>Htain Linn Article – 67


> နိုင်ငံရေးနဲ့ စာပေအနုပညာ (၆၇)

ဗိုလ်အောင်ကျော်နေ့ သို့မဟုတ် ကျောင်းသားနေ့
ထိန်လင်း
ဇူလိုင် ၁၈၊ ၂၀၁၀

ဒီဇင်ဘာလ ၂ဝ ရက်နေ့ဟာ ‘ဗိုလ်အောင်ကျော်နေ့’ ဖြစ်သလို ‘ကျောင်းသားနေ့’လည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ၁၉၃၈ ခုနှစ်က ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးတဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ကျောင်းသားနဲ့ လူထုရဲ့ အမျိုးသားစိတ်ဓာတ်၊ တော်လှန်ရေးစိတ်ဓာတ်တို့ တိုးတက် ဖြစ်ပေါ်စေခဲ့တဲ့နေ့ကို အမှတ်ရစေဖို့ ‘ကျောင်းသားနေ့’လို့ သတ်မှတ်ခဲ့သလို အဲဒီဖြစ်ရပ်ကြောင့် ကျဆုံးခဲ့ရတဲ့ ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုခြင်းအားဖြင့်လည်း ‘ဗိုလ်အောင်ကျော်နေ့’လို့ အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၈ ခုနှစ်ဟာ ဝန်ကြီးချုပ် ဒေါက်တာဘမော်ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအစိုးရ လက်ထက်ဖြစ်ပါတယ်။ အဲဒီနှစ် နိုဝင်ဘာလ ၃ဝ ရက် (မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် နတ်တော်လဆန်း ၉ ရက်)နေ့မှာ ရေနံမြေသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ သပိတ်မှာပါဝင်တဲ့ လူထု ၁၂ဝဝ ကျော်ဟာ အရေးဆိုဖို့ ရန်ကုန်ကို ခြေကျင် ချီတက်ခဲ့ကြပြီး မကွေးကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဘဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေတို့ကလည်း ရေနံချောင်း ကျောင်းသားသပိတ်ကိစ္စအတွက် မကွေးကို ရောက်နေပါတယ်။ အမျိုးသားရေးဖြစ်တဲ့အတွက် အဲဒီကျောင်းသားခေါင်းဆောင် ၂ ယောက်က ရေနံမြေသပိတ်ကိစ္စမှာ ကူညီပြီး တရားဟောကြတဲ့အခါ ကိုလိုနီ အစိုးရက ဖမ်းဆီးပါတော့တယ်။

ဒီအတွက်ကြောင့် တက္ကသိုလ်သမဂ္ဂနဲ့ ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်တွေက အစည်းအဝေးတွေ ကျင်းပပြီး ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရတာကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာတပြည်လုံးက ကျောင်းသားအားလုံး ၃ ရက် သပိတ်မှောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီ့အပြင် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာလည်း ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသားတွေ စုပြီး ရန်ကုန်မြို့မှာရှိတဲ့ အတွင်းဝန်များရုံးကို ဝိုင်း၊ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ပြီး သပိတ်တားကြပါတယ်။

သပိတ်တားတယ်ဆိုတာက သပိတ်မှောက်တဲ့သူတွေက သူတို့သပိတ်မှောက်တဲ့ဌာနဆိုင်ရာမှာ လာရောက်အလုပ်လုပ်သူတွေ၊ လာရောက် တာဝန်ထမ်းဆောင်သူတွေကို အလုပ်မဆင်းဘဲ သူတို့လိုပဲ သပိတ်မှောက်ဖို့ လှုံ့ဆော်တာဖြစ်ပါတယ်။ အဲဒီလို ထောင်ချီတဲ့ ကျောင်းသားတွေရဲ့ သပိတ်တားမှုက အောင်မြင်ခဲ့ပြီး ဗိုလ်တထောင်နဲ့ ရေကျော်တဝိုက်က ပြည်သူလူထုကလည်း ကျောင်းသားတွေကို လာရောက်အားပေးခဲ့ကြပါတယ်။

ကျောင်းသားတွေ သပိတ်တားလိုက်တဲ့အတွက် အစိုးရ ရုံးဌာနတွေ ပိတ်လိုက်ရပါတယ်။ ဒီလိုနဲ့ မနက် ၁၁ နာရီလောက်မှာ ကျောင်းသားတွေဟာ ပြန်ကြဖို့လူစုပြီး အတွင်းဝန်များရုံးကို လှည့်ပတ်ကြွေးကြော်ကြပါတယ်။ ဒီအခါ မြင်းစီးပုလိပ်တွေက မြင်းနဲ့တိုက်၊ တုတ်နဲ့ရိုက် လုပ်တဲ့အတွက် ကျောင်းသားကျောင်းသူ အများအပြား ဒဏ်ရာရကုန်ပါတယ်။ စုစုပေါင်း ကျောင်းသား ၈ဝ လောက် ဒဏ်ရာရရှိခဲ့ပြီး တချို့ကျောင်းသားတွေက ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။ အဲဒီလို ဒဏ်ရာပြင်းထန်တဲ့အထဲမှာ ယုဒသန်ကောလိပ် ဥပစာအထက်တန်းကျောင်းသား ကိုအောင်ကျော်လည်း ပါဝင်ပါတယ်။ ကိုလိုနီအစိုးရကတော့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ကျောင်းသားတွေက အကြမ်းဖက်တဲ့အတွက် ထိန်းသိမ်းခဲ့ရတာ ဖြစ်တဲ့အကြောင်း၊ ရရှိတဲ့ဒဏ်ရာတွေက ပြောပလောက်အောင် မကြီးကျယ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခေါင်းမှာ ဒဏ်ရာအပြင်းအထန် ရခဲ့လို့ သတိရတချက် မရတချက်ဖြစ်နေတဲ့ ကိုအောင်ကျော်ကို တက္ကသိုလ်ဆေးရုံမှာ ကြပ်မတ်ကုသပေးခဲ့ပါတယ်။ ဒါကြောင့် သတိရလာတဲ့အခါ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ ဒီကြားထဲက “ကျနော်တို့ တိုင်းပြည်အတွက် အသက်စွန့်တယ်။ သေချင်သေပါစေ၊ ကျနော်သေပျော်ပြီ”၊ “ကိုလှရွှေ ဘယ့်နှယ်လဲ၊ ကျောင်းသားတွေ လွတ်လပ်ရေးနီးပြီ။ အရေးတော်ပုံ အောင်ရမယ်၊ အောင်ရမယ်” လို့ ရေရွတ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကိုအောင်ကျော်ရဲ့ အခြေအနေ မတိုးတက်တဲ့အတွက် တက္ကသိုလ်ဆေးရုံကနေ ဆေးရုံကြီးကို ပြောင်းရွှေ့ ကုသခဲ့ပါတယ်။ ဒီလိုနဲ့ တတိယမြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာတော့ ကိုအောင်ကျော် ကွယ်လွန်ခဲ့ရပါတယ်။

နောင်အခါ တတိယကျောင်းသားသပိတ်လို့ ခေါ်တွင်ရမယ့် ဒီဖြစ်ရပ်ကြီးဟာ ကျောင်းသားလောကနဲ့တကွ တနိုင်ငံလုံး သိမ့်သိမ့်တုန်အောင် လှုပ်ရှားစေခဲ့ပြီး ကိုလိုနီအစိုးရအပေါ် နာကြည်းစိတ်တွေနဲ့အတူ အမျိုးသားရေးစိတ်ဓာတ် ပိုမိုတက်ကြွလာခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့ ကြံတောသုသာန်မှာ ပြုလုပ်ခဲ့တဲ့ ကိုအောင်ကျော်ရဲ့ ဈာပနက သမိုင်းမှာ မကြုံဖူးလောက်အောင် စည်ကားခဲ့ပြီး ကိုအောင်ကျော်ကိုလည်း ပြည်သူလူထုက ‘နေမျိုးသီဟသူရ’ဘွဲ့နဲ့ ချီးမြှောက်ဂုဏ်ပြုခဲ့ပါတယ်။

ကိုအောင်ကျော်တို့ အရိုက်ခံခဲ့ရတဲ့ စပတ်လမ်းကို နောင်အခါ ဗိုလ်အောင်ကျော်လမ်းအဖြစ် ဂုဏ်ပြုထားသလိုပဲ ဒီဇင်ဘာလ ၂ဝ ရက်နေ့ကို ‘ကျောင်းသားနေ့’၊ ‘ဗိုလ်အောင်ကျော်နေ့’လို့ ခေါ်တွင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးရတဲ့အခါ စာပေနဲ့ အနုပညာလောကသားတွေက ကျောင်းသားတွေကို ဂုဏ်ပြုတဲ့၊ ကိုအောင်ကျော်ကို ဂုဏ်ပြုတဲ့ လုပ်ဆောင်မှုတွေနဲ့ ပြည်သူလူထုကို နိုင်ငံရေးစိတ် နိုးကြားစေခဲ့ပါတယ်။ ဒီလို ဂုဏ်ပြုဖွဲ့ဆိုတဲ့အထဲမှာ ဗိုလ်အောင်ကျော်သီချင်းလည်း ပါဝင်ခဲ့ပြီး မြို့ရောတောပါမကျန် ပျံ့နှံ့ခဲ့ပါတယ်။ ဒီသီချင်းကို အဲဒီတုန်းက တောင်သာမြို့နယ် ကန်မြဲရွာမှာ နေထိုင်ခဲ့တဲ့ ကဗျာဆရာကြီး တင်မိုး က ဘဝတလျှောက်လုံး မှတ်မိနေပြီး နောက်လူတွေ ကြားဖူးအောင် အခုလို ဆိုပြခဲ့ပါတယ်။

ဗိုလ်အောင်ကျော်သီချင်း

(အို ဆိုးတဲ့ကြမ္မာ ကိုယ်ကျိုးတွက်မပါ သယ်ပိုးရွက်ရာ၊ သနားသနော် နေမျိုးသီဟသူကျော် ရဲဘော် ရဲဘော် တို့ရဲဘော်။ )၂

တားဆီးချုပ်ချယ် တတိုင်းလုံးည‡ိုးငယ်၊ ပြုပလေ ထုချေ ဥပဒေအတွက်ကယ် ရက်စက်ပါပေ့နော်။ အိုရဲဘော် တို့ရဲဘော် ကျနော်တို့ရဲ့ရဲဘော် ဘဒ္ဒကမBာမြေ ကမBာမကြေေºကွးကြော် နောင်ဥဒါန်း မကြေနိုင်သနော် ရဲဆုပန်ခဲ့သသော်။

ခေါင်းဆောင်လမ်းပြ ဗိုလ်အောင်ကျော် အသက်တောင် မမက်ပေါင် စွန့်စားသနော်၊ တို့တတွေ မကျေချမ်းနိုင်ဘူးနော်။ ။

ဒီသီချင်းကို ဘယ်သူရေးတယ်ဆိုတာ အတိအကျ မမှတ်မိပေမယ့် ဆရာ ရွှေညာမောင် ရေးခဲ့တယ်လို့ ထင်တဲ့အကြောင်း ဆရာတင်မိုးက ပြောပြခဲ့ပါတယ်။ သီချင်းအမည်၊ တေးရေးသူ အတိအကျ သိရှိတဲ့သူတွေက မှတ်တမ်းတင်ခဲ့ကြမယ်ဆိုရင်တော့ တန်ဖိုးရှိတဲ့ အထောက်အထားအဖြစ် သမိုင်းမှာ ကျန်ရစ်မှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၁၄၊ ၁၂၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts