>Magic World Cup Burmese snake seized in South Africa

>

ကမ္ဘာ့ဖလား အနိုင်အရှုံးကို ထိန်းချုပ်သည့် မြန်မာ့မြွေတကောင် ဖမ်းဆီးရမိ
မိုးမခအထောက်တော် အမှတ် ဝဝ၈
ဇူလိုင် ၆၊ ၂၀၁၀ (ဓာတ်ပုံများ – Daily Voice)

အာဖရိကမှော်ဆရာများက ကမ္ဘာ့ဖလား အနိုင်အရှုံးကို ထိန်းချုပ်ရန် အစီအရင်အဖြစ် အသုံးပြုခဲ့ကြသည်ဟု ဆိုသော မြွေတကောင်ကို ဘောလုံးပွဲ ကျင်းပရာ တောင်အာဖရိကနိုင်ငံတွင် ဖမ်းဆီးရမိထားသည်ဟု AFP သတင်းဌာန၏ တနင်္လာနေ့ သတင်းတပုဒ်တွင် ရေးထားသည်။

တိရစ္ဆာန်များအား ညှင်းပန်းနှိပ်စက်မှုမှ ကာကွယ်သည့် အဖွဲ့ (SPCA) က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် သတ္တ၀ါမှာ မြန်မာ့မြွေမျိုးစိတ် စပါးကြီးမြွေတကောင်ဖြစ်ပြီး အရပ် ၉ ပေ ရှည်သည်ဟု ဆိုသည်။

တောင်အာဖရိက ပျောက်စေဆရာများက ဘောလုံးပွဲကာလတွင် ၀ိညာဉ်တို့နှင့် ဆက်သွယ်သည့်အခါ ထိုမြွေကို ကြားခံ သတ္တ၀ါအဖြစ် သုံးကြသည်ဟု SPCA ပြောခွင့်ရ အရာရှိ Sarah Scarthက ရှင်းပြကြောင်း AFP သတင်းတွင် တွေ့ရသည်။

“မြွေကို ကား နောက်ဘက်က အိတ်တလုံးထဲမှာ တွေ့တာပဲ။ သူတို့က မြွေကို ၀ိညာဉ်တွေနဲ့ စကားပြော ဆက်သွယ်တဲ့နေရာမှာ သုံးတယ်” ဟု သူက ဆိုသည်။

“လူတွေက မှော်ဆရာတွေကို ငွေကြေး ကန်တော့ပြီး ၀ိညာဉ်တွေနဲ့ စကားပြောခိုင်းတယ်၊ သူတို့ အားပေးတဲ့အသင်း နိုင်အောင် ကူညီဖို့ ပြောခိုင်းကြတာပေါ့လေ” ဟု သူက ပြောပြသည်။

ဖမ်းဆီးရမိသည့် မြန်မာ့မြွေမသည် နမိုးနီးယား ၀င်နေပြီး ပါးစပ်တွင်လည်း အနာတရ ဖြစ်နေသည်ကို SPCA အရာရှိများက စစ်ဆေး တွေ့ရှိရသည်။ ဘောလုံးပွဲ အနိုင်အရှုံးအတွက် ၀ိညာဉ်နှင့် ဆက်သွယ်နိုင်သည်ဟု မှော်ဆရာတို့က ဆိုသော မြန်မာ့မြွေကို ဆေးဝါးကုသမှု ပေးထားသည်ဟု သိရသည်။

ဖမ်းမိထားသည့် မြန်မာ့မြွေသည် ၉၆ ပါး ရောဂါကို ကုသနိုင်ပြီး နာမကျန်းသူများကို မည်သည့် ကုထုံးပေးသင့်ကြောင်း အကြံပြုတတ်သူဖြစ်သည်ဟု မြွေပိုင်ရှင် Siyabonga Mthethwa ကို ကိုးကားပြီး အိုင် အာဖရိက ဒေါ့ကွန် အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

ပိုင်ရှင်က မြွေကို ၂၀၁၀ ဟု အမည်ပေးထားသည်ဟု ဆိုသည်။ ၂၀၁၀ သည် အန္တရာယ် မပြုတတ်ကြောင်း၊ ညဘက်တွင် သူနှင့် မြွေနှင့် အတူတူအိပ်ကြောင်းကိုလည်း ရှင်းပြသည်။

သို့သော်လည်း အိမ်နီးချင်းများက မြွေဒေါက်တာကို ဖမ်းဆီးပေးရန် ပုလိပ်ဌာနသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

ပုလိပ်တို့က ၂၀၁၀ အမှု မည်သို့ ရှင်းရမည်ကို မဆုံးဖြတ်နိုင်သေးပေ။ လူနေရပ်ကွက်အတွင်း မြွေရှိခြင်းမှာ မသင့်လျော်ကြောင်းကိုသာ မှော်ဆရာတို့အား နားချခဲ့သည်ဟု ဆိုသည်။

သူ၏ မြွေ အန္တရာယ် မပြုတတ်ကြောင်း မြွေပိုင်ရှင် မှော်ဆရာ ပြသနေပုံကို
http://www.iol.co.za/index.php?set_id=1&click_id=3102&art_id=nw20100701104736773C809910 တွင် ကြည့်ရှုနိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts