>busy ministers finishing exploitation

>

အိမ်စောင့်အစိုးရ ဖွဲ့တော့မည်ဟုဆို၊
လက်ကုန်နှိုက်မှုများကို ၀န်ကြီးတို့ တက်သုတ်ရိုက် လုပ်ကိုင်
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၂၂၊ ၂၀၁၀AP သတင်းဌာနက သောကြာနေ့မှာ ရိုက်ကူးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ရုံးဖွင့်ပွဲတခုက ပြည်ခိုင်ဖြိုး ခေါင်းဆောင် ၀န်ကြီးများ၊ နောက်လိုက်များ ဓာတ်ပုံ။
နောက်၃လအကြာမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် အနိုင်ရဖို့ အစိုးရက ဖန်တီးမှာပါလို့ နိုင်ငံရေး အကဲခတ် အများအပြားက ယုံကြည်နေကြပါတယ်။


ရွေးကောက်ပွဲ ၀င်ကြမယ့် လက်ရှိ ၀န်ကြီး အဖွဲ့ဝင်တွေ မကြာမီ သီတင်းပတ်များ အတွင်း ရာထူးမှ နှုတ်ထွက်ရမှာ ဖြစ်လို့ အိမ်စောင့် အစိုးရအဖွဲ့ တဖွဲ့ ပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနောက်ပိုင်း အာဏာ လွှဲအပ်တဲ့အထိ အုပ်ချုပ်သွားမယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီး တစ်ဦးက မိုးမခကို ပြောပြပါတယ်။

ဒီလုပ်ငန်းရှင်က “လက်ရှိ တာဝန် ယူထားကြတဲ့ ၀န်ကြီးတွေထဲက ဘယ်သူမှ ဒီရာထူးကို ပြန်ရောက်ဖို့ မလွယ်ဘူး၊ နောက်တစ်ချက်ကလည်း မကြာခင် သူတို့ ရာထူးကနေ နှုတ်ထွက်ကြပြီး ရွေးကောက်ပွဲ ၀င်ကြမှာမို့ စစ်တပ်က တခြား ဗိုလ်ချုပ်တွေက အိမ်စောင့် အစိုးရ တာဝန် ယူကြမယ်၊ လက်ရှိ ရာထူး ယူထားတဲ့ ၀န်ကြီးတွေနဲ့ လုပ်လက်စ ကိစ္စ အ၀၀ကို အမြန်ပြီးအောင် လုပ်ဖို့ ကျွန်တော်တို့ကို အသိပေးထားတယ်။ သူတို့ လုပ်ပေးနိုင်တဲ့ ကိစ္စတွေရော ကျွန်တော်တို့က သူတို့ကို ပေးရမယ့် ဟာတွေပါ မြန်မြန် ဆန်ဆန် ရှင်းအောင် လုပ်နေရတယ်” လို့ လည်း သူက ရှင်းပြပါတယ်။

ဝန်ကြီးတွေက ရနိုင်သမျှ အခွင့်အလမ်းများကို ရယူ လုပ်ကိုင်နေကြတယ်လို့ သူက ဆိုပါတယ်။

“နအဖ ခေါင်းဆောင်တွေက လာမယ့် အစိုးရကို မျက်နှာသစ်တွေနဲ့ ဖွဲ့ချင်ပုံ ရတယ်။ အရင်က ပြောသလို ၀န်ကြီးတွေက သူတို့ရဲ့ ရာထူးတွေကို ခဏ အစောင့် ထားသွားပြီး ရွေးကောက် ခံရပြီး ပြန်လာမယ် ဆိုတာမျိုး မတွေ့ရတော့ဘူး” လို့ ရှင်းပြပါတယ်။

မကြာသေးမီ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာလည်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးမောင်မောင်သိမ်းက ရွေးကောက်ပွဲ ပြီးတဲ့နောက် သူအပါအ၀င် အခုလက်ရှိ ငါးလုပ်ငန်း အဖွဲ့ အမှုဆောင်များအထိ အသစ် ပြန်ဖွဲ့စည်းရမယ့် သဘောမျိုး၊ သူ့အနေနဲ့လည်း အခုလို တာဝန်တွေ ၀န်ကြီး အဖြစ်ကပါ အနားယူပြီး သူ့သားနဲ့ အတူ ပုသိမ် ကားလမ်းပေါ်မှာ ရှိတဲ့ ဆန်စက် လုပ်ငန်းပဲ လုပ်တော့မယ်လို့ ပြောဆိုသွားခဲ့တဲ့အကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ သတင်းထောက် တဦးက မိုးမခကို ဖောက်သည်ချပါတယ်။

ရန်ကုန်မှ သတင်းအယ်ဒီတာ တဦးကတော့ ကြားဖြတ်အစိုးရဆိုတဲ့ စကားလုံး ထက် အိမ်စောင့် အစိုးရလို့ ခေါ်ဆိုခြင်းက ပိုသင့်တော်လိမ့်မယ်လို့ ဆိုပါတယ်။

“ကြားဖြတ် အစိုးရ ဆိုတာက အဖွဲ့ တဖွဲ့ထဲက မဟုတ်တဲ့ ကြားလူတွေ ပါတဲ့ အစိုးရ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ အခုဟာက နအဖ စစ်အစိုးရက သူတို့ အဖွဲ့ထဲကပဲ အခြားလူတွေကို ဒီနေရာ ခဏ ထိန်းထားခိုင်းတဲ့ သဘော ဆိုတော့ အဲဒီ အသုံး အနှုန်းထက် အိမ်စောင့် အစိုးရ ဆိုတဲ့ အသုံး အနှုန်းက ပို သင့်တော်မယ်လို့” လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီးခါစ ၂၀၀၉ နှစ်ဆန်းပိုင်း ကတည်းက အရာရှိကြီးတွေဟာ ရသမျှ အကျိုး ခံစားခွင့်တွေကို ပိုမို ရယူ ကိုယ်ကျိုးရှာခဲ့ကြတာ ဖြစ်တယ်လို့ ဌါနဆိုင်ရာ ၀န်ထမ်းတွေက ပြောပါတယ်။

ဥပမာအားဖြင့် ရွေးကောက်ပွဲ မတိုင်ခင်မှာ တရား စီရင်ရေး နဲ့ ပတ်သက်လို့ လာဘ်စားမှုတွေ ပိုများလာပြီး အရင်ကလို အထက်က ထိန်းသိမ်း ပြောဆိုတာတွေ မရှိတော့ဘူးလို့ ရှေ့နေများက ပြောဆိုပါတယ်။

မနှစ်က အစပြုခဲ့တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်မှာ ရန်ကုန် နဲ့ နယ်ဘက်က မြေနှင့် စက်ရုံတွေ၊ ဆိပ်ကမ်း၊ ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ နိုင်ငံပိုင် လေကြောင်းလိုင်း၊ အမျိုးသား ဥယျာဉ် စတာတွေကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်၊ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ လက်ထဲ ရောက်သွားပါပြီ။

အစိုးရက ထိထိရောက်ရောက် မလုပ်ကိုင်နိုင်တာတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်တာဟာ ကောင်းမွန်တဲ့ ခြေလှမ်း ဖြစ်ပေမယ့် နိုင်ငံအတွက် ရသင့် ရထိုက်တဲ့ ငွေ မရတဲ့ အပြင် ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် တိုင်းပြည် နစ်နာရတယ်လို့ စီးပွားရေး ပညာရှင်တွေက ဝေဘန်ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts