>Yan Win (Taung Da Gar) – Hay Lar Maung Toe War

>

ဟေလာမောင်ရို့ဝါး
ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၂၁၊ ၂၀၁၀


“မိုး၊ မိုး၊ မိုးလားမောင်ရို့။ လေ၊ လေ၊ လေလားမောင်ရို့။
စိန်၊ စိန်၊ စိန်လားမောင်ရို့။ မြ၊ မြ၊ မြလားမောင်ရို့။

မိုးလားဟေ့၊ လေလားဟေ့၊ စိန်လားဟေ့၊ မြလားဟေ့၊
ဟေလာမောင်ရို့ဝါး။”
မြန်မာ့ရိုးရာ သံချပ်

မြန်မာတို့ဓလေ့မှာ ‘ဟေလာမောင်ရို့ဝါး’ နဲ့ ကြီးပြင်းလာကြတာ ဆိုတော့၊ မိုး၊ မိုး၊ မိုးလားမောင်ရို့ လို့ တယောက်ယောက်က စပြီး တိုင်လိုက်ရင်ပဲ လေ၊ လေ၊ လေလားမောင်ရို့ လို့ သံပြိုင်လိုက်ဖို့ရယ်၊ ဟေလာမောင်ရို့ဝါး နဲ့ အဆုံးသတ်ဖို့အတွက်ပါ အဆင်သင့် ဖြစ်နေနှင့်ကြပြီ။



ဟေလာမောင်ရို့ဝါးလို့ ဆိုလိုက်တာနဲ့ အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်းတွေက တွဲဖက်ပြီး ပါလာရပါတော့တယ်။ မြန်မာဘုရင်တွေ လက်ထက်တုန်းကတော့ နန်းတွင်းသုံးအိုးစည် နဲ့ ကျေးလက်သုံး အိုးစည်ရယ်လို့ နှစ်မျိုး ရှိခဲ့ဖူးတယ်။ ဒီကနေ့မှာတော့ အိုးစည်သံနဲ့ ဒိုးပတ်သံတွေက မြန်မာ့ရိုးရာဓလေ့မှာ လူထုနဲ့ အနီးစပ်ဆုံးဂီတဖြစ်နေပါပြီ။ လူထုကလည်း ထဲထဲဝင်ဝင် အသိဆုံး၊ အရင်းအနှီးဆုံး ဖြစ်ပါတယ်။ အနည်းဆုံး ဝါးလက်ခုပ်လောက်တော့ ဝင်တီးနိုင်ကြတယ်။

“ရွှေဗျာဒိတ်ကယ်နှင့် တံဆိပ် တံဆိပ်ခံ၊ နတ်တိုင်းနိုင်ငံ ပြည်တော်တွင်း၊ ကြေညာ ကြေညာလင်းပါလို့ သတင်းဆူ။”
နန်းတွင်းသုံး ရှေးအိုးစည်သီချင်း၊ ရေးသူ – အမည်မသိ


“ရွှေအိုးစည်လွယ်သလေ၊ လိမ်ဖယ်ဖယ် တီးပါ့မောင်ရယ်၊ မယ်မယ်နဲ့နီးခါမှ လက်သီးကိုရွှေချမယ်။”
ကျေးလက် ရှေးအိုးစည်သီချင်း၊ ရေးသူ – အမည်မသိ

အိုးစည်ဝိုင်း၊ ပန်းချီ ဦးဗကြည်


အိုးစည်ကို ပခုံးတဖက်တည်းမှာပဲ လွယ်ထားရတော့ တီးတဲ့အခါ လိမ်ဖယ်ဖယ် ဖြစ်နေတယ်။ အိုးစည်က နာမည်အတိုင်းပဲ အိုးပုံစံမှာလည်တံရှည်ရှည်၊ စုစုပေါင်းအရှည် ၃ ပေလောက်နဲ့ မျက်နှာဝက အချင်း ၁ဝ လက်မလောက်ရှိတယ်။ ညောင်ပင်ရဲ့သစ်သားပြာ၊ ညောင်ပြာ နဲ့ ထမင်းပျော့ပျော့ကို နယ်ထားတဲ့ ပတ်စာ ထည့်ပြီး တွဲဖက်တီးမယ့် နှဲ၊ ပလွေတို့ရဲ့ သံမှန် အတိုင်း ညှိထားပါတယ်။

“အမျိုးနော် တကယ် မြတ်ပါတဲ့၊ ကိုးနဝရတ်ရောင်စုံခြယ်၊ ဒိုးပတ်ကိုတဲ့ လွယ်ပါတယ်”
ရှေးဒိုးပတ်သီချင်း၊ ရေးသူ – အမည်မသိ

ဒိုးပတ်ဝိုင်း၊ ပန်းချီ ဦးဗကြည်


ဒိုးပတ်ကိုတော့ ဘယ်ညာ နှစ်ဖက်တီးမှာဆိုတော့ လည်ပင်းမှာ သိုင်းလို့ လွယ်ရပါတယ်။ အကြမ်းအားဖြင့် ဒိုးပတ်က ၁ ပေ ၆ လက်မ၊ ၂ ပေ နဲ့ ၂ ပေ ၆ လက်မ အရွယ် သုံးမျိုးလောက် ရှိတယ်။ မျက်နှာဝနှစ်ဖက်က ရွယ်တူ မဟုတ်ကြပါ။ အရွယ်ပိုကြီးတဲ့ ညာဖက်မျက်နှာဝက အချင်း ၁ဝ လက်မလောက်နဲ့ ဘယ်ဖက်က အချင်း ၇ လက်မလောက် ရှိပါတယ်။ ပတ်စာ ထည့်ပြီး အသံညှိတဲ့အခါ၊ တွဲဖက်တီးမယ့် နှဲ၊ ပလွေတို့ရဲ့ မူတည်သံနဲ့ ညီညွတ်အောင် ပတ်စာ ထည့်ပြီး ညာဖက်ကို သံမှန်၊ ဘယ်ဖက်ကို လေးပေါက်သံ၊ တချို့လည်း ငါးပေါက်သံထားတီးပါတယ်။ ရှေးကတော့ ဒိုးပတ် တလုံးတည်း တီးကြတယ်။ ဒီကနေ့မှာတော့ ‘ခေါ်ဒိုး’ နဲ့ ‘လိုက်ဒိုး’ ဆိုပြီး နှစ်လုံးတွဲတီးပါတယ်။

မြန်မာ့ရိုးရာ အိုးစည် နဲ့ ဒိုးပတ် နှစ်မျိုးစလုံးက အသံစုံတူရိယာတွေ မဟုတ်ကြဘူးလေ။ တွဲဖက် တီးမှုတ်ကြဖို့ရာ နှဲ၊ ပလွေ၊ လင်းကွင်း နဲ့ ဝါးလက်ခုပ်တွေလည်း ပါသေးတယ်။ ဒါပေမယ့် အိုးစည် နဲ့ ဒိုးပတ်တို့ကိုမူတည်ပြီး အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းရယ်လို့ပဲ ခေါ်ကြတယ်။ အယိုင်တီးကြတာချင်း တူပေမယ့် အိုးစည်ဝိုင်း နဲ့ ဒိုးပတ်ဝိုင်းတွေမှာ သီချင်း၊ တီးတဲ့ ဟန်ပန်နဲ့ မူလအတောအပိုဒ်တွေ အပါအဝင် တခုချင်းစီအနေနဲ့ လုံးဝ ကွာခြားပါတယ်။ မူလ အတောပိုဒ်ကို ကြားလိုက်ရုံနဲ့တင်ပဲ အိုးစည်ဝိုင်းလား၊ ဒိုးပတ်ဝိုင်းလားလို့ ခွဲခြားပြီး သိနိုင်တယ်။

အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းလို့ ပြောလိုက်တာနဲ့ တပြိုင်နက်၊ ချက်ချင်း တန်းပြီးမြင်မိကြမှာက ပျော်ရွှင်မြူးကြွတဲ့ ဦးရွှေရိုးအကကိုပါပဲ။ အိုးစည်ဝိုင်း ဒိုးပတ်ဝိုင်းတွေက ဦးရွှေရိုးအကနဲ့ တသားတည်းကျနေပါပြီ။ ခွခြားလို့မရနိုင်တော့ပါ။ ဦးရွှေရိုးအက မပါရင် အိုးစည်ဝိုင်းနဲ့ ဒိုးပတ်ဝိုင်းတွေ ဟာတာတာ ဖြစ်ကုန်တယ်။

မျက်ခုံးမွှေးထူထူ၊ နှုတ်ခမ်းမွှေး ကားကား၊ မျက်နှာပေးက ပြုံးစိစိနဲ့ မချိုမချဉ်၊ ခေါင်းပေါင်းနဲ့ တိုက်ပုံအင်္ကျီက ဖိုးရိုးဖားရား၊ ပုဆိုးတောင်ရှည် ကွက်ကျားကြီးဝတ်ပြီး ပုသိမ်ထီးငယ်ငယ်ကလေးကို ကိုင်ထားတဲ့ ဦးရွှေရိုးကြီးရဲ့ဟန်ပန်ကိုက မြင်ရုံနဲ့တောင်မှ ရယ်ချင်စရာ ဖြစ်နေတယ်။ အိုးစည် ဒိုးပတ် အယိုင်တီး ခပ်သွက်သွက်နဲ့ နောက်တောက်တောက် ပြောင်ချော်ချော် ကလိုက်ပြန်တော့ ပွဲကြည့်ပရိသတ်က မရိုးမရွဖြစ်လာပြီး၊ တဝါးဝါးတဟားဟားနဲ့ ကိုယ်တိုင်ပဲဝင်လို့ ကချင်ခုန်ချင်ဖြစ်လာကြတော့တယ်။

တကယ်လည်း ဦးရွှေရိုးကြီးက ပွဲကြည့်ပရိသတ်အားလုံးနဲ့ တွဲကတာပါ။ ကနေရင်း ပရိသတ်ထဲက မိန်းကလေးတွေနဲ့ ကလေးတွေကို နောက်တယ်၊ ပြောင်တယ်၊ မျက်စပစ်ပြတယ်။ ပရိသတ်ထဲမှာ တကယ် က ရဲတဲ့ မိန်းကလေးတွေ ပါလာရင်လည်း ဝိုင်းထဲဝင်ပြီး ဦးရွှေရိုးကြီးနဲ့ အပျော် တွဲကကြတာပါပဲ။ အင်မတန်မှ လွတ်လွတ်လပ်လပ်နဲ့ ပျော်စရာကောင်းတယ်။

ဦးရွှေရိုးအကရယ်လို့ သမိုင်းတခေတ် တွင်ပြီးကျန်ရစ်ခဲ့အောင်၊ ဦးရွှေရိုး အဝတ်အစား၊ ဦးရွှေရိုးရဲ့ဟန်ပန် နဲ့ ဦးရွှေရိုးအက ကိုပါ တီထွင်သွားသူကတော့ စွယ်စုံရ ပညာရှင်ကြီး၊ ကာတွန်းရွှေတလေး ခေါ် ဦးဘကလေး ဖြစ်ပါတယ်။ ရုပ်ပြောင်းရုပ်လွဲ မိတ်ကပ်ပညာမှာ အင်မတန် ထူးချွန်တဲ့ သဘာရင့် ရုပ်ရှင်မင်းသားကြီးလည်း ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်က ‘တောမြိုင်စွန်းက လွမ်းအောင်ဖန်’ ရုပ်ရှင်ဇာတ်ကားမှာ ဦးရွှေရိုးကြီးအဖြစ် ကိုယ်တိုင် သရုပ်ဆောင်ပြီး၊ ဦးရွှေရိုးကြီး ကို ပထမဆုံး ပွဲထုတ်ခဲ့တယ်။ နောက်ပိုင်း ဆက်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဦးရွှေရိုးကြီးအဖြစ် ပါဝင် သရုပ်ဆောင်ပါသေးတယ်။

မူလပထမ ဦးရွှေရိုးကြီး၊ ရွှေတလေး (ဦးဘကလေး)
၁၈၉၃-၁၉၄၅


ဒီကနေ့ ဦးရွှေရိုးအကမှာ ဒေါ်မိုးဆိုတဲ့ အမျိုးသမီးဇာတ်ရုပ်တခု ပါလာတာကို တွေ့ကြရပါလိမ့်မယ်။ ဒေါ်မိုးက ဘီးဆံပတ် ဆံထုံးကြီး ထုံးပြီး မြန်မာ့ရိုးရာ အမျိုးသမီးဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ပါတယ်။ ကတာကတော့ အိုးစည် ဒိုးပတ် အယိုင်အကပါပဲ။ ဦးရွှေရိုးနဲ့ ဒေါ်မိုးတို့ အကပြိုင်ကြ၊ အပြန်အလှန် နောက်ကြပြောင်ကြတဲ့ ကကွက်တွေကိုပါ ထည့်ပြီး ကကြပြန်တော့ ပိုပြီး မြိုင်ဆိုင်လာတာပေါ့။

ဦးရွှေရိုး နဲ့ ဒေါ်မိုး


တောမြိုင်စွန်းက လွမ်းအောင်ဖန် ရုပ်ရှင်ကားထဲမှာ ဒေါ်မိုးက ဦးရွှေရိုးရဲ့ အိမ်နီးချင်းပါ။ ဇာတ်လမ်းအရ ဒေါ်မိုးကို ဦးရွှေရိုးက ကျိတ်ပိုးနေတယ်။ ဒေါ်မိုးကလည်း ဦးရွှေရိုးကို ခပ်ကျကျပါပဲ။ ဒါပေမယ့် ညိုမြ လုပ်နေပြန်တယ်။ ရုပ်ရှင်ထဲမှာ ဦးရွှေရိုးက ဒေါ်မိုးကို တိတ်တိတ်ချောင်းပြီး သင်္ကြန်ရေပက်တဲ့အခန်း ပါပါတယ်။ ဒေါ်မိုးကို ရေပက်အပြီး နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်ကြီးကတဲ့ အကဟာ ပထမဦးဆုံး ဦးရွှေရိုးအကပါပဲ။ ဦးရွှေရိုးနဲ့ ဒေါ်မိုးအတွဲဆိုတာ အဲဒီကတည်းက စခဲ့ပါတယ်။

“နှစ်သစ်ကူး သင်္ကြန်ရေပက်မဗျို၊ ရွှေမျက်နှာကအို၊ ဦးရွှေရိုးက ဒေါ်မိုးကို၊ ညိုမြ ညိုမြဆို။”
တောမြိုင်စွန်းက လွမ်းအောင်ဖန် ရုပ်ရှင်ကားမှ ဦးရွှေရိုးရေပက်သီချင်း၊ နန်းတော်ရှေ့ဆရာတင်


အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းနဲ့ တွဲဖက်တဲ့ တခြားအကတမျိုးက သူငယ်တော်အက ဖြစ်ပါတယ်။ သူငယ်တော်ရဲ့ဇာတ်ရုပ်က အများမြင်တွေ့ဖူးကြတဲ့ ဖိုးဝရုပ် အတိုင်းပါပဲ။ ဒူးဖုံးတဲ့အောက်ခံကိုဝတ်ပြီး အောက်ပိုးကျိုက်ထားတယ်။ အပေါ်ပိုင်းမှာ လက်တိုအင်္ကျီ ဝတ်ပါတယ်။ ကိုယ်ကျပ်လက်ရှည် အင်္ကျီကိုဝတ်ပြီး ကကြတာလည်း ရှိပါတယ်။ ရွှေခြေချင်းကြီးတွေ ဝတ်ပြီး ဧရာမ ရွှေဒင်္ဂါးပြားကြီးကို လည်မှာ ဆွဲတယ်။ မျက်နှာမှာတော့ ပါးကွက်ကျားနဲ့ပါ။ ခေါင်းမှာ ဆံပင်နှစ်စုကို ဘယ်ညာခွဲလို့ ဖားလျားချပြီး ဖဲကြိုးနဲ့ စည်းတယ်။ အဲဒီဆံစုနှစ်သွယ်ကို နပန်းဆံ(နားပန်ဆံ) လို့ ခေါ်ပါတယ်။ သူငယ်တော်ကို ဗျာပါဆံ နဲ့လည်း တွေ့ရပါတယ်။

“ဗျာပါဆံ က တဖက်တဆုပ်၊ မုတ်ပုတီး က တသွယ်နှစ်သွယ်၊ မမလေးရယ် ရွှေခြေချင်းက ဝါဝင်းတယ်လေး။”
ရေးသူ – အမည်မသိ

“နားအထက်ကဗွေမှာ သူပန်းပန်၊ နပန်းဆံ၊ နပန်းဆံ၊ နားထင်ဘေးက တန်းကျပြန်၊ လှမ်းကမယ့်ဟန်။
ဟေလားကွယ့်မောင်ရို့၊ ဟေလားကွယ့်မောင်ရို့၊ ဝမ်းစမိုးရော သောသောညံ။
တခါတရံများ၊ ဗျာပါဟန်ထား၊ ကြာဇံသား ဧကန်၊
ရွာခံများကမြှောက်စားပြန်၊ ယောက်ျားဘသား သာလှ နပန်းဆံ”
နပန်းဆံ၊ ရွှေပြည်အေး


ဒိုးပတ်ဝိုင်း နဲ့ သူငယ်တော်အက


အိုးစည်ဝိုင်း နဲ့ သူငယ်တော်အက


ကရတာ နည်းနည်းမောလာကြတဲ့အခါ၊ ကတဲ့သူတွေကို အနားပေးရင်း၊ ဝိုင်းတော်သားတွေက သံချပ် ထိုးကြတယ်။ သံချပ်မှာ အတိုင် နဲ့ အဖောက် ရှိပါတယ်။ ယက်ကန်းရက်ရာက လာတဲ့စကားပါ။ အတိုင်ချည်ပင်နဲ့ အဖောက်ချည်ပင်တို့ ညီညီညွတ်ညွတ် မှန်ကန်မှ အထည်ကောင်း ရပါတယ်။ သံချပ်မှာလည်းပဲ အတိုင် အဆိုပိုဒ်ကို အဖောက်အပိုဒ်နဲ့ လိုက်ရပါတယ်။ အတိုင်အဖောက် ညီတယ် ဆိုတဲ့စကားရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ သံချပ်တပိုဒ်ကို အတိုင်နဲ့အဖောက် အပြန်အလှန် တလှည့်စီ စုစုပေါင်း လေးကြိမ်ဆိုမှ ပြည့်စုံတယ်။

(၁)တိုင်။ ။ ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ။
(၂)ဖောက်။ ။
အမောပြေအောင်တိုက်ပါ့မမ။


(၃)တိုင်။ ။ အမောပြေအောင်တိုက်ပါ့မမ။
(၄)ဖောက်။ ။
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ။


မြန်မာ့ရိုးရာမှာ သံချပ်တွေက သိပ်အရေးကြီးပါတယ်။ ပရိသတ်ကလည်း သံချပ်ကို သေသေချာချာ လေးလေးနက်နက် နားထောင်တတ်တယ်။ ဒါက မြန်မာ့ဓလေ့ပါ။ သံချပ်ရေးသူတွေကလည်း ပြုပြင်စရာတွေ၊ အမြင်မတော်တာတွေကို သံချပ်တွေနဲ့ ထောက်ပြတယ်။ နမူနာယူစရာတွေ၊ သင်္ခန်းစာ ယူစရာတွေနဲ့ ပညာပေးတာတွေ ပါတယ်။ ဟာသအဖြစ် ရယ်စရာ အပြောင်အပျက်တွေလည်း ပါတယ်။ ရယ်ရင်းနဲ့လည်း မှတ်သားစရာတွေက ရင်ထဲမှာစွဲငြိပြီး ကျန်ရစ်ခဲ့တယ်။ ခေတ်တခေတ်မှာရေးတဲ့ သံချပ်တွေက ဖြတ်သန်းသွားတဲ့ အဲဒီခေတ်ရဲ့သရုပ်ကို ကိုယ်စားပြုတာတွေချည်းပါပဲ။ ခေတ်အဆက်ဆက်မှာ မရိုးနိုင်ဘဲ သမိုင်းဝင် ကျန်ရစ်ခဲ့တဲ့ သံချပ်တွေလည်း ရှိပါတယ်။

သံချပ်ထိုးပြီဆိုရင်တော့ ဟေလာမောင်ရို့ဝါးနဲ့ အဆုံးသတ်ရပါလိမ့်မယ်။ သံချပ်တွေ ဘယ်လောက်ပဲ ဆက်ပြီးထိုးနေနေ၊ ဟေလာမောင်ရို့ဝါး ကဏ္ဍကို မရောက်သေးသမျှတော့ အဆုံးသတ်နိုင်လိမ့်ဦးမယ် မဟုတ်သေးပါ။ တကယ်တော့ ဟေလာမောင်ရို့ဝါး ဆိုတာ ပျော်ပွဲရွှင်ပွဲ အောင်မြင်မှုတခုအတွက် သံပြိုင် ညီညီညာညာ အားရပါးရ ဆိုပြီး ပွဲသိမ်းတဲ့ အောင်ပွဲရဲ့ ကြွေးကြော်သံပါ။

“ဟေ့ မောင်ရို့၊ ဟေ့ မောင်ရို့၊ ဟေလာမောင်ရို့ဝါး။”

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

(၁) ရွှေရိုး ဘကလေး၊ ဒုတိယတွဲ (လူထုဒေါ်အမာ)၊ မတ်လ၊ ၁၉၆၉
(၂) မြန်မာ့သဘင်မှုအခြေပြ (မျိုးမြင့်စော)၊ နိုဝင်ဘာလ၊ ၁၉၆၆
(၃) ကဗျာ့ဥယျာဉ် (ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးဘ ရွေးချယ်တည်းဖြတ်သည်)
(၄) မြန်မာမှုသုတေသနစာ (ဝင်းမောင်-တမ္ပဝတီ)၊ ဇွန်လ ၂ဝဝ၆

ဂီတနဲ့အက-ပန်းချီ ဝင်းဖေ၊ မိုးမခပင်တိုင်များကဏ္ဍ က ကူးယူတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts