က အကြောင်းအရာတွေကို မှတ်တမ်းတင်စရာ ခေတ်မှီ စက်ပစ္စည်းကရိယာတွေ မရှိပါဘဲနဲ့တောင် ကျောက်တုံးကျောက်ခဲတွေပေါ်မှာ မှတ်တမ်းတင်ခဲ့သူတွေက တင်ခဲ့ကြတာပါ၊ ဒါတွေကို သမိုင်းပညာရှင်တွေ ရှေးဟောင်းသုတေသနပညာရှင်တွေက ရသမျှ မှတ်တမ်းမှတ်ရာ တွေကို ကြိုးစားရှာဖွေ ထုတ်ဖော်နေကြတာပါ၊ ဒါကြောင့်လည်း မောင်ရင်ငတေအနေနဲ့ တတ်သမျှ မှတ်သမျှ သိရှိထားတာလေးတွေကို တပိုင်တနိုင် ဖော်ထုတ်ရေးသား လိုက်ရခြင်း ဖြစ်ပါတယ်၊ အမှားများ ပါရှိပါက ပြုပြင်ပေးကြပါရန်နဲ့ စာဖတ်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်၊

မြေပုံများနဲ့ တခြားလက်လှမ်းမမှီနိုင်သော ပုံများကို အင်တာနက်ဂူဂယ်လ်မှ ရယူပါတယ်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts