>Dr Maung Ba Chit – Burmese Community at NY – Albany

>

အမေရိကန် – နယူးယောက် -အယ်ဘနီက မြန်မာလူမှုအဖွဲ့အစည်း  မြင်ကွင်း
ဒေါက်တာမောင်ဘချစ်
ဇူလိုင် ၁၊ ၂၀၁၀
၂၁ ရာစုလူမှုအဖွဲ့အစည်း သည် အင်မတန်မှ လျှင်မြန်တိုးတက်နေတာကိုတွေ့ရပေမည်။
          သမိုင်းတွင် အတိုးတက်ဆုံးသောကာလဟုဆိုနိုင်သည့် ဤကာလ။
          မေတ္တာတွေနဲ့နေကြသည်။ အပြုံးတွေနဲ့နေကြသည်။
          ဒါပေမဲ့ တစ်ခါတစ်ခါလည်း အမုန်တရားတွေနဲ့ သေနတ် တွေအကြားနေရတာတွေလည်းရှိ၏။
          ကမ္ဘာဦးအစကတည်းက ရေကြည်ရာမြက်နုရာပြောင်းရွှေ့နေထိုင်ကြသော လူတွေထဲတွင် မြန်မာတွေ လည်း ပါဝင်သည်။ သို့သော် သူတို့သည် မြန်မာနိုင်ငံတွင် အခြေကျနေကြပြီ။ ပြောင်းရွှေ့မှုကို မလိုလားကြသူများ ဖြစ်ကြသည်။
          သူတို့သည် မိမိအရပ်မှာရှိတာနဲ့ စား၊ သင့်သလို နေထိုင်ကြသူများဖြစ်ကြသည်။
          သို့သော် သေနတ်မရှား သနားမရှိသူများအကြား လည်စင်းခံကြရသည်။
          နောက်ဆုံး မြန်မာသန်းပေါင်းများစွာသည် နယ်စပ်ကို ကျော်ပြေးခဲ့ရသည်။
          အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားရောက်နေကြသောမြန်မာတို့သည် မိမိတို့ ယဉ်ကျေးမှုကိုနှစ်သက် မြတ်နိုးကြသည်။ အမေရိကန်ရောက် မြန်မာတို့သည်လည်း  အကောင်းဆုံးဘဝကို တည်ဆောက်ရာတွင် မိမိသားသမီးမြေးမြစ်များကို မြန်မာစကား တတ်စေလိုသော ဆန္ဒရှိကြသည်။
ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတောာ် ဦးဣဿရိယ
ဘယ်သူတွေကူညီ
          အမေရိကန် နယူးယောက်ပြည်နယ် ရက်ဆလီယာ (ALbany, NY) ရောက်တော့ မောင်ဘချစ် ဘုန်းကြီးကျောင်း ကိုရောက်သည်။
          ကျောင်းထိုင် ဘုန်းတော်ကြီးဦးဣဿရိယက အစစအရာရာ ကူညီသည်။
          မြန်မာလူမှုအဖွဲ့အစည်းတစ်ခုလုံးကို ကိုဒီ၊ ကိုဂျေ၊ ကိုထွန်းထွန်း စသောလူပုဂ္ဂိုလ်များက ကူညီသလို၊ ဆရာတော် ဦးဣဿရိယကလည်း ကူညီသည်။
          မောင်ဘချစ်စောင့်ကြည့်သည်။
          ထိုလူပုဂ္ဂိုလ်များသည် အဆင်ပြေရုံ အစလောက် ကူညီသည်မဟုတ်ပါ။ အစစအရာရာ အစမှအဆုံး ကူညီတတ်ကြသည်။
          အမေရိကန်တွင် အချိန်သည် တန်ဖိုးရှိလှသည်။ အိပ်ချိန် စားချိန်များကို ဖဲ့ပေးသည်။
          တရားရုံးများ သွားရောက်ကာ အခမဲ့ ကူညီသည်။
          သင် ဘာလုပ်ချင်သလဲ။ ရင်စလီယာတွင် သူတို့အားလုံး ကူညီသည်။
          ဘုန်းတော်ကြီးဦးဣဿရိယကတော့ ပိုပြီး စမတ်ကျသည်။ သူ့ကို အမေရိကန်လူမျိုးများက ကူညီသည်။ သူက မြန်မာတွေအတွက် အမေရိကန်တွေကို အကူအညီတောင်းသည်။ သူတို့လိုအပ်သည်များကိုလည်း ကူညီသည်။
          ကားကို ကိုယ်တိုင်မောင်းကာ လူမှုရေးကိစ္စများ၊ ဘာသာရေးကိစ္စများကို ဆောင်ရွက်သည်။
          အမျိုး ဘာသာ သာသနာ ခွဲခြားမှု မရှိပါ။
          မြန်မာ့အရေးကို အကူအညီပေးခြင်း ဖြစ်သည်။
          နိုင်ငံရေးသမား လာလည်း ကူညီသည်။ စာရေးဆရာ လာလည်း ကူညီသည်။ အလုပ်ရှာလာသူတွေကိုလည်း ဆရာတော်က တလ ကိုးသီတင်း ကျွေးမွေးထားသည်။ သူသိသော လူမှုအဖွဲ့အစည်းမှ လူတွေကို အကူအညီတောင်းကာ အလုပ်ရှာပေးသည်။
          မြန်မာပြည်မှရောက်လာသော ဆရာတော်များကိုလည်း တရားပွဲ ကျင်းပပေးသည်။
          စားစရတ်၊နေစရိတ်ထိုင်စရိတ် မပေးရပါ။ ကားမောင်း သင်ချင်လျှင်လည်း အိပ်စိုက်သင်ပေးသည်။ ထိုနည်းတူ ကျောင်းရှိသံဃာများကလည်း ဘုန်းတော်ကြီးနှင့် တ တစိတ်ထဲတဝမ်းတည်း ကူညီသည်။
          ရက်စရီယာမှ တကာများကလည်း အင်မတန်တော်သည်။ လိုသမျှ ပစ္စည်း လေးပါး ပေးကမ်း ထောက်ပံ့သည်။
          

ဦးပဉ္စင်းဦးခေမိန္ဒက စာသင်နေပုံ
 

နွေရာသီ သင်တန်း

          ယခုကဲ့သို့ ရောက်လာသည့်အခါ မြန်မာလူမှုအဖွဲ့အစည်းရှိ ကလေးသူငယ်များ အားနေကြသည်။
          တို့ကျောင်းလာခဲ့ မြန်မာစာ သင်ပေးမည် … တဲ့။
          ကောင်းလိုက်တာ …
          ယမန်နေ့က မောင်ဘချစ်သည် ဆရာတော်ဦးဣဿရိယ၏ ဓမ္မဝါဒီအောင်မြေမင်္ဂလာ ကျောင်းကို ရောက်သွား လေ့လာသည်။
          ဦးပဉ္စင်းဦးခေမိန္ဒက စာအုပ်ဖြင့် စာရင်းယူသည်။
          အသက် (၆) နှစ်အထက် ကလေး (၂ဝ) ကျော်လာရောက်သည်။
          ထိုကလေးများကို ဒီနေ့တွေ့ရပါသည်။
          “ မမဝဝ ထထက အက ပထမ
          ကသာကပါ မမရာ ညည လ သာသာ
          ညအခါ  ငါ စာ ရ
          မမ ဝဝ ထထ က …”
          ကလေးတွေ စာတွေ ရးကြသည်။
          စာ ဆိုကြသည်။
          ကလေးတွေကို အသက်လိုက် အစုလေးတွေ ခွဲကာ သင်သည်။
          ရွာက ဘုန်းတော်ကြီးများလိုပင် ကြိမ်တစ်လုံးနှင့် စောင့်သည်။
          “တပည့်တော်သားသမီးကို မကျိုးမပဲ့ရင် ပြီးရော၊ ရိုက်ပြီး ဆုံးမနိုင်ပါတယ် …”
ဟု မြန်မာမိဘများက အပ်နှံပါသည်။
          ဦးခေမိန္ဒကတော့ ချောက်ရုံသာ ချောက်ပါသည်။
          စားပွဲပေါ်သာ တဖြန်းဖြန်းရိုက်သည်။
          ကလေးအများသည် အင်္ဂလိပ်စကားကို သေသေချာချာ ပြောတတ်ကြသည်။
          သို့သော် မြန်မာလို မေ့နေကြသည်။
          ဘုန်းကြီးကျောင်း ရောက်တော့လည်း သူတို့ မြန်မာလို ပြောတတ်ပြန်သည်။
          နိုင်ငံရပ်ခြား စာစကား သင်ကြားအပ်သည် မှတ် … တဲ့။
          မြန်မာစာသည် သူတို့အတွက် နိုင်ငံခြားဘာသာ ဖြစ်နေလေသည်။

သီလရှင် ဆရာကြီးသင်ကြးပြသ
ကျေးဇူးကမ္ဘာ
          ကျေးဇူးကြီးလှပါသည်။ ဆရာတော်နှင့် တကွသံဃာတော်များကို ကျေးဇူးတင်ပါသည်။
          အမေရိကန်ရောက်တော့ ကျွန်တော်တို့အားလုံး တွေ့ရမြင်ရသည်မှာ တယောက်ကို တယောက်၊ တဦးကို တဦး လေးစားခြင်း ပင်ဖြစ်သည်။ ထိုလေးစားမှုအကြားတွင် ပေါက်ဖွားလာသည်မှာ မေတ္တာစေတနာများ ဖြစ်သည်။
          ဆန်ပေးမှ ဆေးရ မလုပ်ကြပါ။
          ဆေးနှင့် ဆန် လိုသူများကို ပေးကြပါသည်။
(Community Service) တွင်ပါဝင် ကူညီကြသူများကို အထူးလေးစားမိပါသည်။
          အာဏာရူးများနှင့် သေနတ်တွေအကြား မေတ္တာတရားဖြင့် ရပ်တည်နေကြသော မြန်မာများလည်း မြန်မာပြည်တွင် များစွာ ရှိနေပါသေးသည်။ သူတို့ကို လေးစားကြောင်း ပြောလိုပါသေးသည်။
          လူလူချင်း ကူညီခြင်းဖြင့် ကောင်းကျိုးစေတနာ တည်ပါစေ။
(ဤဆောင်းပါးဖြင့် ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက်ရှိ  ဦးခေမိန္ဒ၊ ဦးပညာဝံသ၊ ဦးခေမာနှင့် ဆရာမကြီးဒေါ်စန္ဒာသီရိတို့ကို ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts