>Mar Mar Aye – 344

>

“ပြောစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၄၄)
မာမာအေး
သြဂုတ် ၂၉၊ ၂ဝ၁ဝ

(BBC Photo)


(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံးမာအေးရဲ့ အသံလေး ကြားရတဲ့အခါအမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ပြီးခဲ့တဲ့ တပတ်က ၀ါခေါင်လ အကြောင်းတွေ ပြောမိနေရင်းက ၀ါခေါင်လမှာ နွှဲပျော် ကျင်းပလေ့ ရှိတဲ့ ‘တောင်ပြုံး’ပွဲ ဆီ သတိရတာနဲ့ အစ်မကြီး လေဘာတီ မမြရင် ဆိုသွားဖူးတဲ့ ‘တောင်ပြုံး’ သီချင်းလေးကို စခဲ့မိပါတယ်ရှင်။ မြို့မကြီးကိုလည်း သတိရတာပဲ။ သူ့အချိန် ဟုတ်ဟုတ် မဟုတ်ဟုတ် ဆိုရတာ သိပ်ပျော်စရာ ကောင်းခဲ့တာကိုး။ ဘယ်မေ့နိုင်ပါ့မလဲ။ ဈေးချို သစ်သီးတန်း ကထိန်မှာ မြို့မနဲ့ နွှဲကြတုန်းက စည်လိုက်တာမှ စင်တောင် ကျိုးခဲ့တာကလား။ မန္တလေးက အဲဒါလောက် အဆို အတီး အက ကြိုက်ပေတယ်။ တောင်ပြုံးနဲ့ကလည်း သိပ်ဝေးတာမှ မဟုတ်ဘဲ။ နွားလှည်း မြင်းလှည်းတွေ ပေါတဲ့ ကမ်းနားဘက်က ရွာကလေး တရွာကနေ သွားလည်း ရောက်တယ် ရှင့်။ ဗွက်ကတော့ အလွန် ထူတာပဲ။ မတ္တရာဘက် ထွက်တဲ့ မမဥ တောင်ဘက် ထွက်တဲ့ လမ်းကတော့ ကတ္တရာလမ်းမို့ အဲဒီလမ်းက သွားကြတာ များတာပါပဲရှင်။

ရွှေတချောင်းပေါက်က လှေနဲ့ သွားလည်း ရတယ်။ မီးရထားလည်း ပြေးဆွဲပါတယ်။ မန္တလေးနန်းတွင်းက ဖြတ်မောင်းရတဲ့ မီးရထားလမ်းပေါ့ရှင်။ လှည်းယာဉ်လေးနဲ့ သွားရင်လည်း ရတယ်။ ကားနဲ့ ဆိုတာတော့ မပြောနဲ့တော့၊ တောင်ပြုံးပွဲချိန်ဆို ကြပ်နေရောပဲ။ မာအေးလည်း ကြုံတာနဲ့ တကြိမ်တော့ ရောက်ခဲ့ဖူးတယ် ရှင့်။ တောင်ပြုံးရွာဝင်က စပြီး တောင်ပြုံးနတ်နန်းကြီးပေါ် အထိ လူတွေ ကနေ ခုန်နေတဲ့ အထဲက ညပ်ပြီး ပါသွားတာ၊ မြေပေါ်ကို လမ်းလျှောက်ဖို့တောင် မလိုဘူး လို့ ပြောရလောက်အောင် စည်ကားတာ မျက်မြင်ပါပဲ။

xxx ရွှေပြုံး ငွေပြုံး ပွဲရတောင်ပြုံး ပျော်မဆုံးကြတဲ့ တို့အညာပွဲတော် လာစေချင် ဖိတ်ခေါ် သမ္ဗာန်လှေငယ် စီးခတ်လို့နော်၊ မီးရထားနဲ့ လာလိုလာနော်၊ ကားကလေးနဲ့ လာလိုလာနော်၊ လှည်းယာဉ်ကလေးနဲ့ ပိုလို့ ပိုလို့ ပျော်၊ စိတ်နှလုံး ကြိတ်ပြုံး ပိတ်ဖုံးလို့မရ တပြည်လုံး ဓလေ့ထုံး ရွှေပြုံးပွဲမှာ ပျော် xxx
[ရွှေပြုံးငွေပြုံး သီချင်းမှ]


ချစ်ဆွေတို့ အခု ကြားခဲ့ရတဲ့ သီချင်းပိုဒ်လေးက မန္တလေးက ရွာစား စိတ်မွတ္တား ရေးတဲ့ ‘ရွှေပြုံးငွေပြုံး’ သီချင်းထဲကပါ။ ဆိုင်းဆရာကြီး ကိုယ်တိုင် ရေးသား ထုတ်လုပ် ဖြန့်ချိတဲ့ ‘မပန်းဝေနဲ့ ရွှေပြုံးငွေပြုံး’ မြန်မာ့ရိုးရာ တေးများ ကက်ဆက် ခွေမှာ မာအေး ဆိုပေးခဲ့တာ နတ်သီချင်းတွေချည်းပဲ ရှင့်။ မာအေးရဲ့ ဂီတမောင် စိန်မွတ္တားကို နတ်များ တကယ် မ တယ်လား မဆိုနိုင်ဘူး။ ဂီတ အကယ်ဒမီတွေ ဘာတွေတောင် ရနေပြီ ကြားတာပဲရှင်။

ဆရာကြီးတွေ ဖြစ်ကြတဲ့ မြို့မငြိမ်း၊ ဆရာ ရွှေပြည်အေး၊ လင်းခေးလုင်တို့လည်း ‘တောင်ပြုံး’ သီချင်းတွေ ရေးခဲ့ကြပါတယ်။ ရှေးကနေ ပြန်ကောက်ရင် ၀န်ကြီး ပဒေသရာဇာတို့ မြ၀တီ ၀န်ကြီး ဦးစတို့တောင် ပါနေတာမို့ ကိုယ် ရှာဖွေလေ တွေ့ရှိလေ လုပ်ထားတာလေး မျှဝေပေးဖို့ စိတ်ကူးတာပေါ့။

ကျေးဇူးတော်ရှင် ‘စာဆို အကျော် အရှင်မဟာ ရဋ္ဌသာရ’ ဘုန်းဘုန်းကလည်း “ဆိုရေးရှိက ဆိုအပ်လှ၏။ ဆိုစများလျား ထားပချေမိ၊ ငါ့ဝန်ရှိခဲ့” လို့ ရေးသား မိန့်ဆိုထားခဲ့ပါတယ်ရှင်။ ပြောစရာ ရှိရင် ပြောခဲ့ရတော့မှ တာဝန်ကျေမှာပေါ့နော။ ကိုယ့်မြန်မာ့နယ်ပယ်မှာ ဘာတွေဟာ ဘယ်လိုဖြစ်လာတာပေါ့လို့မှ မသိလို့ မပြောတတ်လို့ရှိရင် နောင်လာ နောက်သားတွေဆို ပိုပိုဝေးကုန်ကြတော့မှာ မဟုတ်လားရှင့်။

မာအေးတို့ နိုင်ငံမှာ ‘နတ်ကိုးကွယ်မှု’ ရှိနေတာ နှစ်ပေါင်း ထောင်ချီ ကြာခဲ့ပြီပဲ။ ကမ္ဘာ့နိုင်ငံတွေမှာလည်း သူ့ဟာနဲ့သူ တနည်းတဖုံ ယုံကြည် ကိုးကွယ်မှုတွေ ရှိနေဆဲပါ။ မာအေးတို့ဆီမှာတော့ ပုဂံဘုရင် “သောဉ်လည်ကြောင်မင်း” လက်ထက်၊ သာသနာသက္ကရာဇ် ၈၈၈ ခုနှစ် အေဒီ ၄ ရာနှစ် အတွင်းက ပုပ္ပါးတောင်မကြီးမှာ နေရာတော် ပေးသနား စံစားစေတဲ့ ပန်းပဲမောင်တင့်တယ် အမည်ရ မဟာဂီရိနတ်မောင်နှမရဲ့ သနားစရာ အဖြစ်ကြောင့် အထူးပဲ ကျယ်ပြော ပြန့်ပွားခဲ့လေရဲ့။

ယုံတာမယုံတာ အပထား အုပ်ချုပ်တဲ့သူမင်း မတရားလို့ပါ၊ အင်မတန် အားခွန်ဗလနဲ့ပြည့်စုံတဲ့ ပန်းပဲသမားလေး မောင်တင့်တယ်ကို သူ့ပလ္လင် လုချေရဲ့လို့ အာဏာရူးပြီး အကောက်ကြံ ဖမ်းခိုင်း၊ ဖမ်းလို့ မရတော့ နှမလုပ်သူကို မိဖုရား မြှောက်ပြ၊ မသတ်လောက်ပါဘူးလို့ ယုံစားသွားတဲ့ မောင်တင့်တယ်ကို ပြန်ရောက်အောင် ခေါ်ပြီးတဲ့ အခါကျမှ စကားပင်မှာ ဖိုကျင်ထိုး အမျိုးဖြုတ်တော့တာကိုး။ ဒီအကျိုးအကြောင်း နှမမိဖုရားလည်း သိသွားပါလေရော သူခေါ်လို့ အကို့အသက် ဆုံးရပါပြီကောလို့ မီးတောထဲ ခုန်ချတယ် တဲ့။ ထိုင်နေတဲ့ ရာဇပလ္လင် ရွေ့မှာ စိုးလို့ ဖမ်းကြဆီးကြ သတ်ကြဖြတ်ကြ အာဏာရှင်တို့ လောဘ တရားကျ သနားလှပါတယ်။ အပါယ်မို့ ကျမှာ သေချာလို့ပါ။ ဟိုခမျာတွေက နတ်တောင် ဖြစ်သေး။ ကူဖေးတဲ့ ပုဂံဘုရင်ကိုလည်း စောင့်ရှောက်တယ်။ ကျန်စစ်မင်းကိုလည်း ကူညီ မ စ ခဲ့ဖူးတယ်။ နော်ရထာမင်း အရိန္ဒမာလှံနဲ့ ခွင်းတုန်းက တကြိမ်၊ စောလူးမင်းကို သွားခိုးထုတ်တုန်းက စောလူးမင်း အော်လိုက်လို့ အစောင့်တွေ သိပြီး ထွက်ပြေးရတော့ ရေကူးပြေးရတာဖြစ်လို့ နားနိုင်ဖို့ရာ ကျွန်းကလေး ဖန်ဆင်း ကူညီသတဲ့။ အမောပြေမှ တံငါ ယောင်ဆောင်ပြီး အောင်သာ တဘက်ကမ်းကို ပို့တယ် လို့ မှန်နန်းရာဇ၀င် ပထမတွဲ စာမျက်နှာ ၂၇၇ မှာ ဖော်ပြထားပါတယ်ရှင်။

xxx ရွှေနှင့်ယိုးမှား ပန်းစကား ထီးဇကာဖြန့်မိုး ဖြိုးဖြိုးရွှင်၊ တောင်ကြီးရှင်၊ နတ်မောင်နှမရဲ့ မင်းမဟာဂီရိ နတ်ကွန်းတွင် နေခြည်ပျိုး ရွှေကြိုးချည်မျှင်၊ နေခြည်ပျိုး ရွှေကြိုး ပဏ္ဏာသလျှင် xxx မဟာဂီရိ မသွေဆောင်နှင်း၊ သောဉ်လည်ကြောင်မင်းကို စောင့်ရှောက်ခဲ့အစဉ် xxx မင်းမဟာဂီရိ အမှန်အဖြစ် မယွင်း ကျန်စစ်မင်းကို မစခဲ့အစဉ်၊ မြန်တိုင်း နဂရာတခွင် စံနှိုင်းစရာ မမြင်၊ အိမ်တွင်းမှာပင် အုန်းဆွဲလို့ အမည်တွင် ထင်ရှား အိမ်တွင်း ဖခင် xxx
[လင်းခေးလုင်ရေး – အိမ်တွင်းမင်းမဟာဂီရိမှ]

သီချင်းသံများ ပါဝင်သော အသံလွှင့်ဆောင်းပါးကို http://www.bbc.co.uk/burmese/programmes/2010/08/100826_mma344.shtml တွင် နားဆင်နိုင်သည်

ဆက်စပ် ဖတ်ရှုဖွယ် – ပြီးခဲ့သည့် တပတ်က ထုတ်လွှင့်ခဲ့သည့် မာမာအေး၏ ဆောင်းပါး “ဝါခေါင် နဲ့ တောင်ပြုံး”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts