>Saung Yun La – New Year Poem

>

မျက်နှာမသစ်ရသေးတဲ့ မပျော်တေးကဗျာ
ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၊ ၂၀၀၉
တငွေ့ငွေ့ ကြီးရင့်ခြင်းကို
တရွေ့ရွေ့သီးပွင့်ပေးတဲ့ အချိန်က
ပင်လယ်ရဲ့ ဒီရေနဲ့မခြား
နုပျိုခြင်း ကမ်းပါးကို တမြေ့မြေ့ တိုက်စားသွားခဲ့တယ်..
ကိန်းဂဏန်းတွေသာ
ရေကြည်ရာ မြက်နုရာကို
တကွေ့ပြီးတကွေ့ တနေ့ပြီးတနေ့ ပြောင်းရွှေ့သွားခဲ့ကြတယ်…
မပြောင်းလဲခြင်းတွေက
ခြေရာ လက်ရာမပျက် နေထွက်ပြီး
မပြောင်းလဲခြင်းတွေပဲ
တနေဝင်လို့ နောက်တမိုး ထပ်ချုပ်သွားခဲ့တယ်…
အခြေမကျနိုင်သေးတဲ့ ကံကြမ္မာကတော့
အမေအရိုက်ကို ခံနေရတဲ့
မှောင်မိုက်ထဲက မဂျာအေးလို
တဝါပြီးတဝါဆိုလို့ ရွာလယ်မှာ ရွာလည်ပြီး ငိုပွဲကြီးနွှဲနေတုန်းပဲ…
ရာသီမုန့်လုံးပေါ်မှာ
ပြုန်းတီးသွားခဲ့ရတဲ့ ဆန္ဒစက္ကူတွေက
တရွက်ပြီးတရွက်
ပြီးတော့….တထပ်ပြီး တထပ်
အိပ်မက်တိမ်တွေပေါ်မှာ ဆောက်မိခဲ့တဲ့ တိုက်အိမ်တွေလိုပေါ့…
မျက်ခြေမပြတ်တမ်း ကပ်လိုက်လာတဲ့
ဇရာ(ခ) အိုမင်းခြင်းက
တရက်ပြီးတရက် နီးကပ်လာခဲ့ပေမယ့်
အဆုံးသတ်စေချင်တဲ့ ဇာတ်လမ်းတပုဒ်က
ဟိုသီချင်း တပုဒ်ထဲကလို…
လူသားတွေ မျက်ရည်ဝဲနေရတဲ့ လွမ်းခန်းမှာ တဝဲလည်လည်….
ဘယ်ထုံးနဲ့ နှလုံးမူရမလဲ!!
အဖြူအမဲ သဲသဲကွဲကွဲ သိပြီးနေချိန်ထိ
ချိန်ခွင်လျာက မှားတဲ့ဖက်မှာ ငြိနေတုန်းပဲ
အမှောင်က နှစ်သစ်ရဲ့ တံခါးတွေကိုပိတ်ပြီး
ရာစုမျက်မည်းကြီးတွေနဲ့ တိုးတိုးတိတ်တိတ် အိပ်မွေ့ချထားတုန်းပဲ….
နှစ်သစ်ကို
ဝစ်လစ်စလစ် လွတ်လပ်ခြင်း သံစဉ်တွေနဲ့
မပျော်တေးဖွဲ့ဆို ကြိုနေရဦးမှာလား!!!
ခေါင်းစားတဲ့ အကြောင်းတရားတွေထဲ
အကျိုးတရားကလည်း မျက်နှာလွှဲခဲပစ်မို့
၂၀၁၀ကို ဘယ်လိုပုံနဲ့ မျက်နှာသစ် နှုတ်ဆက်ရမယ်မသိ…
ပေါ်ပြူလာ ပျော်ပျော်တေးတွေကတော့
တကိုယ်ရေ လွတ်မြောက်ရေး လမ်းမတွေပေါ်မှာ ကာရန်ညှိနေကြတယ်….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts