>Ko Tun and Ko Lun’s talk on Burmese in Albany

>

ကိုထွန်း ကိုလွန်း ဆွေးနွေးခန်း
ဒေါက်တာမောင်ဘချစ်
သြဂုတ် ၃၊ ၂၀၁၀


ကိုထွန်း ။ ။ ကိုလွန်းရေ မနေ့က ရန်စလီယာက ဓမ္မဝါဒီအောင်မြေမင်္ဂလာ ဘုန်းကြီးကျောင်းကပွဲလေး ဟာ ချစ်စရာ မကောင်းပေဘူးလား။

ကိုလွန်း။ ။ အေးဗျာ။ မြန်မာပြည်ကို သတိရလိုက်တာ။ ဝါဆိုပွဲလေးကို လွမ်းတယ်။ အမေဆိုဆဲ ဝါဆိုပွဲ၊ လှည်းကလေးနဲ့ သွားရအောင်။ လှည်းလုပ်ရင် ကြာနေမယ်။ မဘုတ်ဆုံ တင်ပဆုံကြီး လှည်းလုပ်လို့စီး – – –

ကိုထွန်း ။ ။ တော်စမ်းပါ။ ခင်ဗျားအသံကြီး။ ခင်ဗျားဟာလေ။ ကိုလွန်း မဟုတ်ပဲ ကိုလွမ်းလို့ အမည်ပြောင်း ဖို့ကောင်းတာ ။ ခုခေတ်ဟာ ဂလုပ်ဘယ် လိုက်ဇေးရှင်းခေတ်ဗျ။ ရောက်ရာအရပ်မှာ ကြိုးစား နေထိုင်သွားရမယ်။ လွမ်းစရာတွေ ရှိသလို။ နာစရာလည်း ရှိတယ်။ ဒီတော့ တို့တတွေရဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေကို စောင့်ရှောက်ရသလို မျိုးဆက်သစ် တွေကိုလည်း အမွေ ပေးရတာပါပဲ။

ကိုလွန်း။ ။ ခင်ဗျား ပြောတာ ဟုတ်ပါတယ်။ မနေ့ကပွဲဟာ ဝါဆို သင်္ကန်းကပ်ပွဲနဲ့ ယဉ်ကျေးလိမ္မာ သင်တန်း ဆင်းပွဲ မဟုတ်လား။

ကိုထွန်း ။ ။ ဟုတ်တယ်။ ဆရာတော်တစ်ပါးက ပြောတယ်။ ဝါဆိုတဲ့ သံဃာတော်တွေကို ဝါဆိုသင်္ကန်း အလှူ အတန်းတွေ ပေးတာ သံဃာတော်တွေ ဝါတွင်း သုံးလမှာ အဆင်ပြေအောင် ပြုလုပ်တဲ့ အတွက် အထူး ကျေးဇူး ရှိတယ် တဲ့။

ကိုလွန်း။ ။ အမေရိကန်ရောက် မြန်မာပြည်က လူတွေဟာ ဒီလို ယဉ်ကျေးမှု အမွေထိမ်းသိမ်းနိုင်ဖို့ မလွယ်လှဘူး။ အလှူဒါန ဆိုတာ လှူဒါန်းသူ။ စိတ်စေတနာနဲ့ အလှူခံ ပု ဂ္ဂိုလ် ဆိုပြီး သုံးမျိုး ပြည့်စုံရတယ်။ ဒီမှာ ဘုန်းကြီးကျောင်း ရှိတာ အင်မတန် ကံကောင်းတာပဲ။ အဘ ဦးဇော်မြင့် ဆိုရင် ဘုန်းကြီးကျောင်းနားက အိမ်ကိုပဲ ရှာနေတယ်လေ။ နေ့စဉ် ဆွမ်းပို့နိုင်အောင်လို့ တဲ့။

ကိုထွန်း ။ ။ ဟုတ်ပ။ သူတို့ကြောင့်လည်း ဒီလို ယဉ်ကျေးမှုတွေ ဒီမှာ ပိုပြီး ထိမ်းသိမ်းနိုင်တာပေါ့။ အင်္ဂလိပ် စကား ရှိတယ်လေ။ If you want to civilize a man begin with his grand mother တဲ့။ လူ တစ်ယောက်ကို ယဉ်ကျေး လိမ္မာ စေချင်ရင် သူရဲ့ အဖွားကနေ စပါလို့ ဆိုလိုတာပါ။

ကိုလွန်း။ ။ မှန်လိုက်တာ ဒီမှာ ရှိတဲ့ မိဘ-ဖိုးဖွားတွေဟာ လူငယ်တွေရဲ့ ယဉ်ကျေးလိမ္မာ သင်တန်းမှာ တက်တက် ကြွကြွ ပါဝင်ခဲ့ကြလို့ ခုလို အောင်မြင်တဲ့ ပွဲကြီး တစ်ခု ဖြစ်လာတာပဲ။ ယဉ်ကျေးလိမ္မာ သင်တန်းအကြောင်း ပြောပြပါဦး။

ကိုထွန်း။ ။ ဆရာတော် ဦးအိန္ဒြိယက အမှူးပြုပြီး ကျောင်းရှိ သံဃာတော် ဦးခေမိန္ဒ၊ ဦးပညာ၊ ဦးခေမာ တို့က နွေရာသီ ကျောင်းပိတ်တိုင်း သင်တန်းလေးတွေ လုပ်ပေးတယ်လေ။ ဒီပွဲတွေမှာနှစ်စဉ် သီလရှင်ဆရာကြီး ဒေါ်စန္ဒာသီရိ နဲ့ မနန္ဒာခိုင်တို့ကလည်း ဒီရောက်တဲ့ကလေးတွေ မြန်မာစာရေးတတ်ဖတ် တတ်အောင်ကိုသင်ပြပေးတယ်။ စာရေး စာဖတ်တတ်ပြီး ယဉ်ကျေးလိမ္မာဖို့ အတော်လေး အဓိကထား သင်တယ်။

ကိုလွန်း။ ။ အင်းကလေးတွေ ဒီရောက်တော့ အင်္ဂလိပ်စာကို တတ်ဖို့ မခက်တော့ဘူး။ လူတိုင်း ကျောင်း နေရတာကိုး အင်္ဂလိပ်စာ အတော်လေး တတ်ကြပေမဲ့ မြန်မာစာကို မေ့နေကြတာပေါ့။ ခုတော့ အတော်လေး တတ်သိသွားကြတယ်။

ကိုထွန်း။ ။ တစ်ချိန်ထဲမှာ ယဉ်ကျေးမှုကို သင်ကြားပေးရတာပေါ့။ ကလေးတွေဟာ ဒီမှာ အင်္ဂလိပ် စကားတွေ တတ် လူရာ ဝင်လာတဲ့ အခါ အင်္ဂလိပ်လို သိပ်မတတ်တဲ့မိဘတွေ ကို အထင် သေးလာကြတာ ဓမ္မတာပဲပေါ့။

ကိုလွန်း။ ။ ခင်ဗျားပြောတာ သဘာဝ ကျပါတယ်။ သားသမီးတွေက ဒီမှာ ကျောင်းနေရတော့ ပညာ ဗဟု သုတ ပြည့်စုံတာပေါ့။

ကိုထွန်း။ ။ ဒီက ပညာရေးစနစ်ကလည်း ကောင်းတယ်။ လူနေမှု ပုံစံကလည်း မတူဘူး။

ကိုလွန်း။ ။ ဒီမှာက ကွန်ပျူတာတွေ အင်တာနက်တွေနဲ့။ ဘာမဆို ကိုယ်တိုင် လေ့လာရတယ် မဟုတ်လား။

ကိုထွန်း။ ။ ဟုတ်တယ်လေ။ ကိုယ်တိုင် လေ့လာမှ ပိုတတ်တယ်။ ဒါပေမဲ့ ငါတတ်တယ် ဆိုပြီး တစ်ဖက်သားကို အထင် သေးသွားတတ်တယ်။ အထူးသဖြင့် မိဘနဲ့သားသမီး အကြား ဒါဟာ ပြဿနာ အကြီးကြီး ဖြစ်လာနိုင်တယ်။ မိဘနဲ့သား သမီးအကြား နားလည်မှု ကွာဟ လာဟာဟာ ပြဿနာ အကြီးကြီးပဲ။

ကိုလွန်း။ ။ ငယ်ငယ်ကတော့ ကိုယ့်ကိုယ်ကိုယ် တယ် အထင်ကြီးတာကိုး။ ကျုပ်တို့ရုံးက စီအီးအို ပြောသလို ဖြစ်နေတယ်။

ကိုထွန်း။ ။ ဘယ်လိုမျိုးလဲ။

ကိုလွန်း။ ။ စီအီးအိုက ပြောတယ်။ ငါ ငယ်ငယ် အဖေ့ကို အထင်ကြီးတယ်။ အဖေ အားလုံး သိတယ်လို့ ထင်တယ်။ နည်းနည်းလေး ကြီးလာတော့ အဖေ သိပ်မတတ်ဘူးလို့ မြင်လာတယ်။ ကျောင်းကထွက်တော့အဖေ တစ်လုံးမှလည်း မတတ်ပါလား လို့ ထင်ခဲ့တယ်။ ငါ ဒီလိုနဲ့ အလုပ်ထဲမှာ အဖေက အကြံ ပေး ရင် အဖေ မသိပါဘူးလို့ပဲ ပြောခဲ့တယ်။ ခု ငါ့အဖေ ဆုံးသွားပြီ။ အလုပ်ထဲမှာ ပြဿနာရှိရင်။ အဖေဆို ဘယ်လို လုပ်မှာလဲ လို့ စဉ်းစားမိတယ်။ ခုအချိန်မှာတော့ ငါ့ဘဝ တစ်ခုလုံး ပုံပေးရ ပေးရ အဖေ့ကို ပြန်လိုချင်တယ်။ အဖေရှိရင် ကောင်းမှာပဲ တဲ့။

ကိုထွန်း။ ။ အင်း ။ ဒီလို မေတ္တာတွေ မင်္ဂလာတရားတွေကို မြန်မာ့ ယဉ်ကျေးမှုမှာ နေ့စဉ် ပြောဆို ဆုံးမ သင်ကြား ပေးတာပဲ။ ရင်စလီယာမှာ ကလေးတွေကို ဆုံးမ ပဲ့ပြင်ပေးတယ်။ ကလေးတွေကို ပျော်အောင် ထားတယ်။ သင်တန်း ဆင်းတော့လည်း ဆုတွေ ချီးမြှင့်တယ်။ ဆွမ်းကပ်တော့လည်း ကလေးတွေကို ကပ်စေတယ်။ နောက်ပြီး ဝါဆိုသင်္ကန်းတွေ ကပ်တော့လည်း ကလေးတွေကပဲ ကပ်ရတယ်။

ကိုလွန်း။ ။ သူတို့တတွေ သိသွား တတ်သွားတာပေါ့။

ကိုထွန်း။ ။ ဒါပေါ့။ ရေစက်ချတာကိုလည်း ကလေးတွေက ဘုန်းကြီးနဲ့အတူ လိုက်ဆိုနိုင်တယ်။

ကိုလွန်း။ ။ တယ်ဟုတ်ပါလား။

ကိုထွန်း။ ။ ဟုတ်ဆို ဆရာတော် ဦးအိန္ဒြိယက သူရဲ့ ပရဟိတ ကျောင်းမှာ ဒီလိုပဲ ကလေးတွေကို နှစ်ပေါင်း များစွာ သင်ပေးခဲ့တာပဲ။

ကိုလွန်း။ ။ သာဓုပါဗျာ။ ဒီက ဒကာတွေ ကံကောင်းတာပေါ့။

ကိုထွန်း။ ။ အားလုံး သိအောင် ရေးဖို့တော့ လိုတယ်လေ။ အများ သာဓု ခေါ်နိုင်လို့ပါ။

ကိုလွန်း။ ။ ပညာ့အမွေ ယဉ်ကျေးမှုအမွေ အပင်တွေ စိုက်နေတာပေါ့။

ကိုထွန်း။ ။ နှစ်စဉ် ဆောင်ရွက်သွားဖို့နဲ့ အားလုံး ကြိုးပမ်းတာတွေကို မှတ်တမ်း တင်ပါစို့


( ၂ဝ၁ဝ ခုနှစ် သြဂုတ်လ ၁ရက် နေ့က ရန်စယ်လီယာ ဓမ္မဝါဒီ အောင်မြေ မင်္ဂလာကျောင်းတိုက် ဝါဆိုင်္ကန်းကပ်ပွဲနှင့် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အမှတ်တရ)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts