Uncategorized

Kyaw Home – Poem

သူကြီးသားမက် သူငယ်ချင်းရဲ့ သူငယ်ချင်းများ
ကျော်ဟုန်း
ဇွန် ၁၀၊ ၂၀၁၃


ရေလျင် ယဉ်ယဉ်စီးချိန်ဆိုတော့
သမိုင်းဝင်ချင်သူ သူရဲကောင်းတွေလဲ ပေါသပ။

တချိန်က ကျဉ်းကျပ်ခဲ့တဲ့ သူကြီးသားမက် သူငယ်ချင်းတွေလဲ
ဟိုသွားနိုင် ဒီလာနိုင်နဲ့  ဝင်းပ။

သူကြီးသားမက် သူငယ်ချင်းတွေကို
မုဒိတာပွား အားကိုးသူလဲ ရှိကြ။

သူကြီးသားမက် သူငယ်ချင်းတွေကို
ပုတ်ခတ်စော်ကားသူလဲ ရှိစွ။

သူကြီးသားမက် သူငယ်ချင်းတွေကို
ဖေးမသူ ၊ ပြုစုလိုသူတွေလဲ ရှိသကွ။

သူကြီးသားမက် သူငယ်ချင်းတွေအလာ
ကြိုဆိုကြ ၊ ပြည်သူတွေနဲ့ တွေ့ ဆုံပွဲလုပ်ပေးကြသူတွေလဲ ရှိသဟ။

တချိန်က သူကြီးသမက် သူငယ်ချင်းရဲ့
ရဲဘော်ဟောင်း ပြည်ပရောက် ခေါင်းဆောင်တချို့ လဲ
မြှုပ်နေ ငြိမ်နေရာက ဖြိုးကြွ နှိုးထ။

သူကြီးသားမက် သူငယ်ချင်းတွေနဲ့ 
တံခါးပိတ် Two Body Tiger say မလုပ်လိုက်ရလို့ 
ဆွေ့ ဆွေ့ ခုန် အမနာပပြောဆို
ဖွ(စ်)ဘုတ်ပေါ် ကြွဒုတ်ဆော်သူတွေလဲ ရှိသဟ။

သူကြီးသားမက် သူငယ်ချင်းတွေအလာ
ရိုးသားစွာ ငွေလှူသူတွေလဲ မနည်းကြ။

သူကြီးသားမက် သူငယ်ချင်းတွေနဲ့ အတူ
ဓာတ်ပုံတွဲရိုက်ခွင့်ရသူတို့ လဲ ပြုံးစ။

သူကြီးသားမက် သူငယ်ချင်းတွေနဲ့ အတူ
ဓာတ်ပုံတွဲရိုက်ခွင့် မရလိုက်သူတွေလဲ ကုံးကွ။

သူကြီးသမက် သူငယ်ချင်းတွေကို မကြာသေးခင်ကမှ
နိုင်ငံရေးဘဝင်ကြောင်တွေလို့  ပုတ်ခတ်စော်ကားလေသူကြီးကလဲ
သူကြီးသားမက် သူငယ်ချင်းရဲ့အနီးအနား
အတင်းကြီးလိုက်ကပ် ဓာတ်ပုံတွဲရိုက်ခဲ့တာလဲ တွေ့ ရ။

သူကြီးသားမက် သူငယ်ချင်းတွေနဲ့ 
ဘယ်တုန်းက ဘယ်မှာ ဘာညာ
နိုင်ငံရေးဆွေမျိုးစပ်ကြသူတွေလဲ ကွိကွ။

သူကြီးသားမက် သူငယ်ချင်းအရောင်နဲ့ ပါးပြောင်
ပြည်တွင်းခွင်ချက် ခွက်စုတ်ပဲရရ
ဆင်ဖြူတော်အရိပ်ခို ဖျာစုတ်ပိုက်ခင်းလိုသူတွေလဲ ခြောင်းကြ။

သူကြီးသားမက် သူငယ်ချင်းရေ..
အမျိုးမျိုးအထွေထွေ ကြုံခဲ့ရလို့ 
စိတ်မပျက်ပါနဲ့ ဦးဗျာ..
လေညှာနေသာ ဖြေသာမွေ့ ယောင်မို့ 

သူရဲကောင်းတွေနဲ့ ရောတောရှိချင်တာ လူ့ သဘာဝ
သူတော်ယောင်တွေ ဂျိုထောင်ထတာသိလဲ
ပြုံး၍လဲ နာတော်မူပါ
ထုံးဓလေ့အရမှတ် ကြည်သာတော်မူပါ။

(အကျင့်သီလနဲ့ သမိုင်းက
လူတိုင်းကို မှတ်တမ်းတင်ထားတတ်တာ သိကြ)

ဟိုက် .. ပြောကောင်းကောင်းနဲ့ လျှောက်ပြောနေမိတာ
ကိုယ့်အတွက်တောင် မေ့နေပေါ့
ဒီတခါ သူကြီးသားမက် သူငယ်ချင်းနဲ့ ကြုံခွင့်ရရင်
ကျုပ်ကိုလဲ ဓာတ်ပုံတပုံလောက်တွဲရိုက်ခွင့်ပေးပါဗျာ။

သြော်.. သူကြီးသားမက် သူငယ်ချင်းကလဲ ဝေးပ
ခင်ဗျားတို့ နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံရှိရင်
ဘာပဲဖြစ်ဖြစ် (အနည်းဆုံး)လူရှိန်မှာပေါ့
နောင်. နှစ်ပေါင်းများစွာအကြာ
သမိုင်းဝင် သူရဲကောင်းလဲ ရောယောင်ဖြစ်သွား နည်းလား
ကျုပ် သေလွန်ပြီးသွားရင်
ကျုပ် သား မြေးမြစ်တွေ ကြွားနိုင်ရင် နည်းလား
ဒီအထာနဲ့  ဒီအတွေးရလို့  ဓာတ်ပုံတွဲရိုက်ပရစေဗျာ
ကျုပ်နာမည်လဲ မှတ်သွားဦးနော် သူကြီးသားမက် သူငယ်ချင်း

သဝေထိုး ကကြီး ယပင်း ရေးချ ငသတ် – ကျော်
ဟ တချောင်းငင် နသတ် ဝတ်ဆံနှစ်လုံးပေါက် – ဟုန်း
ကျော်ဟုန်း (အချောင်သမိုင်းဝင်ချင်သူ)
သူကြီးသားမက် သူငယ်ချင်းရဲ့ …သူငယ်ချင်းရဲ့ …ရဲ့  …ရဲ့ …သူငယ်ချင်း။   ။

အညွှန်း
Two Body Tiger say = နှစ်ကိုယ်ကြား (လှောင်ပြောင်ပြောသည့် အင်္ဂလိပ်စာလုံးသုံး အပြက်)
သူကြီးသားမက် သူငယ်ချင်း = မင်းကိုနိုင်၊ ကိုကိုကြီး နှင့် ၈၈ မျိုးဆက်(ပြည်တွင်းအုပ်စု)
ဖွ(စ်)ဘုတ် = Face Book ပေါ်တွင် ဖွခြင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts