>Htain Linn – To Healthy World

>

ကမ္ဘာကြီး ကျန်းမာပါစေ
ထိန်လင်း
ဇွန် ၁၊ ၂၀၁၀
          လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ‘ကမ္ဘာကြီး ကျန်းမာပါစေ’ ခေါင်းစဉ်နဲ့ ပြည်တွင်းက လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်မှာ ဆောင်းပါးရှည် ၃ ပုဒ်လောက် ရေးခဲ့ဖူးပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်စာတမ်း၊ ဆောင်းပါးပေါင်း ၁၀၀ ကျော်လောက်က ရရှိတဲ့အချက်အလက်များနဲ့ ကိုယ်တွေ့အမြင်ကို ပေါင်းစပ်ပြီး ရသပုံစံ နိဒါန်းများနဲ့ ရေးသားခဲ့တာပါ။
          ဆောင်းပါးတွေရဲ့ဦးတည်ချက်က လူသားတွေ ဖျက်ဆီးလိုက်လို့ ဆိုးကျိုးတွေဖြစ်သွားတဲ့ ကမ္ဘာကြီးက လူသားတွေကို ပြန်လည်ဒဏ်ခတ်ပုံများနဲ့ ဆင်ခြင်သင့်တဲ့အရာတွေကို ကြိုတင်ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ ပညာရှင်များလေ့လာပြုစုထားတဲ့ အချက်အလက်တွေ၊ တွေ့ရှိချက်တွေကို ဖတ်ရှုဖြစ်တော့မှ ကျနော်ကိုယ်တိုင် စိုးရိမ်ကြောက်လန့်မှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။
          ပညာရှင်များရဲ့ ခန့်မှန်းတွက်ချက်မှုများအတွင်းက သက္ကရာဇ် ဘယ်လောက်မှာ ကမ္ဘာပေါ်က လူဦးရေအားလုံးရဲ ၂၅ ရာခိုင်နှုန်းက သောက်ရေပြတ်လပ်မှု အခက်အခဲတွေ့ကြုံရမယ်၊ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ ပျော်ကျတဲ့အခါ ပစိဖိတ်သမုဒ္ဒရာအတွင်းက ဘယ်ကျွန်းတွေ ရေအောက်ထဲရောက်သွားနိုင်တယ်၊ စက်မှုလုပ်ငန်းတွေက ထွက်ရှိတဲ့ အဆိပ်ဓာတ်တွေကြောင့် အက်စစ်မိုးတွေ ဘယ်နေရာတွေမှာ ရွာကျနေတယ်၊ မီသိန်းဓာတ်ငွေ့တွေ ကလိုရိုဖလူရိုကာဗွန်တွေ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် အိုဇုန်းလွှာနဲ့ ဖန်လုံအာနိသင်တွေအပေါ် အကျိုးသက်ရောက်ပုံ စတဲ့အချက်ပေါင်းများစွာက ကမ္ဘာကြီးအတွက် စိုးရိမ်စရာဖြစ်ကြောင်း သိခဲ့ရပါတယ်။
          အဲဒီတုန်းက ကမ္ဘာကြီးက ဘေးဒုက္ခကြုံတွေ့နေရတဲ့ အာဖရိကတိုက်လို နေရာမျိုး ငါတို့တိုင်းပြည် တော်တော်နဲ့ မရောက်နိုင်သေးဘူး၊ ကြိုတင်ပြင်ဆင်ဖို့ အချိန်တွေ ရှိနေသေးတာပဲ၊ လူထုကို အသိပေးရမယ် စတဲ့ အတွေးနဲ့ အသိရှိခဲ့တာအမှန်ပါ။ ဒါပေမယ့် အခုတော့ ဘယ်သူမှ တွေးမထားတဲ့၊ မျှော်လင့်မထားတဲ့ အခြေအနေတွေ ကျနော်တို့တိုင်းပြည်မှာ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ ရင်ဆိုင်နေရပါပြီ။
          ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်ကစပြီး မြန်မာပြည်ရဲ့ သဘာဝ ရေမြေအနေအထားတွေ တဖြည်းဖြည်း ပျက်စီးလာခဲ့ပြီး ဆယ်စုနှစ် ၂ ခုလောက်ကနေ ဒီကနေ့အထိ တရှိန်ထိုး ပျက်စီးသွားရတယ်လို့ သာမန်လူတစ်ဦးရဲ့ အတွေ့အကြုံ အမှတ်အသားနဲ့ ကောက်ချက်ချမိပါတယ်။ အခြေခံအကြောင်းများက လူထုရဲ့ ပူးပေါင်းပါဝင်မှု အားနည်းလို့ မဟုတ်ဘဲ အုပ်စိုးသူများ တာဝန်ရှိသူများရဲ့ အသိနဲ့ ပညာမဲ့မှုက ပိုပြီးအဓိကကျနေပါတယ်။
          မြန်မာပြည်ကို အုပ်စိုးနေသူတွေက တိုင်းပြည်ရဲ့လက်ရှိအနေအထားတွေကိုသာမက အနာဂတ်ကိုပါ မတွက်ဆတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကို အကြံပေးနေတဲ့ ပညာရှင်ဆိုတဲ့သူများကလည်း ဘယ်လိုပညာရှင်တွေလဲ ဆိုတာ မစဉ်းစားတတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒီပလိုမာတွေ သင်တန်းတွေ မတက်ထားတဲ့ သာမန်လူတစ်ဦးအနေနဲ့ တွေးမိတာလေးတွေ တင်ပြချင်ပါတယ်။
          ကျနော် အလယ်တန်းကျောင်းသားလောက်က ကျိုက်ထီးရိုးကို ပထမဆုံး ရောက်ပါတယ်။ အဲဒီတုန်းက အမှတ်ရခဲ့တာက စိမ်းလန်းအုံ့ဆိုင်းနေတဲ့ ရေမြေတောတောင် သဘာဝတွေဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ ရေမြောင်ကြီးစခန်းပါ။ ကျောက်တုံးကျောက်စိုင်တွေကြားက ထွက်လာတဲ့ စိမ့်ရေတွေကို တမံလုပ်ပြီး သွယ်ပေးထားတဲ့ ရေတွေဟာ ၂၄ နာရီပတ်လုံး တရဟော စီးဆင်းနေပြီး အမျိုးသားတွေက ပိုက်လုံးကြီးတွေက ကျလာတဲ့ ရေတွေကို ချိုးကြသလို အမျိုးသမီးတွေကလည်း အဲဒီကနေ ဆက်လက်စီးဆင်းသွားတဲ့ စမ်းချောင်းငယ်အတွင်း ချိုးကြပါတယ်။ ငယ်ဘ၀မှာ ရောက်ခဲ့ရပေမယ့် ဒီမြင်ကွင်းကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ အဲဒါက မဆလ ခေတ်နှောင်းပိုင်း ကာလပါ။
          လက်ရှိ စစ်အစိုးရလက်ထက်အတွင်း ကျိုက်ထီးရိုးကို နောက်ထပ် ၂ ကြိမ်ရောက်တဲ့အခါ ပထမ မြင်ခဲ့တာတွေနဲ့ အများကြီးဆန့်ကျင် ပြောင်းလဲသွားတာ တွေ့လိုက်ရပါတယ်။ အရင်က စိမ်းစို အုံ့ဆိုင်းနေတဲ့ တောရိပ်တွေဟာ ကျဲပါးသွားပြီး အေးစိမ့်နေတဲ့အနေအထားကလည်း အပူဘက် ကူးပြောင်းသွားပါပြီ။ ရေမြောင်ကြီးကလည်း စမ်းချောင်းစီးဖို့ လုံလောက်တဲ့ စိမ့်ရေစမ်းရေတွေ မရှိတော့ပါဘူး။ ဒါဟာ တောပြုန်းပြီး ရေဝေကြောပျက်စီးကုန်တာ ဖြစ်ပါလိမ့်မယ်။ အကျိုးဆက်ကတော့ အပူချိန်မြင့်တက်လာမှာပေါ့။
          အင်းလေကန် ရေပြင် တဖြည်းဖြည်း နိမ့်ကျလာကြောင်း မြန်မာပညာရှင်တစ်ဦး စတင်ထောက်ပြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးလောက်ကတည်းက ဖြစ်ပါတယ်။ မြန်မာ့ဓန မဂ္ဂဇင်းမှာတောင် အဲဒါနဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ပါဖူးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အာဏာပိုင်ဘယ်သူကမှ အရေးမလုပ်ခဲ့ပါဘူး။ အခုတော့ ‘မသေခင် မြင်တွေ့သင့်တဲ့ ကမ္ဘာပေါ်က နေရာ ၁၀၀၀’ စာအုပ်ထဲမှာတောင် ထည့်သွင်းဖော်ပြခံရတဲ့ အင်းလေးကန်ကြီး အဆိုးဆုံး ရေခန်းခြောက်တာ ကြုံလိုက်ရပါပြီ။ အာဏာပိုင်တွေအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီက ပိုက်ဆံကို မျှော်လင့်နေတယ် ဆိုရင်တောင် ရေခြောက်နေတဲ့ ကန်ကြီးနဲ့ ဘယ်လို ငွေရအောင်ရှာမလဲ ဆိုတာက သတိပြုစရာပါ။
          မယုံကြည်နိုင်လောက်အောင် ခန်းခြောက်သွား အင်းလေးကန်ကြီး လိုပဲ အာဖရိမှာ တွေ့ကြုံခဲ့ရတဲ့ ရေပြဿနာ ကျနော်တို့ဆီ ရောက်လာခဲ့ပါပြီ။ အရင်က မိုးခေါင်ရေရှားရပ်ဝန်းလို့ ခေါ်ဆိုခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းရဲ့ ဒုက္ခတွေ ကျန်တဲ့အရပ်တွေမှာပါ ရင်ဆိုင်နေရပါပြီ။ အသိဥာဏ်နည်းတဲ့ အုပ်စိုးသူတွေက ဆည်မြောင်းတွေ ဘယ်လောက်တည်ဆောက်ပြီးပြီ၊ ရေကာတာတွေ ဘယ်လောက်ရှိနေပြီ ဆိုပြီး ကြွေးကြော်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ပြည်သူများက ခါးစည်းခံနေရပါတယ်။
          ထင်းရှားလို့ သစ်ပင်ခုတ်တာကို တားဆီးဖို့ မြန်မာ့သစ်တောက ‘သစ်တစ်ပင်ခုတ် အချုပ် ၃ လ’ လို့ အရင်က သတ်မှတ်အရေးယူခဲ့ပါတယ်။ ဒါပေမယ့် လူတွေက သိပ်မကြောက်လို့ ‘သစ်တစ်ပင်ခုတ် ထောင် ၃ နှစ်’ လို့ ပြောင်းခဲ့ရပုံကို သစ်တောဌာနက ဦးရီးတစ်ယောက် ပြောပြဖူးပါတယ်။ တကယ်တော့ သစ်ပင်တွေ အများအပြား ခုတ်ခွင့် ရနေသူတွေက မိသားစုအတွက် ခိုးခုတ်နေသူတွေမဟုတ်ဘဲ အာဏာပိုင်တွေဆီက လုပ်ကွက်ရနေသူတွေ ဖြစ်ပါတယ်။
          သစ်ခုတ်ရာမှာလည်း စည်းမျဉ်းစည်းကမ်းတွေအတိုင်း ခုတ်တာမဟုတ်ဘဲ ကိုယ်ပိုင်မြေအတွင်းက သီးပင်စားပင်တွေကို စိတ်တိုင်းကျ အသုံးပြုသလို ထင်တိုင်းခုတ်ပစ်တာပါ။ “ငါတို့က သူတို့ကို ပိုက်ဆံပေးပြီး ယူထားရတာလေ။ ဒီတော့ ရှိသမျှ အကုန်ခုတ်မှာပေါ့။ လူတိုင်း ဒီလို လုပ်ကြတာပဲ” လို့ ပါမစ်နဲ့ သစ်လုပ်ငန်း လုပ်ခွင့်ရသူတစ်ဦးက ပြောဖူးပါတယ်။ ဒီလိုခေတ်မျိုးမှာမှ သစ်တော့မပြုန်းရင် ဘယ်ခေတ်မှာ ပြုန်းမှာလဲ လို့ စိတ်မသက်မသာ တွေးမိပါတယ်။
          လူကြီးတွေ ပြောလေ့ရှိတဲ့ ‘ခါးတောင်းကျိုက်တခြား ဖင်တခြား’ လုပ်ရပ်တွေကိုလည်း အများသူငါ တွေ့နေရပါသေးတယ်။ ‘ကုန်သွားတဲ့ သစ်တောတွေ ဖြည့်ဆည်းဖို့’တဲ့ ကျွန်းစိုက်ခင်းတွေ စိုက်ပါသေးတယ်။ အဲဒီစိုက်ခင်းတွေက သစ်တောဌာနတွေ၊ သစ်တောတွေမှာ မဟုတ်ပါဘူး။ ရန်ကုန်မြို့လို မြို့ကြီးတွေက နေရာတွေမှာပါ။ ပြီးတော့ တစ်ပင်နဲ့တစ်ပင် ကပ်လျက်။ ဘာမှ စနစ်တကျမရှိတော့ တဖြည်းဖြည်း သေကုန်တာပဲ အဖတ်တင်ပါတယ်။
          ညောင်ဦးဘက်ရောက်တုန်းက ‘ကိုးခရိုင်စိမ်းလန်းသာယာရေး’ ဆိုတဲ့ စီမံကိန်းကြီးအောက်မှာ ဒုက္ခရောက်နေသူများကို တွေ့ခဲ့ပါတယ်။ သူတို့က ပူပြင်းလှတဲ့ ရာသီဥတုအောက်မှာ တနေကုန် ရေကားကြီးတွေ မောင်းပြီး ရေလောင်းနေရတာပါ။ စိုက်ထားတဲ့သစ်ပင်တွေက တော်ရုံနဲ့မသေအောင် အပင်ကြီးတော့မှ အုံလိုက် ရွှေ့ပြောင်းစိုက်ထားတဲ့ အရိပ်ရသစ်ပင်တွေမဟုတ်ဘဲ ပျိုးပင်တွေကို စိုက်ထားတာပါ။ စိုက်ထားတဲ့နေရာကလည်း အစုံ၊ တူရွင်းတောင်လို ကျောက်တောင်တွေပေါ်မှာပါ စိုက်ထားတာပါ။ ကျောက်သားပေါ်မှာ ပျိုးထားတဲ့သစ်ပင်ကို ရေဘယ်လောက်လောင်းရင် ရှင်သန်ကြီးထွားမယ်ဆိုတာ ကျနော်တော့ မတွက်တတ်ပါဘူး။ ရေလောင်းနေသူ သစ်တောဝန်ထမ်းကိုယ်တိုင်က “ဒီအပင်တွေ ရှင်မှာမဟုတ်ဘူး။ တာဝန်အရ လောင်းနေရတာ” လို့ ပြောပါတယ်။
          သစ်ပင်မခုတ်ဖို့ တောတောင်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဆောင်ပုဒ်တွေနဲ့ နှိုးဆော်ထားတာကို မန္တလေးကနေ မေမြို့၊ မူဆယ် သွားတဲ့လမ်းတလျှောက် နေရာပေါင်းများစွာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီလိုတကယ်တမ်းထိန်းသိမ်းဖို့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ ထိရောက်မှုရှိအောင်ရော လုပ်ဆောင်ကြပါသလား။ မေးစရာမေးခွန်းတွေ အများကြီးပါ။
          ဖွံ့ဖြိုးပြီး စနစ်ကျတဲ့ တိုင်းပြည်တွေမှာ ဆည်တွေ တည်ဆောက်တဲ့အခါ ရေဝေကြော ပျက်စီးနိုင်မှု ရှိမရှိ ဆိုတာတွေအပြင် ရေလွှမ်းဧရိယာတွေ၊ ရေထဲမှာနဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေတဲ့ သတ္တ၀ါတွေအပါအ၀င် ဂေဟစနစ်တွေ ဒါတွေအားလုံးကို တွက်ချက်ပြီးမှ တည်ဆောက်ကြတာပါ။ အရေအတွက်များများ တည်ဆောက်နိုင်တယ်ဆိုတာ ဂုဏ်ယူဖို့သက်သက် မဟုတ်ပါဘူး။
          မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေက သစ်တောပြုန်းတီးမှု၊ ရေဝေကြောတွေ ဂေဟစနစ်တွေ ပျက်စီးတာတွေနဲ့ ဆက်စပ်နေမယ်ဆိုရင် သံလွင်ရေကာတာ စီမံကိန်းတို့၊ မြစ်ဆုံရေကာတာ စီမံကိန်းတို့ အကောင်အထည်ပေါ် ပြီးစီးသွားရင် ဘယ်လောက် ပိုဆိုးသွားလေမလဲ။ တိုင်းပြည်ရဲ့အနာဂတ်ဟာ အုပ်စိုးသူများနဲ့သာ ဆိုင်တာမဟုတ်ပါဘူး။ ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့အရာပါ။ ဒါကြောင့် အနာဂတ်ကို ကြိုတင်စဉ်းစားပြီး မဖြစ်သင့်တာတွေ မဖြစ်ဖို့ နိုင်သလောက် လုပ်ဆောင်သင့်ပါတယ်။
          ကမ္ဘာကြီး ကျန်းမာဖို့ဆိုတာ မြန်မာပြည်လို နေရာဌာန၊ တိုင်းနိုင်ငံအားလုံး ကျန်းမာမှ ဖြစ်မှာပါ။ တချို့သောအရာတွေက ထိုင်ပြီး ညည်းတွားနေရုံ၊ ကံကြမ္မာကို ယိုးမယ်ဖွဲ့ရုံနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်လိုက်ဖို့ပါပဲ။          ။
ထိန်လင်း
၂၇၊ ၅၊ ၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts