>bad quality rice for soldiers

>

စစ်သားတွေရဲ့ ဆန်တွေ ဘာကြောင့် ညံ့သွားတာလဲ
ဆန်ကုန်သည်တဦး
ဇန်နဝါရီ ၂၊ ၂ဝ၁ဝ

ပြည်ပဆန်တင်ပို့မှုကို အဓိက လုပ်ကိုင်နေတာက စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့နဲ့ အကျိုးတူ နာမည်ခံ ဆောင်ရွက်ပေးနေသူ စီးပွားရေးသမားတချို့ပါ။ အရင်က အစိုးရပိုင် (သို့မဟုတ်) ကုန်သွယ် လယ်ယာပိုင် ဂိုဒေါင်ကြီးတွေ ဆန်စက်တွေ အားလုံးဟာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က သိမ်းသလိုလို၊ ဘယ်သူက သိမ်းမှန်း တရားဝင်ကြေညာခြင်း မရှိဘဲ ပိုင်ရှင် ပြောင်းသွားကြပါတယ်။ အများပြည်သူတွေ မြင်ရတာကတော့ ဒီစက်ရုံတွေ၊ ဂိုဒေါင်တွေမှာ`တပ်နယ်မြေ မကျူးကျော်ရ´ ဆိုတဲ့ ဆိုင်းဘုတ်တွေကို မြင်ရတော့တာပါပဲ။

နှစ်စဉ် စပါးသစ်ပေါ်စ တပ်ရိက္ခာ စပါးဝယ်ယူချိန်မှာ တင်ဒါစနစ်နဲ့ ၀ယ်ယူမယ် ပြောပေမယ့် တင်ဒါဈေး ခေါ်တဲ့အခါမှာ ဈေးအနည်းဆုံး ၀ယ်ယူနိုင်အောင် အာဏာသုံးပြီး လုပ်ဆောင်တာပါပဲ။ ပြည်ပဆန် တင်ပို့မှုကို သူတို့ဘဲ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာဖြစ်လို့ ယှဉ်ပြိုင်သူမရှိ၊ ဈေးကွက်ကို ထိန်းချုပ်ထားနိုင်ပါတယ်။

ခုချိန်ထိ တင်ဒါဈေး တရားဝင်မသိရသေးပေမဲ့ တပ်ရိက္ခာစပါး ၀ယ်ယူကာနီးတိုင်း စပါးဈေးချဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဧည့်မထစပါးသစ် တင်း ၁၀၀ ကို ၃၆၀ ၀၀၀ ၀န်းကျင်၊ ဧည့်မထ ၂၅မှတ် ဆန်တအိတ်ကို ၁၃ ၀၀၀ ကျပ် ၀ယ်ယူနေရာက၊ ဒီဇင်ဘာလမှာတော့ စပါး ၁၀၀ တင်းကို ၃၄၀ ၀၀၀ ကျပ် ဧည့်မထ ၂၅ မှတ် ဆန်တအိတ်ကို ၁၁ ၅၀၀ ကျပ်ထိ ဈေးချ ၀ယ်ယူလာပါတယ်။

“ – – စပါး လက်ခံဝယ်တဲ့ နေရာက စစ်ဗိုလ်တွေကို လာဘ်ထိုးပြီး ပေါင်းရ သင်းရပါသေးတယ် – – ”


ပြင်ပပေါက်ဈေးအတိုင်း ၀ယ်ယူတယ် ဆိုသော်လဲ ပြင်ပ ၀ယ်ယူ သိုလှောင်သူတွေက သူတို့ တင်ဒါဈေးထက် ပိုဝယ်ပါက၊ ထိုသူတွေကို စစ်မေးစရာရှိလို့ဆိုပြီး ရက်အတော်ကြာ ခေါ်ယူ ထိန်းသိမ်း ခြိမ်းခြောက်လေ့ရှိပါတယ်။

သူတို့ဆီကို တိုက်ရိုက် ရောင်းချနိုင်တယ် ဆိုပေမဲ့ သူတို့နဲ့ ဆက်ဆံ ရောင်းဝယ်ရာမှာ အစိုပေါင်၊ ခဲ၊ သဲ မတရား ဖြတ်တောက်တာတွေ၊ မောက်မောက်မာမာ ဆက်ဆံတာတွေကြောင့် ဘယ်လယ်သမားမှ သူတို့ဆီ တိုက်ရိုက် သွားမရောင်းလိုပါ။ ဒါ့ကြောင့် ကုန်သည်တွေကတဆင့် ရောင်းချတဲ့အခါ တင်ဒါဈေးအောက်ကပဲ စပါးဈေး ဖွင့်ခံရပါတယ်။ ကုန်သည်များကလည်း သူတို့ပေးတဲ့စပါးဈေးနဲ့ ကိုက်အောင် စပါး လက်ခံဝယ်တဲ့ နေရာက စစ်ဗိုလ်တွေကို လာဘ်ထိုးပြီး ပေါင်းရ သင်းရပါသေးတယ်။

တနှစ်လုံး ပင်ပင်ပန်းပန်း စိုက်ပျိုးရာက ရလာတဲ့ စပါးတွေကို လယ်သမား အများစုမှာ ကြာရှည် သိုလှောင်မထားနိုင်ပါဘူး။ တနှစ်လုံး ကုန်ကျထားတဲ့ ကြွေးမြီတွေကို ဆပ်ဖို့၊ ဒါမှမဟုတ် နောက်တသီး စိုက်ပျိုးဖို့ ကုန်ကျစရိတ်တွေအတွက် စပါးကို မဖြစ်မနေ ရောင်းရရှာပါတယ်။

“ – – လယ်သမား ဆန်ဝယ်စားရတဲ့အဖြစ်ကို ရောက်တော့တာပေါ့ – -”

ဒီအချိန်မျိုးမှာ ချိန်ကိုက်ပြီး စပါးဈေး ချတတ်သလို၊ စိုက်ပျိုးစရိတ် ချေးငွေ (အမတော်ကြေးငွေ) တွေကို အချိန်မကျခင် စောဆပ်ခိုင်းတတ်ပါတယ်။ ဒီတော့ လယ်သမားအများစုလက်မှာ စပါးပေါ်စမှာပဲ စပါးလက်ကျန် မရှိတော့ပါ။ ၀မ်းစာပင် မကျန်တော့ လယ်သမား ဆန်ဝယ်စားရတဲ့အဖြစ်ကို ရောက်တော့တာပေါ့။

နှစ်စဉ် စပါးသစ်ပေါ်ချိန်မှာ သူတို့အတွက် အကျိုးအမြတ်က တခု မကပါ။ နွေစပါးရော မိုးစပါးပါ နှစ်မျိုးစလုံး ပေါ်ချိန်မှာ သူတို့ဂိုဒေါင်တွေထဲမှာ အပြည့်ရှိနေတဲ့ စပါးဟောင်းများကို စပါးသစ်နဲ့ အလဲအလှယ် လုပ်တတ်ပါတယ်။ စပါးသစ်က ဈေးနိမ့်ပြီး စားမကောင်းပါ။ ပြည်တွင်း စားသုံးသူက စပါးဟောင်းကိုသာ စားကြပါတယ်။ ဈေးကွက်လိုအပ်ချက်အရ စပါးဟောင်းကို ဈေးကောင်းကောင်းနဲ့ ထုတ်ရောင်းကြပြန်ပါတယ်။

စပါးဟောင်း တင်း ၁၀၀ ကို ၄၆၀ ၀၀၀ ကျပ် ဝန်းကျင်နဲ့ ပြန်ရောင်းပြီး စားမကောင်းသေးတဲ့ စပါးသစ်ကို တင်း၁၀၀ကို ၃၆၀ ၀၀၀ ကျပ်နဲ့ ပြန်ဝယ်ထည့်ကြပါတယ်။ စပါးဟောင်းနဲ့စပါးသစ် တင်း ၁၀၀ ကို တသိန်းလောက် အမြတ်ထွက်ပါတယ်။ “စပါးသစ် နဲ့ စပါးဟောင်း အလဲအလှယ်” ဟာ ပြည်ပကို ဆန်တင်ပို့တာထက်တောင် ပို တွက်ခြေကိုက်နေပါသေးတယ်။ ဒေါ်လာဈေး ကျနေချိန်မှာ မြန်မာဆန်ရဲ့ပြည်ပ ပေါက်ဈေးက ၂၅ မှတ် ဆန်တတန်ကို ဒေါ်လာ ၃၀၀ ခန့်ဆို တော့ စပါး ၁၀၀ တင်းဟာ (၁.၂၅တန်ခန့်) ၃ သိန်း ဈေးလောက်နဲ့ ၀ယ်ရမှ သူတို့အတွက် ဟန်မှာပါ။

“ – – ကောင်းတဲ့စပါးကို ဈေးကောင်းနဲ့ ထုတ်ရောင်းပြီး တပ်ရိက္ခာဆန်ကတော့ ဆန်ဝါပေါက် ဆန်ကွဲ နိုင်းချင်းနဲ့ နွေဆန်တွေသာ ဖြစ်လာပါတယ် – – ”

ပြည်တွင်းစပါးဈေးကို အနိမ့်ဆုံးဈေး ရအောင်ချဝယ်တဲ့ အပြင်၊ ခုနလို အလဲအလှယ်တွေကြောင့် အစိုဓာတ် မကုန်တဲ့ စပါးသစ်တွေကို၊ အရည်အသွေးညံ့တဲ့ နွေစပါးတွေကို ကြိတ်ခွဲပြီး၊ ပြည်ပ တင်ပို့တာတွေကြောင့် မကြာခဏ ရီဂျက်ထိတဲ့ ပြဿနာတွေ၊ ကမ္ဘာ့ဈေးကွက်မှာ ဈေးကောင်း မရတာတွေ ဖြစ်လာပါတယ်။

တပ်ရိက္ခာ ၀ယ်ယူရာမှာလည်း ခုနလိုပဲ ကောင်းတဲ့စပါးကို ဈေးကောင်းနဲ့ ထုတ်ရောင်းပြီး တပ်ရိက္ခာဆန်ကတော့ ဆန်ဝါပေါက် ဆန်ကွဲ နိုင်းချင်းနဲ့ နွေဆန်တွေသာ ဖြစ်လာပါတယ်။

ဒီစနစ်ဆိုးကြီးကြောင့် ဆန်စပါးကရမယ့် တိုင်းပြည်ဝင်ငွေလဲ ရသင့်သလောက်မရ။ လယ်သမားတွေလည်း ပင်ပန်းသလောက်အကျိုးမရှိ။ ပြည်သူတွေလည်း ဆန်ဈေး သက်သက် သာသာ မစားရ။ တပ်မတော်သားတွေလဲ ဆန်ကွဲ စားနေရပြီး တကယ် အကျိုးဖြစ်ထွန်းနေသူတွေကတော့ ဈေးကွက် အားလုံးကို အာဏာနဲ့ လက်ဝါးကြီး အုပ်ထားသူတွေနဲ့ ပုလင်းတူ ဘူးဆို့ ကပ်ပါးတွေပါပဲ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts