>Mar Mar Aye – 342

>

“ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ်” အမှတ် (၃၄၂)

ကာချင်း နှင့် အဝေးရောက်ဘွဲ့
မာမာအေး
သြဂုတ် ၁၆၊ ၂၀၁၀
“ – – အဝေးရောက် ရာထူးက နေပြည်တော်နဲ့ အလှမ်းဝေးတဲ့ နယ်စပ်ဒေသ အရပ်တွေက ဆက်သလာတဲ့ လက်ဆောင် ပဏ္ဏာ အခွန် စတာတွေကို ကြီးကြပ်ပေးရတာ – -”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင် တပတ်က စာရေးဆရာကြီး နန်းညွန့်ဆွေ ညွှန်းခဲ့တဲ့ ပုဂိုလ်တယောက်ကို သတိထားမိလိုက်ရဲ့လားရှင်။ အဝေးရောက်မင်း ဦးအောင်ကြီး ဆိုတဲ့သူပဲ ရှင့်။ ‘အဝေးရောက်မင်း’ ဆိုတာ ကြားစတုန်းကတော့ လက်ဝဲသုန္ဒြ အမတ်ကြီးတို့လို မဲဇာ ပို့ခံရပုံမျိုးကြောင့် အဝေးရောက် ထိပ်က တတ်ကြခေါ်ကြတာများလားပေါ့လေ။ မာအေးရဲ့ ကိုယ်ပိုင် သီချင်း ကျောင်းကလေး ဖွင့်တော့ မာအေး ဆရာ စောင်းဦးဘသန်းက လာကြည့်ရှာတယ်။ ကလေးတွေကို ဘာတွေ သင်နေတုန်း။ ဘယ်လို သင်နေသတုန်း။ စိတ်မချလို့ နေမှာပေါ့ရှင်။ မာအေးက အချိန် တိုတို အတွင်း သီချင်း အကြီး အသေး စုံအောင် သင်ပေးတာ တွေ့သွားတော့မှ ဆက်လုပ် ဆက်လုပ် လို့ ကြည်ကြည်သာသာ ခေါင်းညိတ်ခဲ့တာပါ။ မာအေး လေ့လာဖို့ ‘ရကန်’ တပုဒ်လည်း အသံ သွင်းပေးခဲ့ပါတယ်။ ဆရာက ခုဆိုတဲ့ ရကန် ဆိုနည်းကို အဝေးရောက်မင်းဆီက ရပါတယ် လို့ ရကန် မဆိုမီ စကားနဲ့ မှတ်တမ်း ၀င်ပြောခဲ့တာကြောင့် အဝေးရောက် ဆိုတာ ဘာဖြစ်လို့ ရောက်သွားတာလဲ လို့ မေးဖြစ်တာကိုး။ ဆရာက ခွက်ထိုးခွက်လန် ရယ်ပါလေရော။ အဝေး ဆိုတာနဲ့ မဲဇာပို့တာမျိုး ထင်နေတာလား ငါ့သမီးရယ်။ မဟုတ်ပါဘူး။ အဝေးရောက် ဆိုတာ ရာထူး ဂုဏ်ထူး တခုရဲ့ နာမည်ပါ။ ရှင်ဘုရင်တွေက သူတို့ရဲ့ စက်တော်ဆောင်မှာ သူတို့ ယုံကြည် စိတ်ချတော်မူတဲ့ ဂီတ ကဗျာ စာပေ အတီးအမှုတ် အိပ်ပျော်အောင် လုပ်နိုင်တဲ့သူတွေကို ဘုရင်နဲ့ အနီးကပ်ဆုံး စောင့်ရှောက်ရတဲ့ ကွမ်းရေတော်ကိုင် ရာထူး၊ စာတော်ဖတ် ရာထူး၊ အဝေးရောက် လို့ ခေါ်တဲ့ ရာထူးတွေ သတ်မှတ် ပေးသနား အနားမှာ ထားတတ်ပါတယ်။ အဝေးရောက် ရာထူးက နေပြည်တော်နဲ့ အလှမ်းဝေးတဲ့ နယ်စပ်ဒေသ အရပ်တွေက ဆက်သလာတဲ့ လက်ဆောင် ပဏ္ဏာ အခွန် စတာတွေကို ကြီးကြပ်ပေးရတာ လို့ ပြောပြသွားမှ သိခဲ့တာပေါ့ရှင်။

အခု ကိုယ် အရွယ် ရလာမှ အဝေးရောက်မင်း ဦးအောင်ကြီး အကြောင်း စပ်စု လေ့လာတဲ့အခါ ဒီဆရာကြီးဟာ ငစဥ့်ကူးမြို့ စီရင်စု ဆီသည်ရွာစားပါ တဲ့ရှင်။ ပုဂံမင်းပြောက် လက်ထက်တော်မှာ လက်ယာရွှေတောင်ဘွဲ့နဲ့ စားတော်ကွမ်းရေကိုင် ရာထူးနဲ့ ‘အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား’ များ ရေးသားခဲ့ပါတယ်။

နေမျိုးစည်သူကျော်စွာ၊ နေမျိုးမင်းထင်ကျော်ခေါင် ဘွဲ့တွေ လည်း ရခဲ့သူပါရှင်။ စာပေကျမ်းဂန် လင်္ကာဂီတ ဘက်မှာလည်း ကျွမ်းကျင် နှံ့စပ်တာမို့ ရတနာပုံ မန္တလေးနေပြည်တော်မှာ အလွန် ထင်ရှားခဲ့တာပေါ့။ အဝေးရောက်မင်း ခေါ်တဲ့ ပညာရှိကြီး ထံမှာ သိပ္ပံ မောင်ဝ၊ ပညာဝန်ဦးဖိုးကျား၊ ရွှေပြည် ဦးဘတင် တို့က ရှေးဟောင်း စာပေ နန်းစဉ် အဖြစ်အပျက် ဗဟုသုတများ ယူရပါသတဲ့။ ရှေးသီချင်းကြီး သီချင်းခန့် ရတု၊ ရကန်၊ အဲအန် လူးတား တောလား မော်ကွန်းတွေကို ဒေါ်စောမြအေးကြည်၊ ဒေါ်ဒေလီညွန့်၊ ဒေါ်မေသန်း၊ ဒေါ်စိန်သုံ၊ ဒေါ်ငွေမြိုင် တို့က ဆည်းပူးကြသတဲ့။ ဒီလို လက်ဆင့်ကမ်းမှု ရှိခဲ့လို့လည်း ဆရာ့ ဆရာများက စံထားတဲ့သူ ဖြစ်တော်မူတာ နေမှာပါ။

ဆရာနန်းလည်း မာအေး ပူဆာထားတဲ့ ကာချင်းကဗျာ အကြောင်း ပြောတဲ့အခါ ကာချင်းကို အဝေးရောက်မင်း အသံသွင်းမသွားဘူး လို့ ဆိုပါတယ်။ နားဆင်ကြည့်ပါနော်။

(နန်းညွှန့်ဆွေ အသံနှင့်-) ‘ကာချင်း’ ဆိုတာကတော့ အဝေးရောက်မင်း အသံသွင်းထားတဲ့အထဲမှာလည်း မပါဘူး။ အဲဒီတော့ ကာချင်းကို ဘယ်လို ဆိုရမယ် ဆိုတာလည်း သိမီတဲ့သူ မရှိကြဘူး။ ထင်တာကတော့ ကာချင်း ဆိုတာဟာ ရဲဘော်တွေဟာ တဘက်က ညာဘက်လက်က ဓား သို့မဟုတ် လှံကို ကိုင်မယ်။ လက်ဝဲဘက်က ‘ကာ’ကို ကိုင်ရတယ်။ ‘ကာ’ ဆိုတာ မှန်ချပ်ကြီးကြီးလောက် ရှိမယ်။ သံနဲ့ လုပ်တယ်။ ကြေးနဲ့ လုပ်တယ်။ တဘက် ထိုးလိုက်တဲ့ လှံ သို့မဟုတ် ဓားကို ‘ကာ’ နဲ့ ဆီးပြီးတော့ လက်နဲ့ကာရတယ်။ ကာပြီးတော့ ကိုယ် လက်နက် ရှိတဲ့ဟာနဲ့ သူ့ကို ပြန်ပြီးတော့ ထိုးရ ခုတ်ရတယ်။ အဲဒီတော့ ကာကို ကိုင်ပြီးတော့ ရှေးကလူတွေက (group dance) ပေါ့လေ စုပေါင်းပြီးတော့ ဆိုတဲ့ ကဗျာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ စဉ်းစားကြည့်ရတာကတော့ စုပေါင်းပြီးတော့ တယောက်က ခေါင်းဆောင်ပြီးတော့ ရှေ့ကဆို၊ နောက်ကလူတွေက လိုက်ပြီးတော့ သူဆိုတဲ့ဟာကို ဆက်ပြီးတော့ ဆိုကြတဲ့ စုပေါင်း ကကြတဲ့ ဟာမျိုး ဖြစ်ပါလိမ့်မယ်။

xxx တာဝတိံသာ၊ နတ်ရွာလော ၊ နတ်ရွာလော
တာဝတိံသာ၊ နတ်ရွာလော ၊ နတ်ရွာလော
ဟုတ်တည်း ၊ ရှင်ရင်း ရှင်ရင်း၊ ဟုတ်တည်း ၊ ဆွေရင်း ဆွေရင်း၊
ဟုတ်တည်း ၊ သီရင်း သီရင်း၊ ဟုတ်တည်း ၊ သီရင်း သီရင်း၊
မြင်စိုင်း ရွှေပြည် ရွှေပြည်၊ မြင်စိုင်း ရွှေပြည် ရွှေပြည်
မြင်စိုင်းရွှေမြေ ၊ ပန်းသင်းခွေ၊ ပင်ခြေ ခြုံတက်နွယ် ခြုံတက်နွယ်
တောင်လေရှုန်းရှုန်း မိုးခတ်အုန်း၊ ကင်းပုန်းပွင့်ချီချယ် ပွင့်ချီချယ်
နွယ်ပန်းခွာညို သင်းပေကို၊ ပြာသို ဆောင်းလလယ် ဆောင်းလလယ် xxx

အဲဒီလို အော်ပြီးတော့ စုပေါင်းပြီးတော့ လှည့်ပြီးတော့ ကကြတဲ့ ကဗျာ လို့ ဆိုပါတယ်။

ဆရာ နန်းညွန့်ဆွေ ပြောပြသွားတဲ့ ကာချင်း အကြောင်းကတော့ အဲဒါလောက်ပါပဲ။ အခု ရွတ်သွားခဲ့တဲ့ ‘တာဝတိံတာ နတ်ရွာလော’ အစချီတဲ့ ကာချင်းပိုဒ်ဟာ ‘တစ်မောင်း တစ်မောင်း’ အစချီ ကာချင်း ကဗျာထဲက အပိုင်း တပိုင်းပါတဲ့ရှင်။ သက္ကရာဇ် ၇၀၄ ခုနှစ်က မြင်စိုင်းမြို့မှာ နန်းတက်ခဲ့တဲ့ ‘ငါးစီးရှင်ကျော်စွာ’ ကိုယ်တိုင် ရေးသားသီကုံးတဲ့ ကာချင်းကဗျာ ဖြစ်ပြီး ကိုယ်တိုင် ဆိုတယ်၊ ကိုယ်တိုင်လည်း ကခဲ့ပါတယ် တဲ့။ ကိုယ်တိုင် ကတော်မူတဲ့ အကြောင်း စာတမ်း တွေ့တယ် လို့ မှော်ပီ ဆရာသိန်းကြီး စုဆောင်းရေးသားခဲ့တဲ့ ‘ပေါရာဏဒီပနီကျမ်း’ ပထမတွဲမှာ ဖော်ပြထားပါတယ်။ ‘တစ်မောင်း’ ကာချင်း ကဗျာကို သေချာလေ့လာချင်သပ ဆိုရင်တော့ ပုဂံဝန်ထောက်မင်း ဦးတင် ရေးသားတဲ့ ‘ကဗျာဗန္ဓသာရ’ကျမ်း ရှာကြည့်နိုင်ပါတယ်ရှင်။

ကာချင်းကဗျာများဟာ ပုဂံခေတ်နှောင်းပိုင်းမှာ အထူး ခေတ်စားခဲ့ပါတယ်။ ကဗျာသာ မကပါဘူး ‘ကာ’ရေးပြ ကစားတာ၊ ‘ကာ’ ကတာတွေဟာလည်း နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့ ပြာသိုလ မြင်းခင်းသဘင်နဲ့အတူ ကာရေးသဘင် ဆိုပြီး ပူးတွဲကျင်းပတဲ့အကြောင်း ‘ငါးစီးရှင်ကျော်စွာ’ လက်ထက်မှာ ၀ဲယာဆိုင်းတော်သားများကို ၀တ်ကောင်းစားလှများ ဆင်ယင်စေပြီး မြေနန်းသဘင်မှာ သာယာစွာ တီးမှုတ်စေတယ်။ ပျော်ပွဲသဘင်ခံ စစ်မောင်းသံ တချိမ့်ချိမ့် ရှိခဲ့တယ်လို့ မောင်သုတရဲ့ စာဆိုတော်များ အတ္ထုပ္ပတ္တိမှာလည်း ဖတ်ရပါသေးတယ်ရှင်။


(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts