>Mar Mar Aye – 343

>

“ပြောစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၄၃)

ဝါခေါင် နဲ့ တောင်ပြုံး
မာမာအေး
သြဂုတ် ၂၂၊ ၂ဝ၁ဝ(ဓာတ်ပုံများ – detengase)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံးမာအေးရဲ့ အသံလေး ကြားရတဲ့အခါအမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ဒီကနေ့ မနက်စောစောက မာအေး စာရေးနေကျ မှန်ပြူတင်းအပြင်ဘက်ဆီမှ၊ ပုလဲစီရွဲစီ မိုးစက်တို့ သုန်သုန်ချီလို့မို့၊ ညို့ညို့မှိုင်းမှောင် လဝါခေါင်မှာပါလား၊ သတိထားလာမိပါတယ်ရှင်။

ဟိုးအရင်က မိခင်ဖခင် ကျေးဇူးရှင်တို့ မွေးလ၊ ဖွားဖွားဒေါ်မြပါပေါင်း၊ ဝါဆို သံဃာတော်များ အကြောင်းပြု မိသားစုနဲ့ ကောင်းမှု အတူ လုပ်ခဲ့တဲ့ မြန်မာလပေါ့၊ မာအေးမွေးလ ဟာလဲ မြန်မာနှစ် သက္ကရာဇ် အလို ဒုတိယဝါဆို ဆိုတော့ နှစ်ထပ်ကျတဲ့ နှစ်မို့သာ “ဒုတိယဝါဆို”လ ရှိတာပါ။ နှစ်ထပ်မပါတဲ့ နှစ်များမှာ ဆိုရင် “ဝါခေါင်” လထဲ ဝင်နေမယ် ထင်တာပဲ။ ပူဇော်ထိုက်သူတို့ရဲ့ မွေးလ၊ ဘယ်လိုလ လေလဲ။ ခုနေတော့ မိုးသဲတတ်တဲ့လ၊ ဝါဆိုဝါခေါင် ရေဖောင်ဖောင်၊ သပြေသီးမှည့် ကောက်ရအောင် ဆိုတာလောက် သိတာလေ။ BBC ထုံးစံအရ ရှာဖွေလေ တွေ့ရှိလေ လုပ်ဦးမှ၊ ဗဟုသုတ ရတာပေါ့နော်။

“ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်၊ ခရာဆူးခြုံဟိုအထဲက မျော့နက်မဲကြီးတွယ်တတ်တယ်၊ ‘မျှော့နက်’ ဆိုတာ ‘ဂျို’ နဲ့လားကွဲ့၊ မြွေနဂါးတောင်ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့၊ အုန်လက်နွားလေး ထားခဲ့မယ်။ သွားကွယ်၊ သွားကွယ်”
[သပြေသီးကောက်ကဗျာ၊ ၁၁.၆.၃၁ ဆရာမင်းသုဝဏ်]


ပုလုကွေးလေး ကျောင်းတောင်မှ မရောက်သေးလဲ၊ အရပ်ထဲက ကလေးရောင်စုံဟာ ဒီကဗျာ ရကြတယ်။ ကကြတယ်။ အဲဒါဟာ “ဝါခေါင်” လို့ စကြားခဲ့တာပါပဲ။ မာအေးတို့ အောက်အရပ်က ချောင်းစပ် မြောင်းစပ်တွေမှာ ရေကြီးလို့ ရေစီးနဲ့ မျောပါလာတဲ့ သပြေသီးမှည့် ညိုညိုတတွေ ကပ်နေတတ်လေတော့၊ စားဖို့ ကစားမလို့ သပြေသီးကောက်မယ့်သူကို “မျှော့”ဆိုတဲ့ အကောင်မဲမဲ ပျော့ပြဲပြဲက တွယ်မယ်။ ကိုက်မယ်။ သတိပေးတယ်။ ခရာဆူးပင် ရှိတာလဲ သတိရစေတယ်။ တယောက်က သတိပေးတော့ တယောက်က မြွေတို့ နဂါးတို့ကိုတောင် မကြောက်ဖူး တဲ့။ ဒီတော့ ကစားဖော်ချင်း အားတင်းပေးလိုက်တယ်။ တို့လဲ မကြောက်ဖူး။ တို့ရဲ့ အုန်းလက်နွားလေး ထားခဲ့ပြီး သွားကြတာပေါ့လို့ လိုက်ရော ပေးလိုက်တဲ့ မေတ္တာစိတ်ကို မာအေး တွေ့လိုက်ပါတယ်။

“ဝါခေါင်”လို့ ဆိုရာမှာ ဝါတွင်းသုံးလအတွင်း “ဝါခေါင် လပြည့်ကျော် (၁)ရက်ကနေ တော်သလင်း လပြည့်ကျော် (၁) ရက်နေ့ အထိ” ၁ လတာ အချိန်ဟာ ဝါရဲ့ အလယ်ဗဟို ဖြစ်တဲ့အတွက် “ဝါလယ်” ဆိုတဲ့ အနက် အဓိပ္ပါယ်ကို ယူပြီး ရှေ့လူကြီးတွေက ဝါခေါင်လို့ ခေါ်ကြတာပါရှင်။

ပုဂံခေတ် တုန်းကတော့ ဒီလကို “နံကာ” လို့ ခေါ်ဆို သုံးနူန်းခဲ့တယ်လို့ ဆရာကြီး ဦးဖိုးလတ်ရဲ့ “မြန်မာလ အမည်များ” စာအုပ်မှာ ဖတ်ရဖူးပါတယ်။ “နံ” ဆိုတာ “အချိန်အခါ၊ ကာလ” လို့ အဟော ထွက်တဲ့ အကြောင်း၊ “ကာ” ဆိုတဲ့ စာလုံးကတော့ “ပြုလုပ်တယ်” ဆိုတဲ့ သဘောပါ တဲ့။ ဒါကြောင့် ဝါတွင်း ဆောင်ရွက်စရာ ကိစ္စတွေနဲ့ ပတ်သက်သုံးရတဲ့အခါ “ဝါခေါင်”လို့ ခေါ်ကြ သုံးကြတယ် တဲ့။ “ဝါခေါင်” နဲ့ အဓိပ္ပါယ် ယူရင် “ ရဟန်းတော်များ ကျောင်း၌ နေရသော မိုးသုံးလ၏ အလယ်လ၊ ဝါလယ်လ” လို့ ပြောရပါမယ်။ “နံကာ” နဲ့ အဓိပ္ပါယ် ယူရင်တော့ “လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်လ” ဆိုရမှာပေါ့၊ မြန်မာ ဆယ့်နှစ်လရဲ့ ပဉ္စမလေ၊ သိဟ်ရာသီ ဖြစ်ပါတယ်။

“မျှော်ယောင် သာသန်းတော့ သောင်ကမ်းငယ် ပြည့်လျှံ၊ နဒီငယ်ခြံသည်၊ ပြည်မင်းစံရွှေဘုံက၊ အကုန်ထူးတဲ့လကိုလေး။ ။ သိဟ်ရာသီငယ် နေမိန္ဒရ၊ ဝါခေါင်လမို့၊ တောင်များ ထွတ်စွန်၊ သရဝဏ်လဲ၊ ရောင်ရှန်တေဇာ၊ ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွယ်သည် အချိန်ကို၊ ဒေဝရိန် ပဇ္ဇုန်မှူးရယ်က၊ မြူးလှတယ်လေး”
[ဝါခေါင်လဘွဲ့ လွမ်းချင်း]


မာအေးက သီချင်းသမားမို့ သီချင်းကြားမှာ ရှာတွေ့ ဝါခေါင်လဘွဲ့ လွမ်းချင်းကလေး၊ ဘယ်သူရေးတယ် မသိသော်လဲ ဟဲပြလိုက်ပါတယ်နော်၊ “အကုန်ထူးတဲ့လ” ဆိုတာကိုး ရှင့်၊ ခေတ်ဟောင်းရုပ်ရှင် ဗိုလ်အောင်ဒင် ကားထဲက မေမေဝင်း ဆိုတဲ့ “ဆယ့်နှစ်လရာသီ သီချင်းမှာ “ရာသီသိဟ်ဝယ်၊ နေမိန္ဒရ၊ ဝါခေါင်လ လို့ တမ်းတကာရည်” အဲဒီစာဟာ ဒီလွမ်းချင်းကပါလား သိသွားရတာပေါ့၊ ခတ္တာတွေ ပွင့်တယ်။ စာရေးတံမဲချလှူတဲ့ ပြည်သူရဲ့ ပွဲတွေလဲ ရှိတယ်တဲ့။ သီချင်းစာက ပြောပါတယ်။
ဒီလွမ်းချင်းက စောပြီး ရေးခဲ့လို့လား မသိဘူးရှင့်၊ တောင်ပြုံးပွဲတော့ ထည့်မစပ်သွားတာ ဧကန်ပဲ။ ဒီပွဲက တပြည်လုံး အုံးအုံးထ သွားကြတဲ့၊ သွားကကြတဲ့ ဝါခေါင်ပွဲလေ။ ချစ်ဆွေတို့ ကြားဖူးပါလိမ့်မယ်။ အတွင် (၃၇) မင်း၊ အပြင်(၃၇) မင်းနဲ့ ပြောပြောနေကြတာပဲ မဟုတ်လား။ တောင်ပြုံးပွဲ ဆိုတာ ပုဂံခေတ် အနော်ရထာဘုရင် လက်ထက်က စခဲ့တဲ့ အပြင် (၃၇) မင်း၊ နတ်စာရင်းဝင် “ရွှေဖျဉ်းကြီးနဲ့ ရွှေဖျဉ်းငယ်” လို့ ခေါ်တဲ့ ပုပ္ပါးသား နတ်ညီအကို နှစ်ပါးရဲ့ ပျော်ပွဲဖြစ်ပါတယ်။ အဲဒီ နတ်ညီအကို နှစ် ပါးကို နတ်စိတ်ဝင်စားတဲ့ လောကမှာ “မင်းကြီး၊ မင်းလေး” လို့လဲ ခေါ်တယ်။ “ကိုယ်တော်ကြီး၊ ကိုယ်တော်လေး” ဆိုလဲ လူသိပါတယ်။ “တောင်ပြုံး” ဆိုတာကတော့ သူတို့ကို အနော်ရထာမင်းက အပိုင်စား ပေးသနားထားတဲ့ ရွာကလေးရဲ့ နာမည်ပါ။ မန္တလေးနဲ့ မဝေးလှတဲ့ မတ္တရာနယ်က တောင်ပြုံးရွာမှာ ပွဲတော့ စချိန် ရောက်နေပြီ ရှင်တို့ရေ။

“ xxx (အို တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာပြီ။ လာ. ကိုမြို့မ ကျမနဲ့တွဲသွား ပါရစီ)၂
xxx (ဟိုးနောက်ကနေ ယောက်ဖရေ ခေါ်နေသည်)၂ xxx
မြို့မအဖွဲ့ ပျို (သည်းညည်းခံ)၂ ထုံးစံပါအတည်၊ အိမ်ကို မြန်မြန်သာ ပြန်ပါ ကလေးတွေ ငိုကုန်ပြီ။ xxx ”
[မြို့မငြိမ်း၏ တောင်ပြုံးသီချင်းမှ]

(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts