>U Hla’s great works

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၁)

လူထုဦးလှ၏ လေးစားဖွယ် စွမ်းဆောင်မှုများ
ထိန်လင်း
သြဂုတ် ၁၆၊ ၂၀၁ဝ
လူထု ဦးလှ ထုတ်ဝေခဲ့သည့် လူထုသတင်းစာ (ဓာတ်ပုံ – wiki)



မြန်မာတိုင်းရင်းသားပုံပြင်တွေနဲ့ ကျေးလက်ပုံပြင်တွေကို ကိုယ်တိုင်မေးမြန်း စုဆောင်းပြီး ရေးသားသူတွေထဲမှာ လူထုဦးလှဟာ ထိပ်ဆုံးက ရှိနေပါတယ်။ အခုထိ ပုံနှိပ်ထုတ်ဝေပြီး ပုံပြင်စာအုပ်ပေါင်း ၆ဝ လောက်ရှိပြီး စုစည်းထုတ်ဝေမှုမပြုရသေးတဲ့ ပုံပြင်တွေလည်း ရှိနေဦးမယ်လို့ ယူဆရပါတယ်။

သတင်းစာမှတ်တမ်းများဖြစ်တဲ့ ‘သတင်းစာများပြောပြတဲ့ စစ်တွင်းဗမာပြည်’ စာအုပ် ၄ တွဲ၊ သတင်းစာများသည် သမိုင်းကို ပြောနေကြသည်၊ သတင်းစာများက ပြောပြတဲ့ စစ်ပြီးစ ဗမာပြည်၊ နှစ် ၁ဝဝ က အောက်ပြည်အောက်ရွာ စတဲ့ စာအုပ်တွေဟာလည်း သမိုင်းမှတ်တမ်း၊ သတင်းစာမှတ်တမ်းတွေကို တစုတစည်း ရှာဖွေလေ့လာနိုင်တဲ့ စာအုပ်တွေဖြစ်ပါတယ်။ လေနှင့်အတူ၊ ထောင်နှင့်လူသား၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ၊ အားလုံးနေကောင်းကြရဲ့လား၊ ဇနီးနှင့် သားသမီးများသို့ ထောင်တွင်းမှ ပေးစာများ အစရှိတဲ့ ထောင်စာအုပ်တွေ ကလည်း သူနဲ့ သူ့မိသားစုအကြောင်း သာမက သာမန်အကျဉ်းသားတွေရဲ့ ဘဝပုံရိပ်၊ ခေတ်စနစ်ပုံရိပ်တွေကို ဖော်ပြထားတဲ့ စာအုပ်တွေဖြစ်ပါတယ်။ ဆေးလိပ်၊ အရက်၊ ဘိန်းဖြူတို့ ရှောင်ရှားဖို့ ရေးသားခဲ့တဲ့ စာအုပ်တွေ၊ ခေတ်ပုံရိပ်နဲ့အတူ သဘောထားအမြင်တွေကို ဖော်ပြထားတဲ့ ‘သောင်းပြောင်းထွေလာ ရေးချင်ရာရာ’ ဆောင်းပါးတွေဟာလည်း တန်ဖိုးရှိလှပါတယ်။

လူထုဦးလှ ရဲ့ ဇာတိက ညောင်လေးပင်မြို့အနီးက ပုဇွန်မြောင်းကျေးရွာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန္တလေးသားတစ်ဦးလို ဖြစ်ခဲ့ပြီး ကွယ်လွန်သည်အထိ မန္တလေးမှာနေထိုင်ရင်း စာပေတာဝန်၊ နိုင်ငံရေးတာဝန်တို့ ထမ်းဆောင်ခဲ့ပုံကို ကဗျာဆရာ မောင်စွမ်းရည်က အခုလို ပြောပြပါတယ်။
“သူကတော့ ရောက်ရာအရပ်မှာ ဦးဆောင်မှု ပေးနိုင်တာကိုး။ ၁၉၃၉ ခုနှစ်မှာ ဒေါ်အမာနဲ့ အိမ်ထောင်ပြုပြီးတော့ မန္တလေးကို ပြောင်းသွားတယ်။ ပြောင်းသွားတော့ သူနဲ့ ဘာပါသွားလဲဆိုတော့ သူ့ကိုလက်ဆောင်ပေးထားတဲ့ ဘုရားစေတီလေးတစ်ဆူနဲ့ စာအုပ်တွေပဲ ရှိတယ်။ အဲဒါတွေ ယူသွားပြီးတော့ ဒေါ်အမာတို့ဆီ လိုက်နေတာ၊ ‘ဆံထုံးနောက် ရောင်ပါ’ ပေါ့လေ လိုက်နေတယ်။ လိုက်နေတဲ့အခါကျတော့ စစ်ကြီးဖြစ်လာတော့ စာရွက် စက္ကူတို့ဘာတို့ဆိုတာလည်း အခက်အခဲရှိလာတယ်။ အဲဒီအခါမှာ ကြီးပွားရေးမဂ္ဂဇင်း ဆက်ပြီး ထွက်ဖို့ရာ မလွယ်တော့ဘူး။ မီးခြစ်ထုပ်တဲ့စက္ကူတို့ ပြက္ခဒိန်ထုတ်တဲ့စက္ကူတို့ တစ်ဖက်လွတ်တွေ ယူပြီးတော့ သူက စာအုပ်တွေ ရိုက်တယ်။ တောရွာတစ်ရွာကို ပုံနှိပ်စက်ပါ ရွှေ့သွားရတယ်လေ။ ဂျပန်ခေတ်မှာကို သူက စာအုပ်ထုတ်နိုင်အောင် လုပ်ခဲ့သေးတာပဲ။ လုပ်ပြီးတော့ နိုင်ငံရေး စည်းရုံးရေး၊ အာရှလူငယ်နဲ့ ဖဆပလ ကို သူလုပ်ခဲ့တာပဲလေ။ ဖက်ဆစ်တော်လှန်ရေးက အင်မတန် အန္တရာယ်များတယ်။ သက်စွန့်ဆံဖျား လုပ်ခဲ့ရတာ။

မန္တလေးရောက်တဲ့အခါကျတော့ စာအုပ်ထုတ်တဲ့လုပ်ငန်းကို ဆက်ပြီးတော့ လုပ်တယ်၊ စစ်အတွင်းမှာ သူများမထုတ်နိုင်တာကို ထုတ်တယ်။ စစ်ကြီးပြီးတဲ့အခါကျတော့ လူထုဂျာနယ်ကို အရင်ထုတ်တယ်၊ ပြီးတော့ လူထုသတင်းစာ ထုတ်တယ်”

ထောင်ထဲမှာ ၃ နှစ် ၃ လ နဲ့ ၇ ရက် နေထိုင်ခဲ့ရတဲ့ ၁၉၅၃ ခုနှစ် အဖမ်းခံရပုံကိုလည်း ဆရာ မောင်စွမ်းရည်က ခုလို ရှင်းပြပါတယ်။

“၅၃ ခုနှစ်မှာ ဖဆပလ ကျူးကျော်ရပ်ကွက်ဆိုတာ ရန်ကုန်မှာ ရှိတယ်။ အဲဒီ ရပ်ကွက်သတင်းတစ်ခုမှာ မှားပြီးတော့ ထည့်လိုက်တယ်။ အဲဒါကို မှားမှန်းသိလို့ နောက်တနေ့ကျတော့ ပြင်ဆင်ချက်လည်းထည့်တယ်။ ထည့်ပေမယ့် အဲဒါကိုအကြောင်းပြုပြီးတော့ ဖမ်းတယ်။ ဖမ်းပြီးတော့ အဲဒါ အာမခံ ပေးလို့လည်းရတယ်၊ ဒါပေမယ့် အဲဒါကို ဘာမှလက်မခံဘဲနဲ့ မန္တလေးကနေ ရန်ကုန်ကို ဖမ်းခေါ်သွားတယ်။

ဘာဖြစ်လို့လဲဆိုတော့ မတော်မတရား ဖြစ်မှာစိုးလို့ တဲ့။ ဘာလို့ဖြစ်ရမလဲ ဆိုတော့ ဦးလှ ပါဝင်တဲ့ အဖွဲ့အစည်းပေါင်း မန္တလေးမှာ ၂၅ ဖွဲ့လောက် ရှိတယ်၊ ဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့ နာယကတို့ စပြီးတော့ ပါထားတာ။ ဥပမာဆိုပါတော့ ဗထူးကွင်းဆိုတာ သူလုပ်လာတာလေ။ မန္တလေးမြို့ပေါ်မှာ လူအိုရုံ ဖြစ်အောင်တို့၊ သာသနာ့တက္ကသိုလ်တို့ဖြစ်အောင် နောက်ဆုံးထိအောင် အသင်းအဖွဲ့အစည်းတွေနဲ့ လုပ်သမျှသူချည်းပဲ။ လူမှုရေးကိစ္စတွေလေ သူလုပ်တာတွေချည်းပဲ။ ဥပမာ – ဆေးရုံမှာ သွေးလှူဖို့ကိစ္စတို့၊ ဆေးရုံမှာ လေအေးစက်မရှိလို့ ကလေးတွေ လူကြီးတွေ သေကြရတာလေ၊ နွေရာသီမှာ ဖျားလို့ရှိရင် အပူချိန်လွန်ပြီးတော့ သေတာတွေရှိတယ်။ အဲဒါ ရေခဲနဲ့အုပ်ရတာတို့ ဘာတို့ဆိုတာမျိုးတွေနဲ့ လုပ်ကြရတာ။ အဲဒီအခါမှာ အအေးစက်ရှိအောင် သတင်းစာနဲ့ စည်းရုံးလှုံ့ဆော်ပြီးတော့ အဖွဲ့တွေ ဖွဲ့၊ အဲဒီတော့ ဘုန်းကြီးတွေအားလုံးကပါ သူ့ကိုကြည်ညိုကြတော့ ကွန်မြူနစ်ဝါဒကို မုန်းတယ်ဆိုတဲ့ ဘုန်းကြီးတွေကလည်း ဦးလှကျတော့ ထောက်ခံကြတယ် မထိနဲ့တဲ့။ ရဟန်းပျိုသမဂ္ဂတို့ဘာတို့ကလည်း သူ့ထောက်ခံတယ်။ လက်ဝဲသမားတွေကလည်း ထောက်ခံတယ်ဆိုတော့ ဦးလှက လက်ဝဲအုပ်စုကို ခေါင်းဆောင်လိုက်ပြီးတော့ သူတို့ကို အန္တရာယ်ဖြစ်နေမှာဆိုပြီး ဖမ်းပြီးတော့ ရန်ကုန်ပို့ပြီးတော့ နောက်ကျတော့ ပုဒ်မ ၅ နဲ့ ပြောင်းတပ်ပြီးတော့ ပုဒ်မ ၅ နဲ့ ဖမ်းပစ်လိုက်တာလေ”

အဲဒီလို ထောင်ချလိုက်တဲ့အခါ ဦးလှက ဘာတွေ လုပ်ကိုင်ခဲ့ပါသလဲ။ စာပေ ပန်းချီ အနုပညာရှင် ဦးဝင်းဖေ က အခုလို ပြောပြပါတယ်။

“ထောင်ထဲရောက်သွားလည်း သူက အကျိုးရှိရာရှိကြောင်းတွေ လုပ်တယ်ဗျ။ လုပ်တော့ကာ နည်းတာမှာ မဟုတ်တာဗျ၊ သူက ထောင်ထဲကနေပြီး ကုန်ကြမ်းတွေ ယူလာတာ။ သူ ကွယ်လွန်သာသွားရော အဲဒီကုန်ကြမ်းတွေ ကုန်မသွားဘူး ကျနော်ထင်တယ်။ ထောင်ထဲကလည်း တစ်ခါတည်း ရောက်တာမဟုတ်ဘူး။ အဲဒီတော့ အဲဒါတွေကို အကျိုးရှိရာရှိကြောင်း ပြန်ပြီးတော့ အသုံးပြုတာပဲဗျ။ ဘယ်လောက် အသုံးပြုလဲဆိုတော့ ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ နိုင်ငံတကာ စာပေဆုတောင် ရတာပဲ။ အဲဒီလိုဗျ၊ သူက နေရာတကာ အကျိုးရှိအောင်လုပ်တာ။

လုပ်တော့လည်းဗျာ ရှင်းရှင်းကြီးပါ၊ အေးဗျာ ကျုပ်တော့ ထောင်ထဲရောက်သွားပြီ။ ကျုပ်က ကျန်းမာရေး လိုက်စားတဲ့လူဗျ၊ ထောင်ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျုပ်လုပ်စမ်းပါရစေ ဘာညာနဲ့ပေါ့ဗျာ။ အဲဒီခေတ်တုန်းကလည်းဗျာ နိုင်ငံရေးဆိုတာက အထူးဗျ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ထောင်ကျလာတဲ့လူက နိုင်ငံရေးအကျဉ်းသားဆိုတာက ရိုးရိုးထောင်ကျနဲ့ တူတာမှမဟုတ်တာ။ အေ ကလပ်စ် တို့၊ ဘီကလပ်စ် တို့ အဲဒီလို ပေးရတယ်ဗျ။ ပေးရတာနဲ့ သူတို့က တကယ့်လူကြီးလူကောင်း ဖြစ်နေတာနဲ့၊ ထောင်အာဏာပိုင်တွေနဲ့ ပြောတဲ့ဆိုတဲ့အခါမှာ ထိရောက်အောင် ပြောနိုင်တာနဲ့ဘာနဲ့ ဆိုတော့ ထောင်ထဲမှာ အားကစားပွဲတွေဘာတွေ ကျင်းပတယ်ဆိုတာ လူထုဦးလှ ရှိတုန်းက ကျင်းပခဲ့တဲ့ အားကစားပွဲတွေက သိပ်ကြီးကျယ်တာ။ အပြင်က ဒိုင်တွေ ဘာတွေခေါ်၊ ဘာလုပ်ညာလုပ်ပေါ့ဗျာ။ သူ့ကြောင့်မို့ သူ့မိတ်ဆွေတွေလည်း ထောင်ထဲရောက်ကုန်တာတွေလည်း ရှိတယ်”

“ဆိုလိုတာက ထောင်ထဲ ထောင်ကျသွားတာတော့ မဟုတ်ပါဘူး။ ထောင်ထဲရောက်သွားပြီး အားကစားပွဲ ကျင်းပကြရရှာတာ။ မိတ်ဆွေတွေက ပြောတာပေါ့၊ ခင်ဗျားကြောင့် ကျုပ်တို့လည်း ထောင်ထဲရောက်ရတာ တဲ့။ အဲဒီလို လူကြီးဗျ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ထောင်ထဲမှာ အားကစားပွဲတွေ ကျင်းပတာ။ မည်ကာမတ္တ မဟုတ်ဘူး။ အဲဒီလိုလုပ်ပြီးတော့ ထောင်သားတွေလည်း အင်တာဗျူးလုပ်တာပေါ့ဗျာ။ အင်တာဗျူး ဆိုတာ တနေ့ မနေ့ကမှ မြန်မာပြည်မှာ ခေတ်စားလာသလိုပဲဗျ။ ပြောကြပါစို့ အင်တာဗျူးလုပ်တာ ခေတ်စားလာတာ ဘာမှ မကြာသေးဘူးဗျ။ ရှိလှရင် အနှစ် ၃ဝ ပဲ။ လူထုဦးလှက ဟို အနှစ် ၆ဝ လောက်ကတည်းက လုပ်လာသလိုပဲ။ အဲဒီလို အင်တာဗျူးကို အစောကြီး သဘောပေါက်တဲ့ သတင်းစာဆရာကြီးတွေပေါ့ဗျာ”

ပြည်သူလူထုဘက်က ရပ်တည်ခဲ့တဲ့ လူထုဦးလှ ကို ခေတ်အဆက်ဆက် ဖမ်းဆီးထောင်ချခဲ့သလိုပဲ လူထုသတင်းစာ အပိတ်ခံရတာ၊ သတင်းစာတိုက်ကို ဒိုင်းနမိုက်နဲ့ အခွဲခံရတာ၊ မိသားစုလိုက် အဖမ်းဆီးခံရတာတွေ ကိုလည်း ကြုံခဲ့ရပါတယ်။ လက်ရှိ စစ်အစိုးရ လက်ထက်မှာလည်း ဦးလှရဲ့ ဇာတိ ပုဇွန်မြောင်းကျေးရွာမှာ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ လှူဒါန်းထားတဲ့ စာကြည့်တိုက်၊ ကျေးရွာအထက်တန်းကျောင်းက စာသင်ဆောင်၊ ဘုန်းကြီးကျောင်းတို့ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါကြောင့် အရင်တုန်းက တံခါးမရှိ ဓားမရှိ အမြဲတမ်း ဖွင့်လှစ်ခဲ့တဲ့ စာကြည့်တိုက်ရော၊ လှူဒါန်းထားတဲ့ စာအုပ်တွေရော မရှိတော့ပါဘူး။ ဖျက်လိုက်တဲ့ အဆောက်အအုံတွေက တိုင်တွေ သစ်တိုသစ်စတွေကိုတောင် ပြန်ပြီးမသုံးရဘူး တားမြစ်ထားတဲ့အတွက် အဲဒီသစ်တွေဟာ အခုထိ အပုံလိုက် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူထုဦးလှ၊ လူထုဒေါ်အမာ အပါအဝင် ပြည်သူလူထုအတွက် အကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေကို လူထုက ထာဝစဉ် ချစ်ခင်အမှတ်ရနေမှာပဲဖြစ်ပါတယ်။ ။

ထိန်လင်း (၁၂၊ ၁၊ ၂ဝ၁ဝ)


၂ဝ၁ဝ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts