>Burmese in Japan produced "Irrawaddy" Movie reflecting Burmese political & socail crisis in Burma

>

အလွမ်းများနဲ့ ဧရာဝတီ ရုပ်ရှင်ဇာတ်ကား ဂျပန်ပြည်မှာ ပြသမည်
မိုးမခအထောက်တော် တိုကျို
သြဂုတ် ၂၇၊ ၂၀၁၀
လာမည့် တနင်္ဂနွေနေ့ သြဂုတ်လ ၂၉ မှာ တိုကျိုမြို့ Otsuka ဘူတာအနီးက Minami Otsuka Hall မှာ တရက်တည်း အချိန် ၃ ချိန် ခွဲပြီးတော့ ရုပ်ရှင်ဇာတ်ကားကို ဂျပန်ရောက် မြန်မာပရိသတ်အတွက် အထူးပြသမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ လက်မှတ်က လူကြီး ယန်း ၁၅၀၀ နဲ့ ကလေး ယန်း ၅၀၀ ဖြစ်ပါတယ်။ ရရှိတဲ့ ၀င်ငွေများထဲက ဒီမိုကရေစီအရေး အဖွဲ့အစည်းများကို လှူဒါန်းမယ်လို့ သိရပါတယ်။
ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားသူ ဂျပန်အသိုင်းအ၀န်းက တင်ဆက်တဲ့ ရုပ်ရှင်ဇာတ်ကား တခုဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းနောက်ခံ ဇာတ်လမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဒါရိုက်တာက သစ်သားလို့ အမည်ရပြီး သူ့ရဲ့ ဒုတိယကားပါ။ အရင်တကားကတော့ “စစ်ကျွန်မခံ ခွပ်ဒေါင်းအလံ” ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။
လူအင်အား ၇၄ ယောက် ပါဝင်တယ်။ တွဲဘက်ဒါရိုက်တာက အောင်လင်းနိုင် ဖြစ်ပါတယ်။ ဂျပန်စာတမ်းထိုး ပြနိုင်ဖို့ လိုတယ်။ ဒါမှ ဂျပန်ရုပ်ရှင်ရုံတွေမှာ ရုံတင်နိုင်မယ်လို့ ဒါရိုက်တာသစ်သားက ပြောပါတယ်။
ဇာတ်လမ်းနောက်ခံကတော့ မြန်မာပြည်ရဲ့ လတ်တလော နိုင်ငံရေး၊ လူမှုရေး အရေးအခင်းများ အကြပ်အတည်များကို ထင်ဟတ်ထားတယ်လို့ ဆိုပါတယ်။ နာဂစ်မုန်တိုင်းအပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်က ပြည်သူတွေရဲ့ ဘ၀အမောတွေ၊ ကြံ့ဖွံ့တွေရဲ့ အနိုင်ကျင့်ဖိနှိပ်မှုတွေ၊ အဲသည်ကတဆင့် ၂၀၁၀ ရွေးကောက်ပွဲ အထိကိုပါ သရုပ်ဖော်ထားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ကဗျာဆရာကြီး မင်းသုဝဏ် စတဲ့ သမိုင်းအချက်အလက်တွေကိုလည်း ထည့်သွင်းထားပါတယ်တဲ့။
အခု ကြိုတင်လက်မှတ်များ ရောင်းထားတာ ကုန်သလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဂျပန်စာတန်းထိုး မြန်မာဇာတ်ကားဖြစ်လို့ ဂျပန်တွေကလည်း လာရောက်ကြည့်ရှုမယ်လို့ မျှော်လင့်ပါတယ် တဲ့။ အခြားနိုင်ငံများမှာလည်း ပြသဖို့ ကြိုးစားမယ်လို့ ဒါရိုက်တာ သစ်သား (ဋ္ဌေးသစ်) က ပြောကြားသွားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts