News Features

Zawari – 88 Generation Remembrance …



၈၈ ခေါင်းဆောင်နှစ်ဦးနဲ့ အမှတ်တရ
ဇာဝါရီ၊ ဇွန် ၁၂၊ ၂၀၁၃

သူတို့ရောက်လာချိန်မှာ ဝါရှင်တန်ဒီစီ၊ မယ်ရီလန်း၊ ဗားဂျီးနီးယား (Tri-State သုံးပြည်နယ်) တဝိုက်နေ မြန်မာမိသားစုများနဲ့ တဖတ်နိုင်ငံ ကနေဒါက အလည်ရောက်ရှိနေတဲ့ မိသားစုတချို့ တို့ Washington Dulles လေဆိပ်မှာ တပျော်တပါး သွားရောက်ကြိုဆိုခဲ့ကြတယ်။ နောက်ရက်တွေမှာ သူတို့ အမေရိကန်အစိုးရ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနဲ့ ဝါရှင်တန်ဒီစီမြို့ တော်မှာ တွေ့ဆုံဆွေးနွေး၊ အမေရိကန်ပြည်ထောင်စု အရှေ့ အနောက် တောင်မြောက်ကို စတင်ခြေဆန့်ပြီး သူတို့ကို မျှော်တလင့်လင့် စောင့်စားနေကြတဲ့ မြန်မာမိသားစု အသိုင်းအဝိုင်းများနဲ့ သွားရောက်တွေ့ဆုံကြတယ်။ မြန်မာပြည် အတိတ်သမိုင်း၊ ပစ္စုပ္ပန် နိုင်ငံရေးအခြေအနေ၊ အနာဂတ် နိုင်ငံတော်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး အိမ်မက်မျှော်လင့်ချက်တွေကို တရင်းတနှီး ဆွေးနွေးပြောဆိုကြတယ်။ ရောက်တဲ့ဒေသမှာ သူတို့တတွေကို မြန်မာမိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေဟောင်း၊ ရဲဘော်ရဲဘက်တွေက ဝမ်းပန်းတသာ ကြိုဆိုနှုတ်ဆက်၊ ဧည်ခံကြတာကို ကြားသိရလို့လည်း ကျနော်တို့တတွေ အလွန်ဝမ်းမြောက်မိကြတယ်။

(ကွန်ပျူတာ အလုံး ၅၀ လက်ဆောင်)
ကမ္ဘာ့အရှေ့ အနောက်ခြမ်း ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ပြီး နယ်မြေသစ်မှာ နေညအချိန် အပြောင်းအလဲနဲ့ ကြုံတွေ့ရပေမယ့် တစ်ရက်မနား သူတို့ကို ချစ်ခင်လေးစားတဲ့ မြန်မာမိသားစုများရှိရာ အမြို့ မြို့ အနယ်နယ်ကိုသွားပြီး အချိန်ပေးပြီး တွေ့ဆုံခဲ့တာကိုက မှတ်ကျောက်တင် လေးစားစရာတစ်ခု ဖြစ်နေတယ်။ တခြားပြည်နယ်မြို့ များမှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲများကို YouTube နဲ့ မိုးမခ အင်တာနက်စာမျက်နှာပေါ် တင်ထားတဲ့ ဗီဒီယိုမှတ်တမ်းများ၊ သတင်းများကိုကြည့်ပြီး သူတို့နဲ့ မြန်မာမိသားစုများ တရင်းတနှီး ချစ်ချစ်ခင်ခင် တွေ့ဆုံကြတာကို မြင်တွေ့ရပြီး ကျေနပ်မိပေမယ့်၊ တချိန်တည်းမှာ မနားမနေ ခရီးဆက်နေတဲ့ သူတို့ရဲ့  ကျန်းမာရေးကို ကျနော်တို့တတွေ စိုးရိမ်ပူပန်ခဲ့ကြတယ်။

(မေရီလန်း၊ ဒီစီ ပရိသတ်များ)
ဒီလိုနဲ့ ပထမဦးဆုံး ခြေချခဲ့တဲ့ ကျနော်တို့ မယ်ရီလန်း (ဝါရှင်တန်ဒီစီ) ကို သူတို့ ပြန်လည်ရောက်ရှိလာခဲ့တယ်။ ရက်ပေါင်းများစွာ မျှော်တလင့်လင့် စောင့်စားနေကြတဲ့ ဝါရှင်တန်ဒီစီ၊ မယ်ရီလန်း၊ ဗားဂျီးနီးယား (Tri-State သုံးပြည်နယ်) နဲ့ အနီးအနားပြည်နယ်များမှ မြန်မာမိသားစုများနဲ့ ဇွန်လ (၉) ရက်နေ့ ညနေ၊ သူတို့ မြန်မာပြည် ပြန်မထွက်ခွါခင် တညအလိုမှာ တွေ့ဆုံခဲ့ကြတယ်။  ရက်ရှည်ခရီးကြောင့် မောပန်းရိပ်များ ရှိနေပေမယ့် သူတို့အပြုံးမပျက်၊ တချက် မညည်းညူ၊ ဖော်ဖော်ရွေရွေ၊ ပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်တဲ့ ခန်းမထဲမှာ စောင့်ကြိုနေတဲ့ မိသားစု မိတ်ဆွေရဲဘော်များကို အခမ်းအနားမစခင် အချိန်ပိုင်းအတွင်းမှာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြော၊ ဓါတ်ပုံတွဲရိုက်ခံ၊ စာအုပ်၊ အင်္ကျီများမှာ အမှတ်တရ လက်မှတ်များထိုးပေး လုပ်ပေးတော့ အခမ်းအနား တက်ရောက်လာကြသူတွေ အတိုင်းထက်အလွန် ဝမ်းမြောက်ကြတယ်။ သူတို့ကို လေးစားချစ်ခင်တဲ့ မိတ်ဆွေများကို ဒီလို တလေးတစား ဆက်ဆံကြတာကိုက ပြည်သူ့ခေါင်းဆောင်များမှာ ရှိသင့်တဲ့ အရည်အချင်းတစ်ခု ဖြစ်တယ်လို့ မှတ်ယူမိတယ်။

( ၈၈ အမှတ်တရများ)
မယ်ရီလန်း ကွန်မြူနီတီအရေး ဦးဆောင်ကြိုးပမ်းဆောင်ရွက်ကြသူများက စီစဉ်ထားတဲ့အတိုင်း ညနေ (၅) နာရီခွဲမှာ ကမ္ဘာကျော် အထင်ကရ (၈၈) မျိုးဆက်ခေါင်းဆောင် “ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲ” ကို အခမ်းအနားမှူး ကိုရင်ထွေး၏ ကြိုဆိုနှုတ်ခွန်းဆက်နဲ့ ဖွင့်လှစ်လိုက်တယ်။ အခမ်းအနား အစီအစဉ်အရ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ ဒီမိုကရေစီတိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို အလေးပြုခြင်း။ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးသွားသော ရဟန်ရှင်၊ ပြည်သူပြည်သား တိုင်းရင်းသားများနဲ့ ကျောင်းသူကျောင်းသား ရဲဘော်အပေါင်းအား အောက်မေ့ဂုဏ်ပြု အထိမ်းအမှတ် (၈၈) စက္ကန့်ငြိမ်သက် ဆုတောင်းပြုခြင်းများကို ပြုလုပ်ပြီးနောက် (၈၈) ခေါင်းဆောင် ကိုကိုကြီး နဲ့ ကိုမင်းကိုနိုင်တို့ အလှည့်ကျ သူတို့ နိုင်ငံရေး ဖြတ်သန်းမှုအတွေ့အကြုံ၊ ခံယူချက်၊ ယုံကြည်ချက်၊ အတွေးအမြင်၊ မျှော်လင့်ချက်များကို ရုပ်ရှင်ကားကွက်များ ကြည့်နေရသလို တကွက်ချင်း ရင်သပ်ရှုမော ပုံဖော်ပြောဆိုသွားတယ်။ သူတို့ ထောင်တွင်းပြင်ပမှာ ကြုံတွေ့ရင်ဆိုင်ရတဲ့ ပြင်းထန်လှတဲ့ ခံစားမှုရိုက်ချက်များကိုလည်း လေပြေလေအေးလေးနဲ့ ဟာသနှော အရွှန်းသောပြီး ရိုးရိုးရှင်းရှင်း တင်ပြသွားချက်များကလည်း မှတ်သားလောက်ပေတယ်။

(၈၈ အမှတ်တရများ)
ခေါင်းဆောင်နှစ်ဦး အလှည့်ကျ ပြောဆိုပြီးနောက် တက်ရောက်လာကြတဲ့ ဧည်ပရိသတ်များ၏ အမေး၊ အကြံပြုချက်၊ ဝေဖန်သုံးသပ်ချက်များကို ရှင်းလင်းပြတ်သား၊ အရှိကိုအရှိအတိုင်း၊ ခံယူချက် ယုံကြည်ချက်အပြည့်နဲ့ တလေးတစား ရှင်းလင်းဖြေကြားကြတယ်။ ဒီနေရာမှာ သတိထားမိတာက တချို့  မေးခွန်းမေးခွင့်ရသူများရဲ့  အားနည်းချက်က မေးခွန်းတစ်ခု မေးမြန်းခွင့်ပြုထားတာကို လေးစားမလိုက်နာဘဲ၊ မေးခွန်းများစွာ မေးမြန်းခြင်း၊ မေးခွန်းနဲ့မတူ မိန့်ခွန်းနဲ့တူတဲ့ ပြောဆိုမှုများ၊ မိမိဘယ်သူဘယ်ဝါ ပေရှည်ခြင်း၊ မကျေနပ်ချက်များ မဆီမဆိုင် ဖွင့်ဟပြောဆိုခြင်းကိုလည်း စိတ်ရှည်လက်ရှည် နားထောင်ပြီး လိမ်မာပါးနပ်စွာနဲ့ ဖြေကြားသွားတယ်။

(၈၈ ရင်ထိုး အမှတ်တရ)
အခမ်းအနား ဒုတိယပိုင်းအနေနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ နှစ်ဦး လက်မှတ်ထိုးထားတဲ့ (၈၈) မျိုးဆက် ဒေါင်းတံဆိပ်ထိုး Polo Shirt အင်္ကျီနှစ်ထည်၊ ပန်းချီသန်းဌေးမောင် လှူဒါန်းတဲ့ ရွှေဝါရောင် တော်လှန်ရေး သရုပ်ဖော် ဆေးရောင်စုံပန်းချီကားချပ်တို့ကို မဲဖောက်ကြတယ် (မဲတစ်စောင်ကို (၅) ဒေါ်လာနဲ့ ရောင်းချထားတယ်)။ ဧည်ပရိသတ် (၃) ဦး မဲပေါက်သွားရရှိသွားတော့ မဲဖောက်ပစ္စည်းနည်းတာကို မကျေနပ်၊ ဘဝင်မကျသူက ကိုမင်းကိုနိုင်။ ဒီတော့ သူက နောက်ဘက်ခြမ်းမှာ လွှင့်ထူထားတဲ့ ခွပ်ဒေါင်းအလံနှစ်ခုမှာ သူတို့လက်မှတ်ထိုးပြီး မဲထပ်ဖောက်ကြတယ်။ နောက် သူတို့ယူဆောင်လာတယ့် (၈၈) မျိုးဆက်အဖွဲ့ အလံတော်ကိုလည်း လက်မှတ်ထိုးပြီး မဲဖောက်ပြန်တယ်။ ဒါနဲ့ မကျေနပ်သေးဘဲ သူတို့ ရင်ဘတ်မှာ ထိုးထားတဲ့ (၈၈) မျိုးဆက် ဒေါင်းတံဆိပ်ရင်ထိုးများကို မဲဖောက်ပြန်တယ်။ ပွဲကမပြီး အားလုံး အတိုင်းထက်အလွန် ပျော်ကြပြီး ဧည်ပရိသတ်များက အလိုချင်ဆုံး လက်ဆောင်တစ်ခုကို တောင်းဆိုတော့တယ်။ အဲဒါက သူတို့ပွဲဆက် ဝင်ဆင်ခဲ့တဲ့ တိုက်ပုံ။

(၈၈ တိုက်ပုံ အမှတ်တရ)
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကလည်း သူတို့ကို နှစ်ခါတောင်းစရာ မလိုဘူးဆိုတဲ့ ဖြေကြားချက်နဲ့ အမြတ်တနိုး ဝတ်ဆင်ထားတဲ့ တိုက်ပုံအနက်များကို မဲဖောက်ယူဖို့ ချွတ်ပေးတယ်။ ဒါပေမဲ့ စီစဉ်ကြသူများက (၈၈) မျိုးဆက်တို့ရဲ့  ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုများ ပေးနိုင်ဖို့အတွက် သူတို့တိုက်ပုံများကို လေလံတင်ရောင်းဖို့ ဆုံးဖြတ်ပြီး ဈေးနှုန်းခေါ်ရာ ကိုကိုကြီး တိုက်ပုံကို North Carolina က လာတဲ့ ကိုဝင်းဌေးဆိုသူက ဒေါ်လာ (၅၀၀) ပေးပြီး၊ ကိုမင်းကိုနိုင် တိုက်ပုံကိုတော့ မယ်ရီလန်းက မငြိမ်း က ဒေါ်လာ (၇၀၀) ပေးပြီး ရယူသွားတယ်။ နောက်ဆုံး (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အလံ မဲပေါက်သွားတဲ့ အမကြီးက အလံကို ပြန်လှူပြီး လေလံတင်ရောင်းဖို့ တိုက်တွန်းတာကြောင့် လေလံပစ်ရာ အခမ်းအနားဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့ဝင် မယ်ရီလန်းမြို့ သူ မမြတ်ယဉ်ချော က ဒေါ်လာ (၅၀၀) ပေးပြီး ထိုက်ထိုက်တန်တန် ရရှိသွားတယ်။

(၈၈ အမှတ်တရ ကံစမ်းမဲလက်ဆောင်)
နောက်ဆုံးပိတ်(ပွဲ) အိတ်နဲ့လွယပြီး‘ ပြန်မယ်ဆိုပြီး အခမ်းအနားအစမှာ ဟာသနှောကြုံဝါးခဲ့တဲ့ ကိုမင်းကိုနိုင်တစ်ယောက် မယ်ရီလန်းအခမ်းအနားမှာ တိုက်ပုံချွတ် ပြန်သွားရပေမယ့် တက်ရောက်လာကြတဲ့ ဧည်ပရိသတ်များ၏ စုပေါင်းအလှူငွေများ၊ လေလံရောင်းချပွဲမှာ ရရှိငွေများ၊ နဲ့ ဧည်သည်မိတ်ဆွေရဲဘော်များ အမှတ်တရ လက်မှတ်ရေးထိုးထားတဲ့ t-shirt နှစ်ထည်၊ မယ်ရီလန်း Baltimore မြို့ နေ မြန်မာလူငယ်တစု လှူဒါန်းတဲ့ computer laptop အလုံး (၅၀) ကို သူတို့နှစ်ဦး ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် တလေးတစား လက်ခံယူပြီး မြန်မာမိသားစုများနဲ့ နောက်ဆုံးမိနစ်အချိန်အထိ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲသွားခဲ့တယ်။

(၈၈ အမှတ်တရ ခွပ်ဒေါင်းအလံ)
ဒီလိုနဲ့ ညပိုင်း (၉) နာရီမှာ အခမ်းအနားကို အောင်အောင်မြင်မြင် ရုတ်သိမ်းခဲ့တယ်။ ဒါပေမဲ့ သူတို့ ပြန်ခွင့်မရသေး။ ပန်းချီဆရာ ကိုသန်းဌေးမောင်၊ ပန်းဒီဇိုင်းပညာရှင် မမအေး နဲ့ အခမ်းအနားဖြစ်မြောက်ရေး စီစဉ်တာဝန်ခံများ ကျကျနန၊ တခမ်းတနား ပြင်ဆင်ထားတဲ့ ခွပ်ဒေါင်းအလံများ ဝဲပျံနေတဲ့ စင်မြင့်ထက်မှာ အခမ်းအနားတက်ရောက်လာကြတဲ့ ဧည်ပရိသတ်အပေါင်းက ခေါင်းဆောင်နှစ်ဦးနဲ့ အမှတ်တရ သမိုင်းဝင်မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ယူချင်တာကြောင့် အချိန်ပေးပြီး တဦးချင်း၊ မိသားစုအလိုက် အလှည့်ကျ အရိုက်ခံပြန်တယ်။ နောက်ဆုံးတော့ စီစဉ်သူများ တောင်းပန်းချက်နဲ့ ၉ နာရီခွဲလောက်မှာ မောပမ်းနွမ်နယ်နေပြီဖြစ်တဲ့ ခေါင်းဆောင်နှစ်ဦးလည်း အားလုံးသော ဧည်ပရိသတ်များကို နှုတ်ဆက်ပြီး နောက်တနေ့ ပြည်တော်ပြန် ခရီးရှည်ကြီးအတွက် တချက်ငိုက်မြည်းဖို့ တည်ခိုအိမ်သို့ ပြန်သွားတော့တယ်။

(ပန်းချီသန်းဌေးမောင်ရဲ့ ပန်းချီကားနဲ့ …)
အခမ်းအနား စီစဉ်ဆောင်ရွက်သူများနဲ့ ဧည်ပရိသတ်များကို မေးကြည့်တော့ (၂၅) နှစ်ကျော် ခွဲခွါနေခဲ့ရတဲ့ ညီနောင်တော်များ၊ အထင်ကရ ခေါင်းဆောင်နှစ်ဦးနဲ့ နာရီပိုင်း တွေ့ခွင့် စကားပြောဆိုခွင့်၊ သူတို့ဟောပြောချက်များကို နားထောင်ခွင့်ရရှိလို့ ဝမ်းမြောက်ကျေနပ်ကြသလို၊ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီးတို့ကို အချိန်ပေးပြီး နွေးနွေးထွေးထွေး တွေ့ဆုံတဲ့အတွက် စီစဉ်ဆောင်ရွက်သူများနဲ့ မြန်မာမိသားစုများက အထူးအထူး ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုက်ပါတယ်။

ဓါတ်ပုံမှတ်တမ်း – အတာလင်း (မယ်ရီလန်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts