>More tighter security in Rangoon ahead of 19th July

>

အာဇာနည်နေ့ ရန်ကုန်လုံခြုံရေး တင်းကျပ်စွာချ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၁၉၊ ၂၀၁၀
ယနေ့ကျရောက်သည့် ၆၃ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတ၀ိုက်နှင့် မြို့၏ လမ်းဆုံလမ်းခွများတွင် လုံထိန်းရဲများ ချထားပြီး လူထုလှုပ်ရှားမှုများ မဖြစ်ပွားနိုင်စေရန် လုံခြုံရေး တင်းကျပ်စွာချထားသည်ကို တွေ့ရသည်။
ရွေတိဂုံဘုရား မြောက်ဘက်မုခ်အဆင်းအတက်ကို လုံးဝပိတ်ဆို့ထားပြီး အနောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်မုခ်များတွင်လည်း ဓါတ်လှေခါးသုံးစွဲခွင့် မပေးပဲ ရပ်ထားပြီး လှေခါးမှသာ အဆင်းအတက်ပြုလုပ်စေသည်။ အရှေ့ဘက်မုခ်ဦး စောင်းတန်းတလျှောက်ရှိ ပန်းနှင့် နိဗ္ဗာန်ကုန်ဆိုင်ခန်းများ အားလုံး ပိတ်ထားရကာ လုံထိန်းရဲများ အများအပြား ချထားသည်ကိုတွေ့ရှိရသည်။
အလယ်ပစ္စယံပတ်သည့် ကားလမ်းပိတ်ထားပြီး အာဇာနည်အုတ်ဂူအား လာရောက်ဂါရ၀ ပြုမည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ အနေဖြင့် အဆိုပါ အလယ်ပစ္စယံလမ်းမှ တဆင့်ဝင်ရသည်ကိုတွေ့ရသည်။
ယခုနှစ် အာဇာနည်နေ့ အခမ်းအနားကို ရွေးကောက်ပွဲ ဥပဒေ အရမှတ်ပုံတင်ကာ အသစ်ဖွဲ့စည်းသည့် နိုင်ငံရေးပါတီများမှ တက်ရောက်ဂါရ၀ ပြုခွင့်ပေးသော်လည်း မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းမရှိဟု သတင်းများအရ သိရှိရသည်။
အာဇာနည်နေ့နှင့် ပတ်သက်ပြီး အာဇာနည်များကျဆုံးချိန်တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ရေဒီယိုမှသော်လည်းကောင်း၊ သင်္ဘောများ ဥသြဆွဲခြင်းတို့ကို မပြုလုပ်တော့သည်မှာ နှစ်အတန်ကြာခဲ့ပြီး အများပြည်သူများနှင့် နောင်မျိုးဆက်သစ် လူငယ်များ အာဇာနည်နေ့နှင့် ပတ်သက်သည့် နောက်ခံအဖြစ်အပျက်များကို စာသင်ကျောင်းများတွင်လည်း အသိပေး ပြောကြားခြင်းမရှိတော့ဟုအသက်၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။   
ယခင်ကကဲ့သို့ စာသင်ကျောင်းများတွင် အာဇာနည်နေ့နှင့်ပတ်သက်ပြီး ဟောပြော အသိပေးခြင်းမရှိသဖြင့် ပုဂ္ဂလိကပိုင် အပတ်စဉ်ဂျာနယ်များတွင် အာဇာနည်နေ့နှင့် ပတ်သက်သည့် အချက်အလက်များမှတ်တမ်းများအား ဖေါ်ပြရန်ကြိုးစားလာ ကြသည်ကိုလည်းတွေ့ရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts