>Than Shwe wants to be king of fourth Burman empire

>

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်သူ ဖြစ်လိုဟု ဆို
မိုးမခအထောက်တော် အမှတ် ၂
ဇူလိုင် ၁၈၊ ၂၀၁၀ နေပြည်တော်ဟု အမည်ပေးထားသည့် မြို့တော်သစ်ရှိ ရှေးဘုရင်ရုပ်တုကြီးများရှေ့မှ ဗိုလ်ချုပ်မှူးကြီး


ဗိုလ်ချုပ်ကြီးသန်းရွှေသည် စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သူ့ကိုယ်သူ ယူဆထားကြောင်း ၀ါရှင်တန်မြို့ မြန်မာသံမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို ပြောသည်။

“ဒါကြောင့်မို့လို့လည်း တွေ့ပါလိမ့်မယ်၊ ဘုရင့်နောင်ပုံတို့ အလောင်းဘုရားပုံတို့ ရုပ်တုတွေပေါ့လေ၊ လျှောက်ထုပြီးတော့မှ သူသာလျှင် စတုတ္ထမြောက် မြန်မာနိုင်ငံကို ထူထောင်တဲ့သူ ဆိုပြီးတော့မှ ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်ပြီးတော့မှ၊ ဗိုလ်ချုပ်အောင်ဆန်းထက် သူက ပိုပြီးတော့မှ တော်တယ်၊ သူပိုပြီးတော့ လုပ်နိုင်တယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်” ဟု ဆို သည်။

ထိုပြောကြားချက်ကို VOA က ယနေ့ နံနက်တွင် ထုတ်လွှင့်သွားသည်။

“ဒီငတိသာ၊ ဒီငတိဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ဆိုလိုတာပါ – – ဒီငတိသာ ဆက်ရှိနေလို့ရှိရင် အခု ငါလုပ်နေသလောက် သူ လုပ်နိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ လေသံမျိုး ပြောခဲ့ဖူးတာကို ၀န်ကြီး တယောက်ဆီက တဆင့် ကျနော် ပြန်ပြီးတော့မှ ကြားခဲ့ဖူးပါတယ်” ဟုလည်း ဦးအောင်လင်းထွဋ်က ပြောသည်။

စစ်တပ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုခြင်း၊ ဓာတ်ပုံ ချိတ်ဆွဲခြင်း မပြုရန်လည်း အမိန့်ပေးထားသည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နံပတ် ၁ ခေါင်းဆောင် ဖြစ်လာပြီးနောက် ရိုက်နှိပ်ထုတ်ဝေသော ငွေစက္ကူများတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ထည့်သွင်းခြင်း မပြုတော့ပေ။

အသက် ၆၀ ပြည့်လျှင် စစ်တပ်မှ အငြိမ်းစား ယူရမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးသည် စစ်ဘက်တာဝန်များကို ကိုင်စွဲထားဆဲ ဖြစ်သည်။ ယခု အသက် ၇၇ နှစ် ရှိပြီဟု သိရသည်။

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက သူ့ကို ယခုနှစ်အတွက် ကမ္ဘာ့ အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင် စာရင်းတွင် တတိယအဆင့် သတ်မှတ်ထားသည်။

သူက စည်းကမ်းရှိသည့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts