>SPDC’s latest way to make money

>

ရန်ကုန်မှာ ဝစ်သောက်ကားတွေ လိုင်စင်စတင်ပေးပြီ၊
စစ်အစိုးရ၏ ငွေရှာနည်းသစ်ဟု ဝေဘန်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၂၇၊ ၂ဝ၁ဝ

ရန်ကုန်မြို့ သင်္ဃန်းကျွန်း အခွန်ဦးစီးရုံးအနီး ရာဖြတ်ခံယူရန် ရပ်ထားသည့် လိုင်စင်မဲ့ကားတစီး၊
အဆိုပါ ကားများကို ထိုင်းနယ်စပ်မှ တဆင့်တင်သွင်းလာရာတွင် ဒေသအာဏာပိုင်များအား လာဘ်လာဘ ပေးပြီး နယ်စပ်ကို ဖြတ်သန်းကာ လမ်းခရီးဂိတ်များတွင်လည်း ငွေပေးပြီး သို့မဟုတ် ဒီကေဘီအေ၊ အစိုးရစစ်တပ် အရာရှိများက အခကြေးငွေ ယူပြီး သယ်ယူပေးကြသည် (ဓာတ်ပုံ – မိုးမခ)


ယခင်က ဝစ်သောက်(လိုင်စင်မဲ့) ကား လက်ဝယ်တွေ့ရှိပါက ကားအား သိမ်းဆည်းမည့် အပြင် လက်ဝယ်ရှိသူပါ တရားမဝင်ကား တင်သွင်းမှုဖြင့် အရေးယူခံရမည့် အန္တရာယ်ရှိသော်လည်း ယခုလ ၂၃ ရက်နေ့မှ စတင်ပြီး ဝစ်သောက်ကားများအား အခွန် ပေးဆောင်စေပြီး တရားဝင် လိုင်စင် ထုတ်ပေးနေပြီ ဖြစ်သည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အခွန်ရုံးတွင် ပထမဆုံး ဖွင့်လှစ်လိုက်သည့် လိုင်စင်မဲ့ကား တန်ဖိုးစိစစ်သတ်မှတ်သည့် အဖွဲ့က ဝစ်သောက်ကားများအား အမျိုးအစားနှင့် မိုဒယ်အလိုက် တန်ဖိုးနှုန်းထားတခု သတ်မှတ်ပြီး အဆိုပါ တန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကို ပေးသွင်းစေကာ တနိုင်ငံလုံး မောင်းနှင်နိုင်သည့် အက္ခရာနံပါတ်နှင့် လိုင်စင် ထုတ်ပေးခြင်းဖြစ်သည်။

ယခုကဲ့သို့ ဝစ်သောက်ကားများ တရားဝင် လိုင်စင် ထုတ်ပေးသည့် အဖြစ်အား စစ်အစိုးရ၏ ငွေရှာနည်းသစ် တခုဟု စီးပွားရေးလုပ်ငန်းရှင် တဦးက သုံးသပ် ပြောဆိုလိုက်သည်။ ကားတစီးလျှင် အနည်းဆုံး သိန်း ၁ဝဝ မှ အများဆုံး သိန်း၁ဝဝဝ ကျော် သိန်း ၂ဝဝဝ ထိ အခွန်ငွေ ရရှိမည့်အတွက်ကြောင့် နအဖ အစိုးရအတွက် ငွေရလိုသည့် ရည်ရွယ်ချက်က အဓိက ဖြစ်သည်ဟု ဆိုသည်။

လိုင်စင်မဲ့ကားများအား လိုင်စင်ထုတ်ပေးမည့် အစီအစဉ်ကို ရန်ကုန်တွင် ပထမဦးဆုံး စတင်သော်လည်း နယ်မြို့များ ဖြစ်သည့် မန္တလေး၊ တောင်ကြီး၊ ဖားအံ၊ မော်လမြိုင်တို့တွင်လည်း မကြာမီ သီတင်းပတ်များအတွင်း စတင် လိမ့်မည်ဟု နယ်မြို့များမှ လာသည့် သတင်းများ အရ သိရသည်။ ဌာနဆိုင်ရာ အဖွဲ့ငါးဖွဲ့ပါသည့် ယာဉ်တန်ဖိုးဖြတ်ရေး ကော်မတီများကို သက်ဆိုင်ရာ မြို့များအလိုက်ဖွဲ့စည်းပြီး စတင်လက်ခံသွားမည်ဟု လည်းကြားသိရသည်။

ယခုအဖြစ်မှာ နအဖ အုပ်ချုပ်သည့် သက်တမ်း နှစ်ပေါင်း၂ဝ ကျော်အတွင်း ပထမဆုံး အကြိမ် ဝစ်သောက်ကားများအား လိုင်စင် ထုတ်ပေးခြင်း ဖြစ်ပြီး ယခု အပြောင်းအလဲကြောင့် ပြည်တွင်း ဈေးကွက်တွင် ထိုင်း-မြန်မာ နယ်စပ်မှ တင်သွင်းလာသည့် လိုင်စင်မဲ့ ကားဈေး သိသာစွာ မြင့်သွားပြီး တမြို့မှ တမြို့ သယ်ယူခြင်းကိုလည်း ယခု ရက်ပိုင်းအထိ ကန့်သတ်ထားဆဲ ဖြစ်သည်ဟု ကြားသိရသည်။ အခွန်ဆောင်ပြီး လိုင်စင်ပေးမည့် သတင်း အတည်မဖြစ်ခင်က ဖားအံမြို့တွင် ၉၇-၉၉ ခုနှစ်မိုဒယ် ဖင်ကောက်ကားတစီးကို ကျပ်သိန်း ၈ဝ ဝန်းကျင်ရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် သိန်း၂ဝ ခန့် ဈေးထပ်မြင့်တက်ခဲ့သည်ဟု ဖားအံမှ ကားဝယ်ရောင်းတဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမှ ဖားအံ၊ မော်လမြိုင်၊ ရန်ကုန်တို့သို့ ကားသယ်ဆောင် ရောင်းချသူ တဦးက “အခုတပတ် မြဝတီ တက်သွားတာ နယ်စပ် ပိတ်ထားတာကြောင့် ကားလည်းဝယ်လို့မရ၊ အောက်ကိုလည်း သယ်ဆင်းရ ခက်နေတာနဲ့ ၊ အလုပ်မဖြစ်ဘဲ ပြန်လာခဲ့ရတယ်” ဟု ပြောသည်။

လွန်ခဲ့သည့် နှစ်များအတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များအား တနိုင်ငံလုံး အတိုင်းအတာဖြင့် အခွန် ပေးဆောင်စေခဲ့ရာ ဆိုင်ကယ်စီးရေ သန်းနှင့် ချီပြီး အခွန် ပေးဆောင်ခဲ့သဖြင့် နအဖ စစ်အစိုးရ အနေဖြင့် ကျပ်ငွေ သန်းပေါင်း သိန်းနှင့်ချီ ရရှိခဲ့သည်။ စစ်အစိုးရ အနေဖြင့် ထိုကဲ့သို့ အခွန်ငွေ အမြောက်အများ ရရှိသော်လည်း ကျန်းမာရေး၊ ပညာရေး ကဲ့သို့သော အများပြည်သူနှင့် ဆိုင်သည့် ကိစ္စရပ်များတွင် သုံးစွဲမှု တိုးမြင့်လာသည်ကို မတွေ့ရဘဲ နေပြည်တော် ဆောက်လုပ်ရေးတွင် ငွေအမြောက်အများ ကုန်ကျခံ သုံးစွဲသည်ကိုသာ တွေ့မြင်နေရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts