>Regime’s Crony – Tay Za opens his private bank in Burma – "Asia Green Development"

>

ဦးတေဇပိုင် Asia Green Development ဘဏ် ပထမဆုံး ဖွင့်လှစ်ပြီ

မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၈၊ ၂၀၁၀
မကြာမီကဖွင့်ခွင့်ရထားသည့် စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး လေးဦးပိုင် ဘဏ်များအနက်မှ ဦးတေဇပိုင် Asia Green Development နေပြည်တော် ဘဏ်ခွဲကို ယခုလ ၆ရက်နေ့က ပထမဆုံး ဖွင့်လှစ်လိုက်ပြီဟု ယမန်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာကြော်ငြာအရ သိရသည်။
စစ်အစိုးရနှင့် နီစပ်သည့် လုပ်ငန်းစုံလုပ်သည့် လုပ်ငန်းရှင်ကြီးများအနက် ဘဏ်လုပ်ငန်း မလုပ်ကိုင်ရ သေးသည့် ဦးတေဇပိုင် ထူးကုမ္ပဏီ အုပ်စု၊ ဦးချစ်ခိုင် ပိုင်ဆိုင်သည့် ဧဒင်အုပ်စု၊ ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီ၊ ဦးနေအောင်ပိုင် အောင်ရည်ဖြိုး ကုမ္ပဏီတို့အနေဖြင့် ပြီးခဲ့သည့် လများအတွင်း လျှောက်ထားကာ နအဖ စစ်အစိုးရက မြန်ဆန်စွာပင် တည်ထောင်ခွင့် ပြုခဲ့သည်။
ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုပြီးနောက် ၀န်ထမ်းစုဆောင်းခြင်း၊ နေရာငှားရမ်းခြင်း သင်တန်းပေးခြင်းများ လုပ်ကိုင်လျက်ရှိ သည်ကို သတင်းများအရ သိရှိခဲ့ရပြီး နကိုစီစဉ်ထားသည့်အတိုင်း သြဂုတ်လဆန်းတွင် ဦးတေဇပိုင် Asia Green Development ဘဏ်ကို ပထမဆုံး ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
ယခုလက်ရှိ ပုဂ္ဂလိကနှင့် အစိုးရနှင့်ဖက်စပ်အပါအ၀င် ဘဏ်ပေါင်း ၁၄ ခုရှိနေပြီး ယခုအသစ်ဖွင့်လှစ်မည့် ဘဏ် ၄ခု ပေါင်းလိုက်လျင် ၁၈ ခုရှိလာမည်ဖြစ်သည်။ စစ်တပ်ပိုင် မြ၀တီဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်ပိုင် စည်ပင်သာယာဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌါနပိုင် မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ သမ၀ါယမ၀န်ကြီးဌါနနှင့် ပုဂ္ဂလိက ဖက်စပ် စီဘီ ဘဏ်၊ စီးပွားကူးသန်း ၀န်ကြီးဌါနနှင့် ပုဂ္ဂလိက ရှယ်ယာပိုင် မြန်မာ နိုင်ငံသားများဘဏ် အစရှိသည့် အစိုးရတပိုင်း ဘဏ်များ ရှိသကဲ့သို့ ရာနှုန်းပြည့် ပုဂ္ဂလိကပိုင် ကမ္ဘောဇဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ ထွန်း ဖေါင်ဒေးရှင်းဘဏ်၊ ရိုးမဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ် အစရှိသည့်ဘဏ်များလည်း လက်ရှိ လုပ်ကိုင်လျက်ရှိသည်။
၂၀၀၃ ခုနှစ်အစတွင် ပုဂ္ဂလိကဘဏ်များအနက် အကြီးဆုံးဖြစ်သည့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကို ငွေမဲခ၀ါချမှုဖြင့် နှစ်နှင့်ချီ စစ်ဆေးခဲ့ပြီး နောက်တွင် စစ်အစိုးရက ပိတ်သိမ်းစေခဲ့သည်။
ယခုလက်ရှိ ပုဂ္ဂလိက ဘဏ်များအနက် အက်ဖ်အမ်အိုင် ကုမ္ပဏီ အုပ်စုပိုင် ရိုးမဘဏ်မှာ ဘဏ်ခွဲအများဆုံးနှင့် ငွေလွှဲလုပ်ငန်းမှ ၀င်ငွေအများဆုံး ရရှိလျက်ရှိသည့် ဘဏ်ဖြစ်သည်။ စစ်အစိုးရ ခေါင်းဆောင် မိသားစုများနှင့် အကျိုးတူလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ဦးတေဇ၊ ဦးဇော်ဇော်နှင့် ဦးချစ်ခိုင်တို့ ယခုကဲ့သို့ ဘဏ်လုပ်ငန်း နယ်ပယ်ထဲသို့ ၀င်လာခြင်း အပေါ်စီးပွားရေး လေ့လာသူများက ၄င်းတို့ပိုင် ငွေမဲများအား ခ၀ါချလို၍ သို့မဟုတ် အများစုဆောင်းငွေများအား ဘဏ်နှင့် ကုမ္ပဏီ အုပ်စု တခုထည်းဖြစ်သည့် အခြားသော စီးပွားရေး လုပ်ငန်းများတွင် လှည့်ပတ်သုံးစွဲ လိုသည့် ရည်ရွယ်ချက်လားဟု သံသယဖြင့် စောင့်ကြည့်လျက် ရှိကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts