>Interview With Thee Brothers – their 2nd VDO is out

>

သီးညီနောင်နဲ့ စကားလက်ဆုံ – ဗိုလ်ချုပ်ဖခင် ဂုဏ်ပြုအငြိမ့်သဘင်

မိုးမခ
သြဂုတ် ၄၊ ၂၀၁၀
သီးလေးသီး သီးညီနောင်မောင်နှမများပါဝင် ဂုဏ်ပြုတင်ဆက်ထားသော အာဇာနည်နေ့ အမှတ်တရ “ဗိုလ်ချုပ်ဖခင်ဂုဏ်ပြုအငြိမ့်သဘင်” Live Show ဗွီဒီယို အခွေအား မကြာမီ ဖြန့်ချိတော့မည် ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်း Live Show အငြိမ့်ခွေတွင် လူရွှင်တော် ကြယ်သီး (သီးလေးသီး)၊ ပန်းသီး (သီးလေးသီး)၊ ဇီးသီး (သီးလေးသီး)၊ မင်းသမီး မြစပယ်ငုံ နှင့် ဧည့်သည်တော် ရွှေရည်တို့က ပါဝင်ကူညီ အားဖြည့်ပေးထားကြပါတယ်
သီးညီနောင် မောင်နှမများက ၎င်းတို့ကိုယ်တိုင် စာရိတ်များ အကုန်ကျခံစိုက်ထုတ်ပြီး ထိုအခွေကို ထုတ်ဝေခြင်း ဖြစ်ကြောင်းသိရှိရသည်။ 

၎င်းတို့နှင့် မေးမြန်းမိသမျှမှာ –
မိုးမခ  ။   ။   ဒီအငြိမ့်ဖြစ်ပေါ်လာပုံလေး …
ကြယ်သီး။   ။ ကိုဇာဂနာ အခုတခေါက် ထောင်မကျခင်က မင်းတို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ပြီး အငြိမ့်လေးတခု လုပ်ကြည့်ပါလားကွာ ဆိုပြီး ကျနော်တို့ ကို ပြောခဲ့ဘူးတယ်လေ။ အဲဒီအချိန်ကတည်းက ကြံစည်ခဲ့တာ အခုမှ လုပ်ဖြစ်တယ် ဆိုပါတော့။ ကိုသူရကို ကျေးဇူးဆပ်တဲ့ အငြိမ့်လေးပေါ့ဗျာ….

မိုးမခ    ။     ။ အာဇာနည်နေ့မှာ အငြိမ့်ကတယ် ဆိုတော့ သူများတွေပြောစရာဖြစ်နေမလား …
ပန်းသီး ။     ။ ကျနော်တို့က အာဇာနည်နေ့အခမ်းအနားက တပိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့ အငြိမ့်သဘင်က တပိုင်း။  အဲဒီနေ့မှာ အခမ်းအနား နှစ်ပိုင်းခွဲပြီး ပြုလုပ်တာပါ ။ အာဇာနည်နေ့ ဂုဏ်ပြုတဲ့အငြိမ့် မဟုတ်ပါဘူး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့ အငြိမ့်သဘင်ပါ ။

မိုးမခ   ။     ။ ဒီအငြိမ့်ခွေမှာ ထူးထူးခြားခြား ဘယ်လိုတင်ဆက်ထားတာတွေပါလဲ။
ဇီးသီး   ။     ။ ထူးခြားမှုကတော့ ပြက်လုံးတွေလည်း အသစ်ပါ အခုခေတ်စားနေတဲ့ ရေဘ၀ဲကိစ္စတို့၊့ ဆင်ဖြူတော်ကိစ္စတို့၊ အဲဒီအကြောင်းအရာလေးတွေကို ရယ်စရာဖြစ်အောင် တင်ပြထားတယ်။ ပြီးတော့ မကြာခင်က ကွယ်လွန်သွားတဲ့ ဘဘဦးနန်းညွန့်ဆွေ ရေးပေးတဲ့စာလေးကို တေးထပ်ပုံစံ သီဆိုခဲ့ပါတယ် ။

မိုးမခ  ။       ။  ဒီအငြိမ့်ခွေမှာ ကိုဂေါ်ဇီလာတို့၊ ကိုစိန်သီးတို့ ဘာဖြစ်လို့ မပါကြတာလဲ။
ပန်းသီး ။      ။ ကိုစိန်သီးကိုတော့ ကျနော်တို့ခေါ်ပါတယ်။ သူက ၇ ယောက် စုံမှ ကမယ် ဆိုပြီး ကဖို့ ငြင်းပါတယ်။ ကိုဂေါ်ကိုတော့ မခေါ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူကိုယ်တိုင်က ကျနော်တို့နဲ့ အငြိမ့် မကတော့ပါဘူး ဆိုပြီး တရားဝင် စာရေးထားလို့ပါ။

မိုးမခ   ။     ။ အခု သီးညီနောင်နဲ့ သီးလေးသီး ဘယ်လိုကွာပါသလဲ။ သီးညီနောင်နာမည်ကို ဘယ်လို ရွေးချယ်ခဲ့သလဲ …
ကြယ်သီး။    ။ ကျနော်တို့ရင်ထဲမှာတော့ သီးလေးသီးနဲ့ သီးညီနောင်ဟာ အတူတူပါပဲ။  ကိုစိန်သီး ပါတဲ့အခါကျရင်တော့ သီးလေးသီး နာမည်ကိုပဲ သုံးမှာပါ။ သီးလေးသီးဖြစ်ဖို့ ကျနော်တို့တွေ နှစ်ပေါင်းများစွာ ရင်းလာခဲ့ကြတာလေ။ ကျနော်တို့ အသက်ရှင်သရွေ့ သီးလေးသီးဆိုတာ အမြဲတန်းရှိနေမှာပါ။

မိုးမခ   ။     ။ အခု မြန်မာပြည်မှာ “အာရုံဦးမှာဖူးသည့်ကြာ” ဆိုတဲ့ အစိုးရ၀ါဒဖြန့်ဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာညီအစ်ကို မောင်နှမတွေကို ဘာများပြောချင်ပါလဲ …

ဇီးသီး   ။    ။ သူတို့ကိုတော့ အပြစ်မတင်ရက်ပါဘူး။ မလုပ်ချင်လည်း လုပ်ရမှာပဲကိုး။ ဒါပေမဲ့ ပြည်သူကို လွဲမှားတဲ့ပညာပေးဇာတ်ကားမျိုးတွေ ဖြစ်နိုင်ရင် မရိုက်ကြစေချင်ဘူး။ အခုဆိုရင် လန်ဒန်ရောက်နေတဲ့ ကိုနေတိုးတို့၊ မိုးယုစံတို့ကို ဆန္ဒပြ ကန့်ကွက်တဲ့ သတင်းတွေ ကြားနေရပြီ။ သူတို့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။

ပန်းသီး ။    ။ အနုပညာသမားဆိုတာ ပြည်သူက ထမင်းကျွေးနေတာလေ။ ပြည်သူစိတ်ကွက်ရင် အနုပညာသည်ဟာ ဘ၀ဆုံးတာနဲ့ အတူတူပါပဲ။ ကိုဇာဂနာတို့၊ ကိုကျော်သူတို့ဆိုရင် အနုပညာနယ်ပယ်မှာ မရှိတော့တာတောင် ပြည်သူက သူတို့ရင်ထဲမှာ ရှိနေတုန်းပဲ။ အဲဒါ ပြည်သူကို ချစ်တော့ ပြည်သူက ပြန်ပြီး ချစ်တာပဲလေ။ သူတို့လိုအနုပညာရှင်တွေဟာ လေးစားအတုယူဖို့ ကောင်းပါတယ်။

မိုးမခ  ။     ။ သီးညီနောင်အဖွဲ့သားတွေအနေနဲ့ ပြည်သူကို ဘာပြောချင်ပါသလဲ။
ပန်းသီး ။    ။ ကျနော်တို့အကြောင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော သတင်းတွေကြောင့် ကျနော်တို့ ကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေ ရှိပါတယ်။ ဘယ်လိုအခြေအနေ အခက်အခဲတွေပဲ ရှိရှိ၊
အခက်အခဲအားလုံးကို ကြိုးစားကျော်ဖြတ်ရင်း၊ ပြည်သူနဲ့ တသွေးတသားတည်း ဖြစ်တဲ့ အနုပညာရှင်တွေဖြစ်အောင် ကြိုးစားပါမယ် ။ အခုအချိန်မှာ ရှိနေတဲ့ တတ်နိုင်တဲ့ လက်တွဲလို့ရသမျှ ခွန်အားတွေ စုစည်းမှုတွေနဲ့ ကျနော်တို့ ပရိသတ်ကို ကြိုးစားပေးဆပ်သွားမှာ ဖြစ်ပါတယ်။

မိုးမခ   ။     ။ ကိုဇာဂနာကိုကော ဘာပြောချင်ပါသေးလဲ …

ဇီးသီး   ။     ။ အစ်ကိုကြီးတို့ မြပုဏ္ဏမာအဖွဲ့ဟာ ပရိသတ်ကို တာဝန်ကျေခဲ့သလို၊ ကျနော်တို့ သီးလေးသီး သီးညီနောင်အဖွဲ့ဟာလည်း ပြည်သူကို မျက်နှာမူတဲ့ အနုပညာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သွားမှာပါ လို့ ပြောချင်ပါတယ်။

မိုးမခ   ။     ။ အခုအချိန်မှာ တိုင်းပြည်ပြင်ပမှာ အနုပညာအဖွဲ့တခုအနေနဲ့ ရပ်တည်ဖြတ်သန်းနေရတဲ့ အချိန်ကာလအတွက် ကျေနပ်မှု ရှိသလား။
ကြယ်သီး ။   ။ ကျနော်တို့တတွေက တသီးပုဂ္ဂလ သီးခြားရပ်တည်ကြတာ မဟုတ်ဘဲ၊ အနုပညာအဖွဲ့တခုအနေနဲ့ အစုလိုက် ရပ်တည်ကြရတာဖြစ်တဲ့အတွက် ရင်ဆိုင် ကြုံတွေ့ကြရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ ရှိပါတယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို ပြောဆိုနေကြတာထက်၊ ကျနော်တို့အတွက် အချိန်ဆိုတာ အလွန်တန်ဖိုးရှိတယ်လို့ပဲ မြင်ပါတယ်။ ကျနော်တို့ သီးညီနောင်မောင်နှမတွေ ကိုဇာဂနာဖြစ်စေချင်တဲ့ဆန္ဒအတိုင်း  ကျနော်တို့ရဲ့ အနုပညာရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် သွားမှာပါ။ ပရိသတ်တွေအနေနဲ့ ကျနော်တို့ရဲ့ ကြိုးစားမှုလေးတွေကို အားပေး အသိအမှတ်ပြုပေးနေကြတဲ့အတွက် အမြဲတမ်း ၀မ်းသာ ဂုဏ်ယူမိပါတယ်။ အခု ကျနော်တို့ရဲ့ ဒုတိယမြောက်ခြေလှမ်း အငြိမ့်ခွေလေးကို ကြည့်ရှု သုံးသပ်ပြီး ဝေဖန် ထောက်ပြ ညွှန်ကြားကြဖို့လည်း ကြိုဆိုလျက် ရှိပါတယ်။

(သီးညီနောင်အဖွဲ့သားများ၏ ပထမခြေလှမ်းဖြစ်သော ရုပ်သံခွေမှာ – ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေး အစီအစဉ်တခုဖြစ်သော – http://www.youtube.com/watch?v=cLkp71SF7Ow သန့်ရှင်းစင်ကြည် မြစ်နဒီ ဖြစ်သည်။ ဒီဗီဘီက တဆင့်ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။  အာဇာနည်နေ့ အငြိမ့်ခန်းကို ဒီဗီဘီသတင်းမှာ ဒီနေရမှာ ကြည့်နိုင်ပါတယ် – http://www.youtube.com/watch?v=m0DwOBgwBSw )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts