>Photography training for the staff in The Free Funeral Service Society (Yangon)

>

ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်သင်တန်း
Kyaw Thu | Facebook
ဇူလိုင် ၂၈၊ ၂၀၁၀
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ်တို့အတွက် လူမှုရေး၊ ဈာပနပို့ ဆောင်ရေး၊ ဆေးကူညီမှု၊ အင်္ဂလိပ်စာ အခြေခံ၊ ပန်းချီ၊ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ စသည့် သင်တန်းတို့အပြင် ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဟုခေါ်သော ဓာတ်ပုံသင်တန်းကိုလည်း ဖွင့်လှစ် သင်ကြားလျက်ရှိသည်။ ယင်းသင်တန်းကို ဈာပန ပို့ဆောင်ရေးသင်တန်းဆင်း ပရဟိတ လူငယ်/လူရွယ်များ တက်ရောက်ကြသည်။
သင်ကြားပို့ချရာတွင် ဒီဂျစ်တယ် ကင်မရာ ကိုင်တွယ်နည်း၊ အလင်းအမှောင် ဓာတ်ပုံပညာ အယူအဆနှင့် ဖျတ်ခနဲပေါ်လာသော ပုံရိပ်တို့ကို လျင်မြန် သွက်လက်စွာ အမိအရ ရိုက်ကူးနိုင်မှု တို့ကို အဓိကထား၍ ဓာတ်ပုံပညာရှင် TV သက်မွန်က သင်ကြားပေးလျက်ရှိသည်။

သင်တန်းကာလမှာ (၄) ပတ် ကြာမြင့်မည် ဖြစ်သည်။

လာမည့် စက်တင်ဘာလကုန် ခန့်တွင် ဈာပနကူညီမှု (၁၀၀၀၀) ပြည့်မည့်နေ့၌ သင်တန်းသူ/သားများအား “ဘ၀နိဂုံး အဆုံးပုံရိပ်” ခေါင်းစဉ်ဖြင့် လက်တွေ့ ဓာတ်ပုံရိုက်ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ပါသည်။

ဥက္ကဌ ဦးကျော်သူက သင်တန်း ဖွင့်ပွဲတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား အသင်းသူ/သားတို့ကို ရှင်းလင်းပြောကြား သွားခဲ့သည်။

ဓာတ်ပုံသင်တန်း သင်ကြားရခြင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)က အများပြည်သူတို့၏ နာရေး ရုပ်အလောင်းများ သယ်ဆောင်မှု၊ ရဲမှုခင်းဆိုင်ရာဖြစ်သော ရေနစ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရထားကြိတ် သေဆုံးမှု၊ ပိုင်ရှင်မဲ့ သေဆုံးမှုများနှင့် တိုင်းကျိုး ပြည်ကျိုးပြု အာဇာနည်ပုဂ္ဂိုလ်/ သူရဲကောင်းတို့၏ ဈာပန အခမ်းအနားများ၊ သာသနာ့ အာဇာနည် ရဟန်း သံဃာ ဆရာတော်ဘုရားကြီးများ၏ အန္တိမဈာပန အခမ်း အနားများ စသည့် ထူးခြားသော ဖြစ်စဉ် ဖြစ်ရပ်များ၊ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက် ဆေးဝါး ကုသကြသော ထူးခြားသည့် ရောဂါဝေဒနာရှင် လူနာများ၏ ဆေးဝါးကုသခြင်း စသည့် ပုံရိပ်များကို မှတ်တမ်းတင်နိုင်ရေး ဖြစ်သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သမိုင်းမှတ်တမ်းများအဖြစ် ထိန်းသိမ်းထားရှိပြီး နောင်တစ်ချိန်တွင် အသင်းကို ဦးဆောင်ဦးရွက်ပြုမည့် မျိုးဆက်သစ် လူငယ်/လူရွယ် ခေါင်းဆောင်များအား အသင်း၏ ပေးဆပ်ခဲ့မှု သမိုင်းစစ် သမိုင်းမှန်များကို သိရှိနားလည် သဘောပေါက်ကာ လက်ရှိ တာဝန်ယူနေသူတို့၏ ပေးဆပ်မှုထက် မနှိမ့်ကျသော သာလွန်သော ပေးဆပ်မှုများဖြင့် ပြည်သူလူထုအား အလုပ်အကျွေးပြုသွားနိုင်စေရန် ရည်ရွယ်၍ ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓာတ်ပုံ သင်တန်းပို့ချခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts