>Win Pe – Win Pe Bag (99)

>

ဝင်းဖေလွယ်အိတ် ၉၉ – ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
သြဂုတ် ၄၊ ၂၀၁၀

သောတရှင်များခင်ဗျား။

ရွာစားကြီး စိန်ဗေဒါအကြောင်းအနည်းငယ်ကို တင်ပြခဲ့ရင်း စိန်ဗေဒါကြီးရဲ့ သားတပည့် မြေးတပည့်ပေါင်း အမြောက်အများ ရှိခဲ့ကြတဲ့အနက်က တမျိုးတမည်နဲ့ အလွန်တန်ဖိုးကြီးပြီး ထူးခြားတဲ့ တပည့်တဦးအကြောင်းကို တင်ပြဖို့ လိုအပ်တယ်လို့ ဝင်းဖေ စဉ်းစားမိပါတယ်။
အဲဒီပုဂ္ဂိုလ်ကတော့ မြန်မာ့ရိုးရာ မဟာဂီတလောကမှာ နေလိုလလို အလွန်ထင်ရှား ကျော်ကြားတဲ့ မြန်မာညွန့် ဦးချစ်မောင်ပါပဲ။ ဆရာကြီးဟာ မြန်မာ့ရိုးရာမဟာဂီတမှာ ခိုင်ခန့်တဲ့ ရှေးအစဉ်အလာမူတွေ ထိန်းသိမ်းဖြန့်ဖြူးရာမှာ တိကျသေချာသူ၊ စည်းကမ်းကြီးသူအဖြစ် ထင်ရှားကျော်ကြားတဲ့ ထူးခြားပညာရှင်ကြီးတယောက် ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ဂီတပိုင်း အထူးသဖြင့် တော်ဝင်နန်းသုံး မဟာဂီတပိုင်းနဲ့ပတ်သက်လို့ ခိုင်ခန့်တဲ့မူပိုင်းကို မြန်မာ့နောက်ဆုံး နန်းဆက်ရဲ့ ဂီတပညာရှင်များနဲ့ အနီးစပ်ဆုံး မန္တလေး မဟာဂီတဟာ သဘာဝအကျဆုံး ရပ်ဝန်းဖြစ်ပါတယ်။ မန္တလေး ရတနာပုံ မင်းနေပြည်တော် နန်းထွက် မဟာဂီတမူတွေဟာ အခိုင်ခန့်ဆုံး အနေအထားမှာရှိကြတယ်ဆိုတာ သဘာဝပါပဲ။ မြန်မာ့ထီးနန်းမင်းဆက် ယိမ်းယိုင်ပျက်သုန်းချိန်မှာ ဂီတပညာသည်တွေ တခြားမင်းမှုထမ်းတွေလို တခြားရပ်ဝေးဒေသတွေ ကို လွင့်ပါးသွားတာတွေ ရှိပါတယ်။

ဥပမာ မြန်မာ့ထီးနန်းမရှိတော့တဲ့နောက် မဟာဂီတပညာသည် အတော်များများကို သီဘောရှမ်းစော်ဘွားကြီးက ခေါ်ယူစောင့်ရှောက် ချီးမြှောက်ထားတာ ရှိပါတယ်။ တခြားသူဌေးသူကြွယ် ကုန်သည် လယ်ရှင် မြေရှင်တွေကလည်း အလားတူ တာဝန်ယူစောင့်ရှောက်ကြတာတွေလည်း အများကြီးရှိမှာပါ။

ဒါပေမယ့် မန္တလေးမှာ အဓိကအားဖြင့် မဟာဂီတမူရင်း ထိန်းသိမ်းရေးနဲ့ စနစ်ပိုကျအောင် အခြေချပြုစုတဲ့ စောင်းဆရာကြီး ဒေဝဣိန္ဓာ မောင်မောင်ကြီးလို ပညာသည်တွေ ကျန်ရှိနေခဲ့ခြင်းဟာ မူမှန်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ အရေးတကြီး ထည့်သွင်းစဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ ဒီတုန်းက မန္တလေးဝန်းကျင်မှာ ရှိနေခဲ့ကြတဲ့ ရွာစားကြီး စိန်ဗေဒါတို့၊ အဆို ဆရာကြီး ဦးထွန်းအိုင်၊ စူရတီလူမျိုး စောင်းဆရာ မောင်မောင်လတ်၊ ရှေ့နေကြီး ဦးခင်မောင်ထွေး၊ ပတ္တလားဆရာ ဘကလေး၊ ဆရာဘကြီး၊ မီးရထားရုံပိုင်ကြီး ဦးစံဝင်း စတဲ့ မဟာဂီတပညာရှင်တွေဟာ ဒေဝဣိန္ဓာမောင်မောင်ကြီးနဲ့ အဝေးရောက်မင်း ဦးအောင်ကြီးတို့ဆီက မဟာဂီတ မူရင်းမူမှန်တွေကို အမွေဆက်ခံ ရယူထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။

ဒီလို မူရင်းပညာရပ်တွေ မန္တလေးမှာ အခိုင်အမာရှိနေတာကို အလေးအနက်ထားပြီး သိရှိသူကတော့ မြန်မာညွန့် ဦးချစ်မောင်ပဲ ဖြစ်ပါတယ်။ မြန်မာညွန့် ဦးချစ်မောင်ဟာ ပင်ကိုယ် မူလအားဖြင့် နှဲဆရာကြီးဖြစ်ပါတယ်။ ဒါပေမယ့် မဟာဂီတမူရင်းတွေကို ခိုင်ခိုင်မာမာ ထိန်းသိမ်းတော့မယ်ဆိုရင် အကောင်းဆုံး ဘယ်ဒေသသွားပြီး ဘယ်သူ့ဆီမှာ ဘယ်လိုဆည်းပူးရယူရမယ်ဆိုတာကို ကြံဆသိရှိ ဆုံးဖြတ်နိုင်စွမ်းရှိခဲ့သူဖြစ်ပါတယ်။

အဲဒီအချိန်မှာ မြန်မာညွန့် ဦးချစ်မောင်ရဲ့ပင်ရင်းအလုပ်ဟာ ရန်ကုန်မှာဖြစ်ပါတယ်။ ရန်ကုန် အနုပညာကျောင်းမှာ လခစား နှဲဆရာ ဖြစ်ပါတယ်။ အလုပ်တာဝန်ရက်တွေက အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိဖြစ်ပါတယ်။ ဦးချစ်မောင်အနေနဲ့ မဟာဂီတကို မန္တလေးက စိန်ဗေဒါကြီးထံမှာ ပတ္တလားနဲ့သင်ယူဖို့ မရမနေသင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့ကြောင့် သောကြာနေ့ညနေ ရန်ကုန်မှာ ရုံးဆင်းတာနဲ့ ညမီးရထားကိုစီးပြီး ရထားပေါ်မှာပဲ အိပ်၊ စနေနေ့မနက် မန္တလေးရောက်၊ စနေနဲ့ တနင်္ဂနွေ နှစ်နေ့နဲ့တည ပညာသင်၊ တနင်္ဂနွေနေ့ ညရထားနဲ့ ပြန်လိုက်၊ ရထားပေါ်မှာပဲ ရအောင်အိပ်၊ တနင်္လာနေ့မနက် ရန်ကုန်ရောက်ရောက်ချင်း ရုံးပြန်တက်ရပါတယ်။

ဒီလို ပင်ပင်ပမ်းပမ်း ပညာရှာခဲ့တာ နှစ်နဲ့ချီပါတယ်။ မဟာဂီတ ရှေးသမ္ပစဉ်မူမှန်တွေကို ထိန်းသိမ်းတဲ့နေရာမှာ အလွန်စည်းကမ်းကြီးပြီး အလွန်တိကျပြတ်သားတဲ့ စောင်းဆရာကြီး ဒေဝဣိန္ဓရဲ့တပည့် စိန်ဗေဒါကြီးရဲ့တပည့် မြန်မာညွန့် ဦးချစ်မောင်ဟာလည်း ဆရာစဉ်ဆက်အတိုင်း စည်းကမ်းကြီးပြီး တိတိကျကျ ထိန်းသိမ်းမှတ်သားမှု ကြီးသလို ပြန်လည်ပို့ချ သင်ကြားဖြန့်ချိရာမှာ အလွန်စည်ကမ်းကြီးသူ ဖြစ်ပါတယ်။

မဟာဂီတမှာ မန္တလေးဂိုဏ်နဲ့ ရပ်ဝေးရောက်ဂိုဏ်းဆိုပြီး ဂိုဏ်းနှစ်ဂိုဏ်း ကွဲပြားပါတယ်။ မန္တလေးဂိုဏ်းကတော့ သဘာဝအရမူကို ထိန်းသိမ်းရာမှာ ပိုပြီးစည်းကမ်းကြီးပါတယ်။ ရပ်ဝေးရောက် ပညာရှင်များဂိုဏ်းတွေကလည်း သဘာဝအလျောက် လွတ်လပ်ခွင့်ပိုရတာကြောင့် လက်ကွက်စိပ်တာတွေ၊ အပြောင်းအလဲ အညွန့်အကွန့်တွေ ပိုပြီးများပါတယ်။ ဒါတွေဟာလည်း အနုပညာမှာတော့ အာသာချက်တွေပါပဲ။

ဒါပေမယ့် မြန်မာ့အစဉ်အလာမှာတော့ “အရိုးကိုအရွက် မဖုံးစကောင်း” ဆိုသလိုမို့ မန္တလေးဂိုဏ်းရဲ့ မူရင်းထိန်းသိမ်းမှုဟာလည်း မရှိမဖြစ် အရေးကြီးပါတယ်။ မြန်မာညွန့် ဦးချစ်မောင်ရဲ့ အစဉ်အလာ ထိန်းသိမ်းမှု အမွေဆက်ခံသူတွေကတော့ သူ့ဇနီး အမေဦး၊ မန္တလေးက သစ်စက်ပိုင် စန္ဒယား ဦးအေးမောင်၊ စန္ဒယား ဦးအုန်းမောင်၊ ဂီတလုလင် မောင်ကိုကို၊ စန္ဒယား မောင်ရီနွယ်၊ ရီရီသန့်၊ တင်တင်မြ စသဖြင့် အများကြီးရှိပါတယ်။ ဒါပေမယ့် မူရင်းတွေကို ပိုင်ပိုင်နိုင်နိုင်လေ့လာပြီး ခေတ်ကိုလည်း မျက်ခြည်မပြတ် ရအောင် ကြိုးပမ်းကြတဲ့သူတွေလည်း ရှိပါတယ်။

ထင်ရှားတဲ့ ဥပမာတော့ ဂီတလုလင်မောင်ကိုကို၊ စန္ဒယား မောင်ရီနွယ်၊ ရီရီသန့် စသူတွေဖြစ်ကြပါတယ်။ သွက်လက်မှု ခေတ်မီမှုလည်း ရှိကြရမယ်။ မူလည်းမပျက် သိက္ခာလည်းရှိကြတဲ့ အနုပညာရှင်တွေပါပဲ။ ဒေါ်မာမာအေးဟာလည်း မူခိုင်ခိုင်မာမာကို ထိန်းသိမ်းပြီး အနုပညာမြောက်အောင် စွမ်းစွမ်းတမံ တီထွင်နိုင်အား ကြီးမားတဲ့ ပညာရှင်ကြီးတွေထဲမှာ ထိပ်တန်းက ပါဝင်ပါတယ်။ မြန်မာညွန့်ဦးချစ်မောင် ကွယ်လွန်သွားပြီ ဖြစ်ပေမယ့် မြန်မာ့ရိုးရာ မဟာဂီတ မူရင်းသမ္ပစဉ်တွေ ထိန်းသိမ်းရေး အားပျော့ရော့ရဲမသွားစေကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။

ကျန်းမာချမ်းသာကြပါစေ၊ ကျနော် ဝင်းဖေပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts