>SPDC unties the elephant for media

>

ဆင်ဖြူတော်ကို ကြိုးဖြုတ်ပြီး စစ်အစိုးရ ဖြန့်ချိ
မိုးမခအထောက်တော် အမှတ် ၀၀၈
ဇူလိုင် ၅၊ ၂၀၁၀ Reuters သတင်းဌာနက ထပ်ဆင့်ဖြန့်သော ပုံတွင် ကြိုးများ ပါဝင်ခြင်း မရှိပေ။ ထိုပုံကို မြန်မာ့သတင်းစဉ်ထံမှ ရရှိသည်ဟု Reuters က ဆိုသည် AP သတင်းဌာနက ဖြန့်သော ပုံတွင် ဆင်ကို ကြိုးများဖြင့် တွေ့ရသည်။ ထိုပုံကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်စဉ် ရိုက်ကူးထားခြင်းဖြစ်သည်ဟု AP က ဆိုသည်။ သို့သော်လည်း ပုံက လွန်စွာ ကြည်လင် ပြတ်သားနေကြောင်း တွေ့ရသည်။

ဗိုလ်ချုပ်ကြီးတို့ ထုတ်ဝေသည့် ကြေးမုံ၊ မြန်မာ့အလင်း၊ The New Light of Myanmar သတင်းစာတို့တွင်လည်း ကြိုးမဲ့ဆင်များအဖြစ် တွေ့ရသည်


မကြာသေးမီက ဖမ်းဆီးရမိသည့် ရခိုင်ပြည်နယ်မှ ဆင်ဖြူတကောင်၏ ဓာတ်ပုံကို စစ်အစိုးရက ဖြန့်ချိစဉ် ဆင်တွင် ချည်နှောင်ထားသော ကြိုးများကို ကွန်ပျူတာ နည်းပညာဖြင့် ဖြတ်တောက် ဖယ်ရှားထားကြောင်း တွေ့ရသည်။

မြန်မာ့ရုပ်မြင်သံကြားက ဆင်ဖြူသတင်း ထုတ်လွှင့်ရာတွင်မူ ထိုဆင်ဖြူကို ကြိုး၂ချောင်း တန်းလန်းဖြင့် တွေ့ရသည်ဟု သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ Myanma News Agency (MNA) ခေါ် မြန်မာ့သတင်းစဉ်က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ထို “ပြင်ဆင်ထားသည့် ဓာတ်ပုံ” ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ဆင်ဖြူကိုသာမက ဘေးမှ ထိန်းချုပ်လိုက်ပါနေသည့် ဆင်တကောင်တွင် ချည်နှောင်ထားသော ကြိုးများကိုပင် ဖျက်ထားကြောင်း တွေ့ရသည်။

ဓာတ်ပုံကို မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း မိုးမခက မသိရသေးပေ။

အသားဖြူသဖြင့် အဖမ်းခံရသော ဆင်မသည် အသက် ၃၈ နှစ်ခန့် ရှိပြီဟု အစိုးရက ခန့်မှန်းသည်။ ပြည်ပ အခြေစိုက် မဇ္ဈိမ သတင်းဌာန၏ သတင်းတပုဒ်တွင် ထိုဆင်ဖြူမသည် အဖမ်းမခံရမီ မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ခံရသေးသည်ဟု ဆိုသည်။

သူ့အား ဖမ်းဆီးနိုင်ရေးအတွက် လူအင်အား၊ စစ်သားအင်အား များစွာ သုံးပြီး ရခိုင်ရိုးမကို တောနင်းရှာဖွေခဲ့ကြသည်မှာ လအတန်ကြာသည်ဟု ထိုဒေသမှ လာသော သတင်းများကို ကိုးကားပြီး ပြည်ပ အခြေစိုက် သတင်းဌာနပေါင်းစုံက ၀ိုင်းဝန်း ရေးသားခဲ့ကြသည်။

ဤတကောင်နှင့် ဆိုလျှင် လက်ရှိ စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးရမိသည့် ဆင်ဖြူပေါင်း ၄ ကောင်ရှိပြီ ဖြစ်သည်။

အရောင်ဖြူသည်ဟု ဆိုသည့် ထိုဆင်အားလုံးကို ရခိုင်ပြည်မှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုဒေသတွင် ဆင်ဖြူ မည်မျှ ရှိဦးမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြသေးကြောင်း ရန်ကုန်မှ မိုးမခ သတင်းထောက်များက ပြောသည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့သည် ဆင်ဖြူတော်ကို တန်ဖိုးထားသည့် သမိုင်းကြောင်းများ ရှိခဲ့သည်။ ဆင်ဖြူက ကောင်းကျိုးများ ဖြစ်ထွန်းစေသည်ဟု ယုံကြည်ခဲ့ကြသည်။


ခေတ်ပြောင်းသွားသော်လည်း ဆင်ဖြူသတ္တ၀ါကို အလေးပေးသည့်ဓလေ့ ဤဒေသတွင် ထွန်းကားဆဲဖြစ်သည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဖမ်းမိသည့် ဆင်ဖြူတကောင်ကို မြန်မာအစိုးရက “နိုင်ငံ့ကျက်သရေဆောင်” ဟု ဆိုလိုသည့် အမည်ပေးခဲ့သည်။ ထိုအမည်မှာ ရာဇဂဟ သီရိပစ္စယာ ဂဇရာဇ ဖြစ်သည်။

ထို “ရတနာဆင်ဖြူတော်” ကို ဓာတ်ပုံရိုက်ပြီး ပိုစတာအဖြစ် ထုတ်လုပ်ကာ ကျပ် ၃၀၀၀ ဖြင့် ရောင်းချခဲ့ရာ အလွန် အရောင်းသွက်ခဲ့ကြောင်း တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts