>Law Eh Soe – Melody of Life

>

စည်းချက်
လောအယ်စိုး
ဇွန် ၂၉၊ ၂၀၁၀

ကိစ္စတခုနဲ့ ကျွန်တော် အမေရိကန်နိုင်ငံရောက် ကရင်ဒုက္ခသည်တွေနေထိုင်သော ရပ်ကွက်ကိုရောက်သွားရင်း သူမကို စတင်မြင်ဖူးခဲ့တာပါ။ သိပ်သေချာတာကတော့ … သူမ ပြုံးသောအပြုံးက အရက်ပြုံး၊ အရက်သမားများနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေဖြစ်ခဲ့ဖူးတော့ ဒီအရည်ဝင်ပြီး ကျေနပ်လို့ပြုံးတဲ့ အပြုံးပါ။

ကျွန်တော်ကိစ္စတခုနဲ့ အိမ်တအိမ်ကိုသွားအရှာ အိမ်မှားပြီးဝင်သွားမိတော့ သူမက ရပါတယ် ဆိုပြီး ကရင်လို ကျွန်တော့်ကို ပြောပါတယ်။ အမေရိကန်နိုင်ငံကို သူတို့ရောက်လာပေမယ့် အိမ်ရဲ့ပြင်ဆင်မှုနဲ့ သန့်ရှင်းမှု အနေအထားကတော့ ဒေါနတောင်ခြေရင်းက လယ်သမား၊ တောင်ယာ လုပ်ကိုင်စားသောက်သော မိသားစုရဲ့ အိမ်ပုံစံ အနေအထားအတိုင်းပါပဲ။

ရေခံမြေခံကို မမေ့ချင်သောသဘောတွေလည်း ပါမှာပေါ့။ တခါက ကလေးလေးယောက်ကို ဂရုစိုက်မှုနည်းလို့ ဆိုပြီး ကလေးစောင့်ရှောက်ရေးအဖွဲ့က စကားပြန်အဖြစ်ခေါ်လို့ သွားရပြန်တော့ သူမနဲ့ စကားပြောရပြန်ပါတယ်။ ဒီတခါတော့ အရက်မမူးတော့ပါဘူး၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်တော်တို့ကို ဧည့်ခံစကားပြောရှာပြီး မေးသမျှ မေးခွန်းတွေကို ဖြေရှာပါတယ်။

၎င်းရဲ့ခင်ပွန်းသည်ကိုမေးတော့ ထိုင်းဒုက္ခသည်စခန်းမှာနေထိုင်ရင်း စခန်းကနေခိုးထွက်ပြီး တောထဲက ဝက်ဝံတကောင်ကို ဟင်းစားနဲ့ သည်းခြေအတွက်ပစ်လိုက်မိတာ ယနေ့တိုင် ထောင်ထဲကမထွက်ရသေးကြောင်း သိလိုက်ရတယ်။ ပြီးတော့လည်း ထိုင်းရဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူမှုကြောင့် ဥပဒေအရ သူမ၏ခင်ပွန်းကို ထိုင်းနိုင်ငံမှတဆင့် ဘယ်တတိယနိုင်ငံကိုမှ ထွက်ခွင့် မပေးတော့ဘူးလို့ သူမရဲ့ပြောပြချက်အရ သိရပါတယ်။

သူမကိုပြောရင်တော့ အမြဲတမ်း ပြုံးပြုံးလေး နားထောင်နေတတ်ပြီး အမြဲတမ်း လုပ်ချင်တာ လျှောက်လုပ်တတ်သူတဦးပါ။ ကျွန်တော့ထက်သာတာကတော့ သူမရဲ့ ကားအစိမ်းရောင်လေးကို ကိုယ်တိုင် မောင်းပြီး တခါတခါ ကျွန်တော့်ဆီကို ရောက်လာတတ်ပါတယ်။ ဘာသာစကား အဆီးအတားတခုက သူတို့တတွေကို အခက်အခဲများစွာ ပေးပါတယ်။ ဒီအမေရိကန်နိုင်ငံကို ကျွန်တော်ရောက်တာ ၂ နှစ်နီးပါး ရှိနေပေမယ့် ယခုတိုင် ကျွန်တော် ကားမမောင်းတတ်သေးပါဘူး။

တနေ့ကိစ္စတခုကြောင့် သူမနဲ့ကျွန်တော် ကားကြုံလိုက်စီးရင်း သူမရဲ့ကားနဲ့ပတ်သက်ပြီး စကားစပ်မိပါတယ်။

“နေပါဦးညီမ … အခုမောင်းနေတဲ့ကားက ဘာအမျိုးအစားလဲ” လို့ ဆိုတော့ …

“အကိုရယ် … ကျွန်မလည်း ဘာအမျိုးအစားမှန်း မသိပါဘူး…။ ဝယ်တာ ၃ လလောက်ရှိပြီ။ ကားဆိုရင် မောင်းလို့ရရင် ပြီးရောမဟုတ်လား၊ အမျိုးအစားတွေ ဘာတွေ မလိုပါဘူး” တဲ့ လေ။ မှတ်သားလောက်စရာပါပဲ။

သူမရဲ့ကလေးတွေကို ဂရုစိုက်ကြည့်ရှုမှုနည်းတော့ ကလေးစောင့်ရှောက်ရေးအဖွဲ့ (ဃဏှ)က အရာရှိနဲ့ ကျွန်တော် နှစ်ပတ် တခါ သူမဆီ ရောက်နေကျပါပဲ။

အိမ်ထောင်ရှိသော အမျိုးသားတယောက်နဲ့ သူမတို့ရဲ့ လူမှုရေးသတင်းတွေ၊ ကျွန်တော်တို့ ကရင်ဒုက္ခသည် အသိုင်းအဝိုင်းအတွင်း ကြားလာရတော့၊ အားလုံး မဖြစ်သင့်တာတွေ မဖြစ်ရအောင် သူမကို ကျွန်တော် သတိပေးမိပါတယ်။

“ကျွန်မကတော့ ကင်းကင်းရှင်းရှင်းပဲ နေချင်တယ်၊ သူပဲ ခဏခဏ လာလာ နှောက်ယှက်နေလို့ကို ခက်နေတာ” ဆိုပြီး ပြုံးပြီး ကျွန်တော့်ကို ပြောတတ်စမြဲပါ။ အဲ့ဒီအမျိုးသားကိုလည်း သူမ အရမ်းမုန်းတယ်လို့ဆိုပြီး ပြောတတ်ပါသေးတယ်။

နောက်တော့ အဲ့ဒီ … သူ မုန်းပါတယ်ဆိုသော ကိုယ်တော်ချောလည်း၊ မယားဟောင်းရဲ့ အိမ်ပေါ်ကဆင်းပြီး သူမရဲ့အိမ်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့သွားပါပြီ။

“အစ်ကိုရယ် … ကျွန်မတို့နှစ်ယောက်က ငယ်ရည်းစားတွေပါ၊ ဟိုး … ထားဝယ်ဒေသမှာ ကရင်တော်လှန်ရေးကို အတူလုပ်ခဲ့ကြတုန်းကပေါ့” ဆိုပြီး ပြုံးလို့ …။ တဖန် သူမရဲ့အချစ်ဇာတ်လမ်းကလည်း၊ ဂန္ထဝင်ပဲဆန်သလားတော့ မသိဘူး၊ အခု သူတို့နှစ်ဦး ဇာတ်ပြန်ပေါင်းလိုက်တဲ့အချိန်မှာ တဖက်မှာ ကလေး ၄ ယောက်စီ။

ကိုယ်တော်ချောရဲ့ဇနီးသည်ကလည်း ဘဝမှာအားကိုးစရာဆိုလို့ ဒီယောက်ျားပဲရှိတာ၊ သူမရဲ့ဘဝတခုလုံး ပုံအပ်
ပြီး လေယာဉ်ပျံ အတူတူစီးကာ၊ ဒုက္ခသည်စခန်းကနေ ဒီအမေရိကန်ကို ရောက်ခဲ့တာ ကလေး ၄ ယောက်ရတဲ့ အထိပါပဲလေ။ ညနေတိုင်း သူမရဲ့သောကကိုဖြေဖျောက်ဖို့၊ အရက်တွေပဲ နင်းကန်သောက်နေတာကို ကြားရတော့ ကိုယ်တော်ချောရဲ့ဇနီးအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။

ဘယ်သူတွေ … ဘာပဲပြောပြော ငယ်ချစ်ဟောင်းနဲ့ ဘဝသစ်ကို အတူလျှောက်ရင်း အိမ်မက်တွေနဲ့ အပျော်ကြီး ပျော်နေသူကတော့ ပြုံးပိုင်ရှင်မမပါပဲ။ “သူက ကျွန်မခလေးတွေကို အရမ်းနားလည်တာ” – “သူ့ခမျာ … သူ့မယားဟောင်းနဲ့တောင် အဆက်အသွယ်လုပ်ခွင့် မရရှာဘူး” ဆိုပြီး မှတ်သားစရာ ဂရုဏာအသံနဲ့ ကျွန်တော့်ကိုတွေ့ရင် ပြောနေကျ။

ကိုယ်တော်ချောခမျာ ဘယ်အိမ်ပြန်လို့ရတော့မလဲ အသည်းနှလုံး မီးလောင်ကျွမ်းနေသော ကိုယ်တော်ချောရဲ့ ဇနီးသည်ဟောင်းက ကျွန်တော်တို့ ဘာဖလိုးမြို့ ကရင်ရပ်မိရပ်ဖကို သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်ပြီး (ချစ်လင်ဟောင်း) ကလေးတွေရဲ့ဖခင်သွားတော့ သားသမီးတွေရဲ့ရှေ့ရေး ကိစ္စတွေကို အပူတပြင်း လာရောက် တိုင်ပင်ရှာပါတယ်။ “ဒီကောင့်မျက်နှာကို လုံးဝ မမြင်ချင်တော့ဘူး … အိမ်ပေါ်ပြန်မတက်နိုင်အောင် ကူညီကြပါဦး” လို့ဆိုလာတော့ – သူ အိမ်ကို ရောက်လာတာနဲ့ (911) ကို ခေါ်ပြီး ရဲကိုအကြောင်းကြားဖို့ အကြံပေး စီစဉ်လိုက်ရတာပေါ့။

“ခင်ဗျားအိမ်က သားသမီးတွေကို ပြန်မတွေ့ဘူးလား” လို့ ကျွန်တော်က ကိုယ်တော်ချောကိုမေးတော့ ခမျာ မျက်နှာငယ်လေးနဲ့ “တွေ့ချင်တာပေါ့အစ်ကိုရယ် ဘယ့်နှယ့်ပြောတာတုန်း၊ ကျွန်တော် အိမ်အရိပ်နင်းတာနဲ့ ရဲခေါ်မယ်လုပ်တော့ ဘယ်လိုမှပြန်လို့မရတော့ဘူး” လို့ ပြောရှာတယ်။ ကျွန်တော်လည်း “အေး မင်းဒုက္ခ၊ မင်းပဲရှာတာ” လို့ဆိုတော့ … မျက်လုံးလေး ပေကလတ်၊ ပေကလတ်နဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်ရှာပါတယ်။ တကယ်ပါ၊ ကျွန်တော်လည်း ဒီပြဿနာဖြေရှင်းလို့ မတတ်ပါ။

တနေ့တော့ မိတ်ဆွေတယောက်က “ခင်ဗျားကြားပြီးပြီးလား … နော်အယ်မူး (အမည်ရင်း မဟုတ်ပါ) တယောက်
သူ့ရဲ့သားကို ဓားမြှောင်နဲ့လိုက်လို့ ရဲက ဖမ်းသွားပြီ” လို့ဆိုတော့ ကျွန်တော်က ဘာမှမသိသေးဘူး၊ ရုံးရောက် ဂတ်ရောက်ဖြစ်ရင် ဒီမြို့မှာ မြန်မာပြည်သားတွေအတွက် ကျွန်တော် စကားပြန်လုပ်ပေးနေကျပဲလေ၊ ကျွန်တော် သိသင့်တာပေါ့။

ဒီလိုနဲ့ တပတ်ကျော်ကျော်လေးကျတော့ ကျွန်တော် စကားပြန်လုပ်တဲ့ရုံးက “ခင်ဗျား နောက်တပတ် တနင်္လာနေ့ မနက်ကျရင် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ကြီး အချုပ်သားတယောက်ကို စစ်ဆေးဖို့ရှိတာ ခင်ဗျား သွားရမယ်” လို့ ဆိုတော့ – “နေပါဦး … သူက ဘယ်သူလဲ” လို့မေးလိုက်တော့ “နော်အယ်မူး ပါ” တဲ့ လေ … ဒါဆိုရင်တော့ သေချာသွားပါပြီ။

အချုပ်သားထောင်မှာ ဝတ်ရုံအနီကြီးဆင်မြန်းလို့ မမအယ်မူးကို တွေ့လိုက်ပါပြီ။ သူမ ကိုယ်ဝန်တောင် အတော့်ကို ရင့်နေပြီပဲ။ မပြောင်းလဲပါ၊ အပြုံးနဲ့ ကျွန်တော့်ကို နှုတ်ဆက်ရှာပါတယ်။ သူမ ဖြတ်သန်းခဲ့သော လောကဓံ တရားတွေက ဒီ တည်ငြိမ်မှုကို ပေးထားပုံရပါတယ်။

“ကဲ – နင် ဘယ်လိုဖြစ်တာလဲ” လို့ မေးတော့ …

“ကလေးကို ဆုံးမတာပါ၊ ဘာမှထူးထူးခြားခြား ရာဇဝတ်မှုကို မကျူးလွန်မိပါဘူး” တဲ့လေ။ “ဟ … ဒါဆို ဘာဖြစ်လို့ ဒီအချုပ်ထဲ ရောက်နေရတာလဲ” လို့ မေးတော့ …

“ကျွန်မသား .. မနက်ကတည်းက အိမ်ကနေထွက်သွားလိုက်တာ … ည ကိုးနာရီအထိကို အိမ်ပြန်မရောက်ဘူး၊ အဲ့ဒါ ကျမစိတ်ပူပြီး သူ့ကိုလိုက်ရှာတာ၊ တွေ့လည်းတွေ့ရော သူက ပြေး၊ ကျမကလိုက် ကျမလည်းသူ့ကို မိတာနဲ့ ပါးကို ဘယ်ပြန်ညာပြန်ကို ရိုက်လိုက်မိတာပါ”

“အေး … ကောင်းပြီ၊ ရဲကို ဘယ်သူခေါ်လိုက်သလဲ” လို့ မေးတော့ …

“သမီးက ခေါ်လိုက်တာပါ” လို့ ပြောပြီး သူမ မျက်ရည်ကျရှာပါတယ်။ နောက်တော့ “ကျွန်မလေ-ကျွန်မယောက်ျားကို အရမ်းသတိရတာပဲ” တဲ့ လေ။

အယ် … သူမရဲ့ ချစ်ခြင်းမေတ္တာတရားကလည်း ခမ်းနားလိုက်တာ။

မနေ့ညနေပိုင်းလောက်မှာ ကျွန်တော်မသိ မရင်းနှီးသော တယ်လီဖုန်းနံပတ်နဲ့ ဖုန်းခေါ်လာတော့ ကျွန်တော်က “ဘယ်သူလဲကွ” လို့ မေးမိလိုက်တော့ …

“ကျွန်တော်ပါ”

“ဘယ်သူလဲကွ ကျွန်တော်ဆိုတာ”

“စောနေဘလူးပါ”

“ဘာကိစ္စလဲ”

“ကျွန်တော့်မိန်းမကို ရဲဖမ်းသွားတာ နှစ်ပတ်ရှိပြီ၊ အဲ့ဒါ သူ့ကိုဘယ်မှာထားမှန်း မသိလို့ပါ”

“ဘယ်မိန်းမလဲကွ”

“နောက်မိန်းမပါ အစ်ကို”

“အေး … ငါလည်း မသိဘူး”

“ကျေးဇူးပြုပြီး စုံစမ်းပေးပါဗျာ”

“အေး … ငါ သူ့ကို တွေ့ခွင့်ရရင် မင်းကို ပြန်ပြောပြမယ်”

“အစ်ကိုရယ် ကျွန်တော့်မိန်းမကိုတွေ့ရင် ကျေးဇူးပြုပြီး စကားလေးတခွန်းလောက် ပြောပေးပါ”

“ဟေ … ငါ ဘာပြောပေးရမလဲ” လို့ ဆိုတော့ …

“ကျွန်တော် သူ့ကို အရမ်းချစ်ပါတယ်၊ ပြီးတော့ အရမ်းကို သတိရနေပါတယ်” လို့။

ကျွန်တော် ပြုံးမိပါတယ်။ ကရင် ခေတ်သစ် ကိန္ဒရီကိန္ဒရာတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဆိုတာ ကန္တာရထဲက လမင်းပဲမဟုတ်လား။

ကဲ … ဒီနေ့ ရုံးထုတ်ပြီ။

လက်ထိပ်ကြီးခပ်လို့ အမေရိကန် လူထွားထွားနှစ်ဦးကြားမှာ၊ သေးသေးညှက်ညှက်ကလေးနဲ့ သူမကို ပုံဖော်ပြီး မြင်နိုင်ပါတယ်။ မျက်နှာကတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလေးပါပဲ။ ကျွန်တော်ရဲ့နံဘေးမှာ ထိုင်နေသူက သူမရဲ့မိခင်ကြီး၊ ဇရာရဲ့အငွေ့အသက်၊ ကွမ်းသွေးတွေ ပေကျံနေသော နှုတ်ခမ်း၊ အသက်က ခြောက်ဆယ်ကျော်ကျော်၊ အမေရိကန်ရဲ့ပြစ်မှုဆိုင်ရာ တရားရုံးမှာ ကရင်ထမိန်ကြီးဝတ်လို့။ ပြီးတော့လည်း ကရင်လွယ်အိတ်ကလေးကို လွယ်ရက်သား။ သူမခမျာ ဒီအမေရိကန်နိုင်ငံကိုရောက်သော ၂ နှစ်ကျော် ကာလအတွင်းမှာ ဘောင်းဘီရှည်ကိုတောင် တော်တော်ခက်ခက်ခဲခဲ ဆင်မြန်းခဲ့ပုံရတယ်။ ဒီ သမီးအတွက် တရားရုံးကိုလာသောအခါမှာလည်း သူမအတွက် အဆင်အပြေဆုံး ကရင်ထမိန်ကိုသာ ဝတ်လာခဲ့ခြင်း
ပဲဖြစ်မှာပါ။

လက်ထိပ်နဲ့သမီးကို တရားသူကြီးရှေ့ ရဲအစောင့်အရှောက်နဲ့ ခေါ်လာတာကိုမြင်တော့ သူမ မျက်ရည်ကျရှာတယ်။ တရားခံက ၎င်းရဲ့သမီး။ တရားလိုက သူမကိုယ်တိုင်။ မြေးကို ပါးရိုက်၊ ဓားနဲ့လိုက်တယ် ဆိုသောကိစ္စတို့အတွက် သူမက တရားစွဲရခြင်းပါ။ ကြေကွဲစရာလည်း ကောင်း၊ သူမတို့ မိသားစုအတွင်း သင်ခန်းစာယူစရာလည်း ကောင်းပါတယ်။

နော်အယ်မူး ဝန်ခံချက်ထိုးပြီး အချုပ်က ထွက်ရတယ်။ သို့ပေမယ့် ၎င်းရဲ့အိမ်ကို ပြန်ခွင့်မရတော့။ သူမ ဓားမြှောင်နှင့် လိုက်ခဲ့သည်ဆိုသောသားကြီးကို တွေ့ခွင့်လုံးဝမရတော့။ တယ်လီဖုန်းဆက်ခွင့် လုံးဝ မရှိတော့၊ သူမ၏ ယောင်းမတော်သော အမျိုးသမီးတယောက်၏နေအိမ်တွင် သွားရောက်နေထိုင်ရပေတော့မည်။

“ကျွန်မရဲ့သားကို … ဘယ်တော့မှ ပြန်တွေ့လို့မရတော့ဘူးလား” လို့ ကျွန်တော့်ကို မေးရှာပါတယ်။
“အေး … ညီမ အေးအေးဆေးဆေးနေပြီးတော့ ဥပဒေကိုလေးစား၊ အသောက်အစား မရှိဘူးဆိုရင်တော့ တရားသူကြီးက ပြန်စဉ်းစားမှာပေါ့” လို့သာ ကျွန်တော် ပြောနိုင်ပါတော့သည်။

တရားရုံးမှ ကျွန်တော်တို့ထွက်တော့ သူမကို ကျွန်တော်မေးမိသည်။

”ညီမအချုပ်မှာဘယ်နှစ်ရက်နေခဲ့လဲ”

“၁၀ ရက်ပါ”

“ဘယ်လိုလဲ … အချုပ်ထဲမှာနေခဲ့တာ” ဟု ဆိုတော့ …

“ပေါင်မုန့်တွေပဲ၊ စားနေရတာ၊ အိမ်ကိုအမြန်ပြန်ပြီး ထမင်းအရမ်းစားချင်လာပြီ၊ ထမင်းမစားရတာ ၁၀ ရက် ရှိပြီလေ” ဟူ၍သာ ပြုံး၍ဖြေပါသည်။

တခုကိုတော့ ကျွန်တော် သူမကို ထူးထူးခြားခြား သတိထားမိတာ တခုရှိသည်။ မည်သည့် အခက်အခဲဒုက္ခ ကြုံတွေ့နေပါစေ၊ သူမသည် အပြုံးတော့မပျက်။ ၎င်း၏အိမ်၌ သားသမီးများနှင့် စုစုစည်းစည်း တွေ့ရစဉ်ကလည်း ဒီ မျက်နှာ။ အချုပ်ခန်းထဲ မြင်တွေ့ရစဉ်တုန်းကလည်း ဒီ မျက်နှာပြုံးပြုံးလေး။ ပြီးတော့ တရားသူကြီးရှေ့မှာ ဆုံတော့လည်း တခါ ဒီ မျက်နှာ ဒီအပြုံး … သူမကပဲ မှားနေတာပဲလား သို့မဟုတ် လောကကြီးကပဲ တိုင်ပင်တခုခု ပို၍မြန်နေသလား သို့မဟုတ် နှေးနေသလား။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ ပြုံးနေဆဲ …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts