>MoeMaKa Reporter Rangoon – Burmese Car Market and Regime’s Manupulation
>
တကျော့ပြန် လိုင်စင်မဲ့ကားများနဲ့ မြန်မာစစ်အစိုးရ လုပ်(စား)ကွက်များ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၁၆၊ ၂၀၁၀
လတ်တလော ရန်ကုန်နဲ့ အခြားမြို့ကြီးတွေက စီးပွားရေး လုပ်ငန်းရှင်၊ အရာရှိအရာခံ၊ ကုန်သည်ပွဲစားတွေ အကြား စိတ်အ၀င်စားဆုံး သတင်းလို့ပြောရရင် လိုင်စင်မဲ့ကားတွေ လိုင်စင်ပေးမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါလိမ့်မယ်။
၂၀၀၄ ခုနှစ်အစမှာ ဖမ်းဆီးခဲ့ဖူးတဲ့ လိုင်စင်မဲ့(၀စ်သောက်ကား) တွေကိုအခုလို အခွန်ဆောင်ပြီး လိုင်စင်ထုတ်ပေးမယ်ဆိုတဲ့ သတင်းဟာ ကြားရသူတွေ အတွက် အထူးအဆန်းလို ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ယခင်တလျောက်လုံး ငြိမ်းချမ်းရေး အဖွဲ့အစည်း ပိုင်ကား တချို့ကိုသာ ရာဂဏန်းမျှ လိုင်စင်ထုတ်ပေးခဲ့ဖူး တာကြောင့် ယခုသတင်းဟာ ထူးဆန်းနေတာပါ။
ဒီသတင်းသိုးသိုးသန့်သန့် ကြားနေတာ ၂ပတ်ကျော် သုံးပတ်လောက်ရှိပါပြီ။ ရန်ကုန်မှာတော့ မဟုတ်ပဲ နယ်စပ်မြို့တွေ ဖြစ်တဲ့ မြ၀တီ၊ ဘားအံ၊ မော်လမြိုင်များမှာ ဌါဆိုင်ရာ အရာရှိတချို့က အတွင်းသတင်းအရ သေချာတယ် ဆိုတာသိရှိပြီး ကိုယ်တိုင်သုံးဖို့ရာ လိုင်စင်မဲ့ ကားတစ်စီး နှစ်စီးဝယ်သိမ်းထား ကြပါတယ်။ ထိုအချိန်က နယ်စပ်မြို့တွေဖြစ်တဲ့ မြ၀တီ၊ ကော့ကရိတ်နဲ့ မော်လမြိုင်တို့မှာ လိုင်စင်မဲ့ကားတွေကို လိုင်းမပြေးဖို့ရဘူးလို့ တားမြစ်မိန့်ထုတ်တာတွေ အဖမ်းပြတာတွေကြောင့် အဆိုပါသတင်းဟာ မဖြစ်နိုင်ဘူးလို့ အချို့က ယူဆခဲ့တာပါ။ တကယ့်အဖြစ်မှန်ကတော့ စစ်ဗိုလ်ချုပ်တွေပိုင်ဆိုင်တဲ့ တန်ဖိုးကြီး အမြင့်ကားတွေကို အရင်ထုတ်ရောင်းဖို့ အချိန်ရအောင် အဖမ်းအဆီးပြခဲ့တဲ့ သဘောလို့တောင် ဆိုနိုင်ပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်ဝန်းကျင်မှာတော့ အကောက်ခွန်ဌါန၊ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေက ဌါနဆိုင်ရာအရာရှိများ မှတဆင့် လိုင်စင်မဲ့ကားတွေကို ဒဏ်ရိုက်ပြီး လိုင်စင်ပေးမယ့် သတင်းထွက်လာခဲ့တာပါ။
စစ်အစိုးရရဲ့ စည်းရုံးရေး လက်နက် သို့မဟုတ် ကားတင်သွင်းခွင့်လိုင်စင်
ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးစု လေးစုလုံးမှာ ကားဟာ အုပ်ချုပ်သူတွေရဲ့  စည်းရုံးရေး လက်နက်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ မဆလ လက်ထက်က မာဇဒါ ဘီ ၆၀၀ ကားများကလို လွှတ်တော် ကိုယ်စားလှယ်များကိုသာ ရောင်းချပေးပါတယ်။  အဲဒီနောက် ၁၉၈၁ ခုနှစ်ကျမှ နိုင်ငံခြားငွေ ပြန်ပို့တဲ့ သင်္ဘောသားတွေ၊ ပြည်ပ အလုပ်လုပ်ကိုင်ပြီး အခွန်ဆောင်သူတွေကို လိုင်စင်ချပေးပါတယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်ကျတော့ ပြန်လည်ပိတ်ပင်လိုက်တဲ့နောက် မြန်မာပြည် ကားဈေးဟာ ကားရဲ့ တကယ့်တန်ဖိုးနဲ့ အဆများစွာ မြင့်တက်လာခဲ့တာပါ။
အဲဒီလို မြင့်တက်လာတဲ့ အတွက်ကြောင့် ကားပါမစ် ရရှိတဲ့ စစ်အရာရှိကြီးတွေ၊ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်တဲ့ လူမျိုးစု လက်နက်ကိုင်တွေ၊ စစ်အစိုးရရဲ့ စီမံကိန်းကို လုပ်ဆောင်ပေးသူ လုပ်ငန်းရှင်ကြီးတွေသာ ရခဲ့ကြပါတယ်။ ဒီအထဲမှာ စစ်အစိုးရကို ထောက်ခံတဲ့ နိုင်ငံတော် သံဃာ့နာယက  အဖွဲ့ဝင်ဆရာတော်ကြီးများ အထိ ပါဝင်ခဲ့တာပါ။ ဒါကြောင့် ကားတင်သွင်းခွင့် လိုင်စင်(ပါမစ်) ဟာ သိန်းထောင်နဲ့ချီတန်တဲ့ လက်မှတ်လည်း ဖြစ်ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေး အဖွဲ့တွေ၊ စစ်ဗိုလ်ချုပ်တွေ၊ ဗဟိုသံဃာ့နာယကတွေကို စည်းရုံးနိုင်တဲ့ ကားလိုင်စင်ကို စည်းရုံးရေး လက်နက်လို့ ခေါ်ဆိုလိုက်တာပါ။ 
မဝေးတဲ့ အတိတ်က လိုင်စင်မဲ့ကားများ 
စစ်ထောက်လှမ်းရေး တွေနှိပ်ကွပ်ခံရပြီး လပိုင်းအကြာ ၂၀၀၄ အကုန် ၂၀၀၅ ခုနှစ်ဆန်းမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ လိုင်စင်မဲ့ကား စီးရေသောင်းဂဏန်းကို ဖမ်းဆီးပြီး စစ်တပ်ဝင်းတွေအထဲ သိမ်းဆည်းထားခဲ့ပါတယ်။  
၂၀၀၆ အစိုးရအဖွဲ့ နေပြည်တော် ပြောင်းစဉ်မှာ နေပြည်တော်ပြောင်းတဲ့ အရာရှိကြီးတွေကို ချွေးသိပ်တဲ့အနေနဲ့ ဖမ်းထားတဲ့ လိုင်စင်မဲ့ကားတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးခဲ့ ပါသေးတယ်။
အဲဒီနောက်မှာတော့ စစ်အရောင် ဆေးမှုတ်ပြီး စစ်တပ်သုံးလုပ်တာလုပ်၊ ဌါနဆိုင်ရာသုံး အဖြစ်အရေအတွက် ရာဂဏန်းချပေးတန် ချပေးပြီး ကျန်တဲ့ ကားစီးရေ ထောင်ဂဏန်းကိုတော့ ၂၀၀၈/ ၂၀၀၉ ခုနှစ်တွေမှာ သိန်းရာထောင်ချီတဲ့ဈေးနှုန်းနဲ့ လေလံကားအဖြစ် ရောင်းချခဲ့ပြန်ပါတယ်။
လေလံမတင်ခင် နှစ်နဲ့ချီ သိမ်းဆည်းထားရာမှာ ထိန်းသိမ်းတဲ့ စစ်တပ်က အစောင့်တွေက လိုချင်တဲ့ ပစ္စည်းတွေ ဖြုတ်ရောင်း ၊ ငွေယူပြီး ပစ္စည်းပေးဖြုတ်ခဲ့လို့ လေလံနဲ့ ၀ယ်ယူတဲ့အခါ ဘော်ဒီ အခွံနဲ့ အင်ဂျင်တုံး အခွံပဲရှိပါတော့တယ်။ သိန်း ၄၊ ၅၊ ၆ ရာနဲ့ပေးဝယ်တဲ့ ကားဟာ ထိုင်ခုံမပါ၊ အင်ဂျင်က ပိုက်တွေ ပစ္စည်းတွေ ဖြတ်ယူ ဖြုတ်ယူထားပြီး ဘေးမှန်မပါ၊ ရေညှိတက်ပြီးမဲနေတဲ့ ကားဘော်ဒီနဲ့ ဖြစ်ပါတယ်။ စစ်အစိုးရဟာ လိုင်စင်မဲ့ကားပိုင်ရှင်တွေဆီက သိမ်းဆည်း လိုက်တဲ့ကားကို တစစီဖြုတ်ရောင်းပြီးမှ အခွံကို သိန်းရာနဲ့ချီပြန်ရောင်းတဲ့ သဘောလည်း ဖြစ်ပါတယ်။ 
လိုင်စင်မဲ့ ကားခေတ် တစ်ပတ်ပြန်လည်
လိုင်စင်မဲ့ကားတွေ သိမ်းဆည်းလိုက်တဲ့ ၂၀၀၅ ခုနှစ်ကနေတွက်ရင် ၅ နှစ်ကြာမှာ တစ်ခါ စစ်အစိုးရက လိုင်စင်မဲ့ကားတွေကို အခွန်ပေးဆောင်ဖို့ စီစဉ်နေပြန်ပါပြီ။ ဘာလို့ တားမြစ်ထားတဲ့ တရားမ၀င်ဘူးလို့ပြောတဲ့ ကားတွေကို အခွန်ဆောင်ခွင့်ပြုဦးမှာပါလဲ။ အရိုးရှင်းဆုံး အဖြေကတော့ လူထုလက်ထဲက ငွေကိုလိုချင်လို့ပါပဲ။ လအတန်ကြာ ဆိုင်ကယ်တွေ အခွန်ဆောင်ခွင့်ပြုပြီးနောက်မှာ မော်တော်ကားကိုလည်း ဆိုင်ကယ်လိုပဲ အခွန်ဆောင်ခွင့်ပြုပြီး ကျပ်ငွေဘီလျံပေါင်း ရာထောင်ချီ ရယူဖို့ရည်ရွယ်ထားတဲ့ အစီအစဉ်တစ်ခုပဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။
ဥပဒေဆိုတာ နေ့နဲ့ည အတွင်း အမျိုးမျိုးပြောင်းလဲသွားအောင် စစ်အစိုးရကသာ လုပ်ဆောင်နိုင်ပါတယ်။ ယခင်က နအဖ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ မိသားစုပိုင် ကားတွေ၊ စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းဖြစ်တဲ့ ဦးပိုင်က ကားလိုင်စင် ရောင်းစားနေရာကနေ အခုတော့ အချိန်တိုအတွင်း ငွေမြန်မြန်ရအောင် မြန်မာနိုင်ငံထဲ ရောက်ပြီးသား ကားတွေ၊ မ၀င်ရသေးတဲ့ကားတွေကို အခွန်ကောက်တဲ့နည်းနဲ့ ငွေကြုံးယူဦးမှာပါ။
လူထုလက်ထဲမှ လည်ပတ်နေတဲ့ ငွေကြေးပမာဏ အများအပြား အုပ်ချုပ်သူ အစိုးရလက်ထဲ ပြန်ရောက်သွားဦးမှာပါ။ ဆိုင်ကယ်လိုင်စင် တစ်ကြိမ်ချပေးပြီးနောက် အဆိုပါမြို့တွေရဲ့ စီးပွားရေးမှာ တခါ ငွေရှားပါးသွားတယ်လို့ မော်လမြိုင်၊ မန္တလေး မြို့ခံတွေကပြောကြပါတယ်။ ဆိုင်ကယ်လိုင်စင်ချပေးတာဟာ အမြဲတမ်းမဟုတ်ဘူး ဆိုတဲ့အချက်ကြောင့် နယ်စပ်က ၀င်လာတဲ့ ဆိုင်ကယ်သုံးစွဲသူတွေဟာ ရှိစုမဲ့စု စုဆောင်းထားတဲ့ ငွေသိန်းဂဏန်းကို အစိုးရလက်ထဲ ထည့်လိုက်ရပါတယ်။ လုပ်ငန်း လည်ပတ်တဲ့အထဲ မှာအရင်းအနှီး လျော့ပါးသွားရတာကြောင့် အဆိုပါနယ်များမှာ စီးပွားရေး နှေးကွေးလာပါတယ်။
ယခု ကားလိုင်စင်ချပေးမယ့် ကိစ္စမှာ ဆိုင်ကယ်လိုင်စင်ဆောင်တဲ့ ငွေပမာဏထက် အဆရာနဲ့ချီတဲ့ငွေတွေ အစိုးရ လက်ထဲရောက်သွားရဦးမှာပါ။ အခုလိုသုံးလိုက်တဲ့ငွေဟာ လည်ပတ်တဲ့ အရင်းအနှီးမဟုတ်ပဲ တကြိမ်ထဲသုံးလိုက်ပြီး ပြန်ထွက်မလာတော့မယ့် ရင်းနှီးငွေပါ။
မြန်မာပြည်သူတွေအနေနဲ့ ကားအတွက်၊ ဖုန်းအတွက် ငွေသိန်းဆယ်ဂဏန်း ရာဂဏန်းနဲ့ချီ သုံးစွဲနေကြရပြီး အခြားသောနိုင်ငံထက် ၀င်ငွေနိမ့်တဲ့အနေအထားမှာ ဖုန်းနဲ့ကားအတွက်တော့ အခြားနိုင်ငံထက် အဆများစွာ ပိုသုံးနေကြရတဲ့ အခြေအနေပါ။
ယခု ဆောင်းပါးရေးတဲ့ အချိန်ထိ လိုင်စင်မဲ့ကားတွေ အခွန်ပေးဆောင်ရာမှာ ဘယ်လိုနှုန်းထားတွေနဲ့ ပေးဆောင်ရမလဲဆိုတာ တရားဝင် မကြေညာသေးပါဘူး။ အစိုးရက ရာဖြတ်တဲ့နှုန်းရဲ့ ၈၅ ရာခိုင်နှုန်းပေးဆောင်ရမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပြီး အစိုးရရဲ့ ရာဖြတ်နှုန်းဆိုတာ မကြေညာသေးတဲ့တာကြောင့်လည်း ကားဈေးကွက်က သူတွေစောင့်မျှော်နားစွင့်နေကြဆဲပါ။ သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံ နယ်စပ်အရောက် ကားတန်ဖိုး သိန်း၄၀၊ ၅၀ ရှိတဲ့ကားတစ်စီးကို လိုင်စင်အတွက် သိန်း ၄၊ ၅ ရာပေးသွင်းရမယ့် အဖြစ်ပါပဲ။ မြန်မာနိုင်ငံက ပြည်သူတွေ အနေနဲ့ တကယ့်တန်ဖိုးထက် ဆယ်ဆ အဆ ၂၀ ပိုပေးနေရတဲ့အဖြစ်က တော်ရုံနဲ့မလွတ်မြောက် နိုင်သေးပါဘူး။   
ဘာကြောင့် ယခုအချိန်မှာလုပ်တာလဲ
အခုအစီအစဉ်ကို ရွေးကောက်ပွဲ မတိုင်ခင်လုပ်ဆောင်တာဟာ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ ပြည်နယ်နဲ့ တိုင်းအလိုက် အုပ်ချုပ်မှုပုံစံပေါ်လာရင် ဗဟိုအစိုးရအနေနဲ့ ငွေကြေးလိုသလို ရယူဖို့ခက်ခဲလာနိုင်တဲ့ အချက်ကြောင့်လားဆိုတာ လည်းစဉ်းစားစရာ ရှိသလို၊ နောက်တစ်ချက်အနေနဲ့ ယခုလို ကားအခွန်ကရတဲ့ငွေတွေနဲ့ ရွေးကောက်ပွဲမှာ စစ်တပ်အစိုးရရဲ့ ရုပ်သေးပါတီ ကြံ့ဖွတ်အောင်မြင်အောင် လုပ်ဖို့လား ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရတဲ့ငွေတွေကို ဘယ်လိုသုံးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေတွေပါ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
Similar Posts