>Citizen of Burma Association to support charity drive for local volunteers’ group

>

ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက လူထုမဲဆန္ဒ ခံယူသည့် ဆုချီးမြှင့်ရေးလုပ်ငန်းအပြင် ပြည်တွင်းသို့ ကူညီသည့် အလှူခံလုပ်ငန်းကိုပါ တိုးချဲ့မည်ဟု ပြောကြား
မိုးမခအထောက်တော် ၀၀၂
ဇွန် ၃၀၊ ၂၀၁၀၁
၂၀၁၀ ခုနှစ်အတွက် မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူများကို မဲစစ်တမ်းများ ကောက်ယူပြီး အများဆန္ဒတောင်းယူ၍ ဂုဏ်ပြုချီးမြှင့်ခဲ့သည့် အစီအစဉ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဦးဆောင်သူ (ဦး) ကျော်သူကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ခဲ့သည့် အမေရိကန်ရောက် မြန်မာမိသားစုများ စုစည်းသည့် လှုပ်ရှားမှုက ၂၀၁၁ အတွက် ပြည်သူ့ဂုဏ်ရည်စာရင်းတင်သွင်းရန် အမည်စာရင်းများ လက်ခံလျက်ရှိသည်ဟု သိရသည်။
၎င်းတို့၏ ၀က်ဆိုက်စာမျက်နှာသစ်မှာ – http://2011.citizenofburma.org ဟု တွေ့ရှိရပြီး၊ မူလလိပ်စာဖြစ်သည့် http://citizenofburma.org က တဆင့်လည်း သွားရောက်နိုင်သည်ဟု ဆိုသည်။ ထိုဝက်ဆိုက်ဒီဇိုင်းအသစ်ကို ဥရောပနိုင်ငံရောက် ကိုမင်းကျော်က စေတနာဖြင့် တည်ဆောက်ပေးသည်ဟု သိရသည်။
အမေရိကန်ရောက် မြန်မာမိသားစုများ၏ ၀ိုင်းဝန်း အားပေးကူညီမှု၊ ဆောင်ရွက်မှုများဖြင့် လက်တွဲဆောင်ရွက်နေသည့် ပြည်သူ့ဂုဏ်ရည်အဖွဲ့က လုပ်အားပေးများ၊ အကြံဉာဏ်ပေးသူများ နှင့် စေတနာရှင် အလှူရှင်များကို တိုးချဲ့ကြိုဆိုလျက်ရှိရာ ၂၀၁၀ ခုနှစ်၏ ပြည်သူ့ဂုဏ်ရည် အမည်စာရင်းဝင် (၂၄ ဦး) ထံသို့ အများပြည်သူ၏ စိတ်ဆန္ဒအလျောက် ၀ိုင်းဝန်းလှူဒါန်းမှုများကိုလည်း အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
“လက်ရှိမှာ – ဦးကျော်သူတို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဦးအေးမြင့် (လမ်းပြကြယ်အဖွဲ့)နဲ့ မဖြူဖြူသင်း (HIV/ AIDS ဝေဒနာသည်နဲ့ မိသားစုများ စောင့်ရှောက်ရေး) တို့အတွက် အများပြည်သူက ၀ိုင်းဝန်းလှူဒါန်းမှုတွေကို အဆင်ပြေချောမွေ့မှု ရှိအောင် ဆောင်ရွက်ပေးပါတယ်။ အချို့ကတော့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းချင်တယ်။ အချို့ကတော့ အလှူငွေ ဖြတ်ပိုင်းကို ပြည်တွင်းကနေ ပြန်ပို့ပေးတာမျိုး လိုချင်တယ်။ တော်တော်များများကတော့ ပြည်သူ့ဂုဏ်ရည်က တာဝန်ခံပြီး အလှူငွေကို လက်ခံပြီး ပေးပို့တာမျိုးကို သဘောကျပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်တွင်းက ပြည်သူ့ဂုဏ်ရည်အမည်စာရင်းဝင်တဲ့ လူမှုရေးစွမ်းဆောင်သူ စေတနာရှင်အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေဆီကို ဒါနပြုကြတဲ့အလှူရှင်တွေကို အမည်နဲ့ စာရင်းထုတ်ပြန်ပြီးတော့ ၀က်ဆိုက်မှာ စုစည်း ပြန်ကြားသွားဖို့ စီစဉ်နေပါတယ်” ဟု ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတဦးဖြစ်သူ အယ်လ်အေမြို့က လုပ်အားပေးတာဝန်ခံတဦးဖြစ်သူ ကိုကျော်ဝဏ္ဏက ပြောကြားသည်။
၂၀၁၀ ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ပြီး မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို စာရင်းပြုစုခြင်း၊ အများပြည်သူ၏ စာရင်းတင်သွင်းမှု လက်ခံခြင်း၊ ဂုဏ်ပြုဆု ချီးမြှင့်ရန် ရန်ပုံငွေ စုဆောင်းခြင်း၊ အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြို့နယ်များအလိုက် လုပ်အားပေးအဖွဲ့များ၏ စုပေါင်းသဘောထားဖြင့် ပြည်သူ့ဂုဏ်ရည်အမည်စာရင်းဝင်များကို ထုတ်ပြန်ကြေငြာခြင်းတို့ ပြုလုပ်ခဲ့သော ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများသည် ၂၀၁၀ ဧပြီလတွင် အင်တာနက်ဆန္ဒမဲစနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် နောက်ဆုံးဆန်ကာတင် ၅ ဦးအနက်မှ မဲအများဆုံးရရှိသူ (ဦး) ကျော်သူ (နာရေးကူညီမှုအသင်း (ရန်ကုန်)) ကို ၂၀၁၀ ခုနှစ်၏ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ခဲ့သည်။
          ထိုနောက်ပိုင်း ၂၀၁၀ ဧပြီလကုန်နှင့် မေလဆန်းမှ စတင်ပြီး မြန်မာပြည်တွင်း သောက်သုံးရေ ရှားပါးမှုဒဏ်ကို ခံစားရသော ကျေးလက်များ၊ နယ်များသို့ ပြည်ပက စေတနာရှင်အလှုရှင်များက ငွေကြေးများ လှူဒါန်းလာကြရာ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း မိမိလုပ်အားပေးအဖွဲ့များဖြင့် ရန်ပုံငွေ စုဆောင်းခြင်း၊ လာရောက်ဆက်သွယ်ကြသူ မြန်မာမိသားစုများ၊ အစုအဖွဲ့များက အလှူငွေများကို မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်းစွမ်းဆောင်သူ အဖွဲ့များသို့ ရောက်ရှိရန် ကူညီပေးခြင်းများကို အများ၏ တောင်းဆိုချက်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
          “အခုချိန်မှာ ဆက်လက်ပြီးတော့ ဂုဏ်ယူဖွယ်ရာ မြန်မာများ ဆိုတဲ့ကဏ္ဍကို စာရင်းပြုစု နေပါတယ်။ မြန်မာပြည်တွင်းက စာနယ်ဇင်းသမားတွေနဲ့ စေတနာရှင်လုပ်အားပေးတွေဆီက အချက်အလက်တွေလည်း စုဆောင်းတယ်။ အခုလို အင်တာနက်ကနေပြီး အများက စာရင်းသွင်းတာကိုလည်း လက်ခံတယ်။ ဒါကို မြို့နယ်အလိုက် ၀ိုင်းဝန်းကြတဲ့ လုပ်အားပေးတွေ၊ လက်ရှိ ယာယီ တာဝန်ခံအဖွဲ့ဝင်တွေရဲ့ အများသဘောထားနဲ့အညီ ၀က်ဆိုက်ပေါ်မှာ ရွေးချယ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ရန် ရန်ပုံငွေ စုဆောင်းပြင်ဆင်ကြတာအပြင် ပြည်တွင်းက ပြည်သူ့ဂုဏ်ရည်အတွက် အမည်စာရင်းတင်သွင်းခြင်း ခံခဲ့ရတဲ့ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းတွေအတွက်ပါ တောင်းဆိုလာတဲ့ အခြေအနေ၊ လိုအပ်ချက် ပေါ်ပေါက်လာမှုပေါ်မူတည်ပြီးတော့ အလှူငွေလက်ခံတဲ့ အလုပ်ကိုပါ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ စည်းကမ်းစနစ်တကျနဲ့ ပရိသတ်ကို အသိပေးပြီး လုပ်နေတဲ့အကြောင်းကို အသိပေးပါတယ်”
          ဟု ပြည်သူ့ဂုဏ်ရည်အဖွဲ့ ပြန်ကြားရေး နဲ့ ဆန်ဖရန်ဘေးဧရိယာက လုပ်အားပေး တာဝန်ခံတဦးဖြစ်သူ (ကို) မောင်ရစ်က ပြောကြားသည်။
          ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ မူလလုပ်ငန်းစဉ်တရပ်ဖြစ်သော ပြည်သူ့ဂုဏ်ရည်ဆု အများသဘောထားဖြင့် ရွေးချယ် ချီးမြှင့်ခြင်းကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၁ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်အခမ်းအနားကို လာမည့် ၂၀၁၁ မေလအတွင်း ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် ကျင်းပနိုင်ရန်နှင့် ၂၀၁၁ နှစ်ဆန်းတွင် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်နိုင်ရန် ရန်ပုံငွေပွဲများ ပြုလုပ်ကြရန်၊ စသည့် ပဏာမသဘောတူညီချက်များအခြေခံလျက် လုပ်အားပေးများ၊ စေတနာရှင်များကို အသိပေး တိုင်ပင် ဆွေးနွေးလျက်ရှိကြောင်း ဆန်ဖရန်ဘေးဧရိယာ မြို့နယ်လုပ်အားပေးတာဝန်ခံတဦးထံက သိရှိရသည်။
          ယခုအချိန်ကတည်းက ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုများ ကျယ်ပြန့်အားပေးမှုများ ရရှိစေရေးအတွက် ရန်ပုံငွေ အထိမ်းအမှတ် ပိုစတာများ၊ ပို့စကဒ်များ ထုတ်ဝေ ဖြန့်ချိရန် စီစဉ်နေကြောင်းကို နယူးယောက်မြို့က လုပ်အားပေးတာဝန်ခံ ကိုဝေလ က မိုးမခသို့ ပြောကြားသွားသည်။
(ဓာတ်ပုံ – ပြည်သူ့ဂုဏ်ရည် ၂၀၁၀ ဆုရှင် (ဦး) ကျော်သူဖြင့် ဒီဇိုင်းထုတ်ထားသည့် ပိုစတာ၊ ပို့စကဒ် နမူနာ။ ဒီဇိုင်းပညာရှင် – ကိုမျိုး(Art))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts