>Wine Su Khaing Thein and Group will be protested by the Burmese Democracy Activists

>

အမေရိကန်လာရောက်ဖျော်ဖြေမည့် ၀ိုင်းစုခိုင်သိန်းနဲ့ အဖွဲ့ကို ဆန္ဒပြကန့်ကွက်မည်ဟု ဆို
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၇၊ ၂၀၁၀

သြဂုတ်လ ၂ ရက်နေ့က အင်္ဂလန်သို့ ဖျော်ဖြေပွဲလာသည့် နေတိုးနှင့် မိုးယုစံတို့ကို မြန်မာဒီမိုကရေစီရေးအင်အားစုများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ အကြောင်းအရင်းမှာ စစ်အာဏာရှင်တို့၏ ၀ါဒဖြန့်ချိရေးဇာတ်ကား “အရုဏ်ဦးတွင်ဖူးသည့်ကြာ” တွင် ၀င်ရောက်သရုပ်ဆောင်ပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုများနှင့် မြန်မာပြည်အရေး သမိုင်းဖြစ်ရပ်မှန်များကို သေးသိမ်လွဲမှားအောင် ပြောဆိုပြုမူမှုများ ကျုးလွန်ခဲ့သောကြောင့် ဖြစ်သည်။

အလားတူ ထိုဇာတ်ကားသရုပ်ဆောင်တဦးဖြစ်သော ၀ိုင်းစုခိုင်သိန်း ပါဝင်သည့် အနုပညာအဖွဲ့တခုကလည်း မြန်မာ့ဒီမိုကရေစီရေး အထိမ်းအမှတ် ၈ လေးလုံး ၂၂ နှစ်ပြည့် တွင် အမေရိကန်ပြည် ဘတ်ဖဲလိုးအရပ်တွင် ကပြကြဦးမည်ဟု ဆိုရာ အဆိုပါပွဲကို မြန်မာ့ဒီမိုကရေစီရေး ဘက်တော်သားများ၊ မြန်မာမိသားစုများက ကန့်ကွက် ဆန္ဒပြကြရန် စီစဉ်နေကြသည်ဟု သိရသည်။
ထိုဖြစ်ရပ်များမတိုင်ခင်က ၀ါရှင်တန်မက်ထရိုအရပ်ရှိ မြန်မာမိသားစုများက အမေရိကန်အစိုးရထံ စာရေးသားပြီး မြန်မာစစ်အာဏာရှင်များ၏ ၀ါဒဖြန့်ချိသူများကို ပြည်ဝင်ခွင့် ပိတ်ပင်ရန် တောင်းဆိုခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း ထိုအဖြစ်မတိုင်မီကတည်းက အထက်ပါ မင်းသမီး ၀ိုင်းစုခိုင်သိန်းနှင့် အနုပညာသမားများမှာ အမေရိကန်ဗီဇာ ရရှိခဲ့ပြီး ဖြစ်ပုံရသည်ဟု ဆိုသည်။ ၀ိုင်းစုခိုင်သိန်းနှင့်အတူ မင်းမော်ကွန်း၊ ရဲလေး၊ အယ်ဆိုင်းဇီ၊ ရေဗက္ကာဝင်းတို့ အမေရိကန်သို့ လာရောက်မည် ဖြစ်သည်။
မဇ္ဈိမ သတင်းဌာနနှင့် အင်တာဗျုးသော အဆိုပါကားဒါရိုက်တာ တင်သန်းဦးက ယခုဇာတ်ကားကို မိမိစိတ်တိုင်းကျ မဟုတ်သေးကြောင်း၊ မိမိစိတ်တိုင်းကျ ရိုက်မည်ဆိုပါက ဖျော်ဖြေရေး ၈၀% နဲ့ ၀ါဒဖြန့် ၂၀ % သာ သုံးမည် ဖြစ်ကြောင်း၊ မိမိသည် စိတ်ဓာတ်စစ်ဆင်ရေးရုံးတွင် အနှစ် ၂၀ လုပ်လာသူ ဖြစ်သဖြင့် ဗြောင်စစ်ဆင်ရေး သာမက လျို့ဝှက်စိတ်ဓာတ် စစ်ဆင်ရေးနည်းများစွာကို သုံးစွဲလာသူ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့ဖြစ်ပါ၍ ယခု အဆိုပါဇာတ်ကား၏ ဂယက်သည် စစ်အစိုးရအတွက်လား၊ မြန်မာပရိသတ်အတွက်လား ဆိုသည်ကို အများက စိတ်ဝင်စားနေရပြီ ဖြစ်ကြောင်း စာနယ်ဇင်းအယ်ဒီတာတဦး က မှတ်ချက်ပေးသည်။
ဝိုင်းစုခိုင်သိန်းနှင့် အဖွဲ့ကို ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာဂီတပွဲ စီစဉ်သူအဖွဲ့တဖွဲ့က ဖိတ်ကြားထားပြီ ဖျော်ဖြေပွဲ ကျင်းပရန် လက်ကမ်းစာစောင်များ ဖြန့်ဝေလျက် ရှိသည်ကို တွေ့ရသည်။ ဆန်ဖရန်ဘေးဧရိယာ ဂီတပွဲကို စက်တင်ဘာ ၄ တွင် ကျင်းပမည်ဟု ဆိုသည်။  ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူများ၊ အဖွဲ့အစည်းများ၏ တုံ့ပြန်ချက်ကို မိုးမခမှ စုံစမ်းခြင်း မပြုရသေးပေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts