>Saung Yun La – Still Windy Outside


>

လေရိုင်းတွေတိုက်နေတုန်းပဲ
ဆောင်းယွန်းလ
သြဂုတ် ၁၄၊ ၂၀၁၀
အဖုံးဖွင့်လိုက်တာနဲ့
လေက ခိုးယူပျံသန်းသွားတော့တာပဲ..

အမှောင်နံ့ထုံထုံ
အဲဒီ လူ့ဘုံအခန်းထဲက
တလစပ်ပစ်လွှတ် ဇွတ်ရွတ်ဖတ်နေကြတဲ့
စည်းမဲ့ ဝါးလွတ် စကားလုံးတွေကို
တလုံးစီပြန်ပြီး နေရာချထားပေးဖို့အတွက်..

မျှော်လင့်ချက်ဟာ
တစက်ချင်း တစက်ချင်း
ဟောဒီ နေညိုညို ဘဝအိုအိုရဲ့
လိုင်စင်မဲ့ ပုလင်းထဲကနေ ဖန်ခွက်ဆီ…

ဒီလိုနဲ့..
ကဗျာမဆန်တဲ့ နံနက်ခင်းတွေက
အဲဒီ နံနက်ခင်း နေရောင်ခြည်အောက်ကိုပဲ
တလှမ်းချင်းတိုးဝင်ပြီး မှောင်မိုက်နေခဲ့ရ…

သွေးဘယ်နှစ်စက် ပေးဆပ်ခဲ့ရပြီးပြီ
ဘဝဘယ်နှစ်ခါ နာခဲ့ရပြီးပြီ
ကိုဘယ်သူ မဘယ်ဝါနဲ့
ဘယ်သူဘယ်ဝါ ဘယ်မှာ ဘာဖြစ်ခဲ့ရပြီးပြီ..

ကိုယ့်အနာတမီ (Anatomy)ကို
တစချင်းပြန်ပြီး  လှီးခွဲစိတ်ဖြာကြည့်မိတော့မှ
ရုပ်ဟာ ရုပ်မှာမကပ်တော့တာကို ရိပ်မိလိုက်သလို…

စိတ်ရဲ့အဖုံးကို ဖွင့်မိလိုက်တာနဲ့
ပစ္စုပ္ပန်ကြပ်ခိုးထက်က ပုလင်းတလုံးထဲ
အတိတ်အခိုးအငွေ့တွေက တိုးဝှေ့နေရာယူကြတော့တာပဲ…။        ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts