>Nyan Oo Maung – Zion National Park, Utah

>

ဇိုင်ယန်ဥယျာဉ် အပျိုစင်မြစ်

ဉာဏ်ဦးမောင်
ဇွန် ၂၉၊ ၂၀၁၀
ကမ္ဘာကျော် ဖျော်ဖြေရေးမြို့တော်၊ တစ်နည်းပြောရရင် လောင်းကစားမြို့တော် လပ်စ်ဗေးဂပ်စ်ကနေ ထွက်လာ တော့ မနက် ၉ နာရီခွဲ။ နွေလရဲ့ တောက်ပတဲ့နေရှိန်က ကန္တာရအလယ်မှာတည်ရှိတဲ့ မြို့ပြကို တံလျပ်ရောင် အောက်မှာ အိပ်မောကျနေစေပြီလေ။ တညတာလုံး မီးထိန်ထိန်အောက်မှာ သက်ဝင်လှုပ်ရှားခဲ့တဲ့မြို့က ခုတော့ လဲ အသက်ကင်းမဲ့နေဟန်။ လမ်းပေါ်မှာ လူသူကင်းရှင်း၊ မြင်ကွင်းက ခြောက်ခြောက်သွေ့သွေ့၊ တကယ့်ကိုမှ တစ္ဆေမြို့တစ်ခုအလား။လပ်စ်ဗေးဂပ်စ်ရဲ့ ထာဝစဉ်တောက်ပနေတဲ့ သစ်လွင်မှုတွေသာ မရှိခဲ့ဘူးဆိုလျင် တကယ့် ကိုမှ သုဿန်တစပြင်တစ်ခုပမာ ဖြစ်နေမှာ။ ခုတော့ ခမ်းနားကြီးကျယ်ပြီး သစ်လွင်တောက်ပတဲ့ ဟိုတယ်နဲ့ လောင်းကစားရုံကြီးတွေ၊ ကျယ်ပြန့်ပြီး ဖိတ်ဖိတ်လက်နေတဲ့ ကတ္တရာလမ်းမကြီးတွေကြောင့်သာ အော် ဒါဟာ ဖြင့် ခေတ်မီခမ်းနားလွန်းတဲ့ မြို့ပါလားလို့ အမှတ်ပြုမိရတာပါ။
ပူပြင်းတောက်လောင်မှုအောက်မှာ ပြားပြားမှောက်နေတဲ့ လပ်စ်ဗေးဂပ်စ်မြို့က ထွက်လာကတည်းက အမှတ် ၁၅ ဖရီးဝေးလမ်းမတစ်လျောက် သွေ့ခြောက်ခြောက်မြင်ကွင်းများက ငြီးငွေ့မှု အဟုန်ကို ကြီးထွားစေခဲ့တယ်။ လမ်းမှာတွေ့ရတဲ့ တောင်နီတောင်ဝါတွေက အထပ်ထပ်အလွှာလွှာ။ တခါတခါ တောင်ခြေအနီးရောက်ခိုက် တောင်ခြေတစ်လျောက် တောင်တွေကို ကွေ့ကွာဝိုက်ကာ ဖောက်လုပ်ထားတဲ့ လမ်းပေါ်မှာ ရထားများကိုလည်း မကြာမကြာတွေ့ရတတ်တယ်။
မျက်စိတဆုံး မဆုံးနိုင်စွာ မြင်ရတဲ့ အလွန်ရှည်လျားလှတဲ့ ရထားတွဲကြီးတွေက ပူပြင်းလွန်းတဲ့ နွေနေကို ပိုပြီးပူလောင်စေဖို့ တွန်းအားပေးသလိုလည်း ခံစားမိတယ်။ ကွင်းပြင်ထဲမှာလည်း သစ်ကြီးဝါးကြီးဆိုတာမရှိ၊ တောင်စဉ်တောင်တန်းတွေကလည်း တောင်ကတုံးပြင်ပြင်၊ အထပ်ထပ်အလွှာလွှာ ကျောက်ကန္တာရပင်လယ်ပြင်ကြီးက သဲထိတ်ရင်ဖိုဖွယ်။ တကယ်လို့ ခုလိုကားရထားစတဲ့ နည်းပညာတွေ အကူ အညီမရှိပဲသာ ဒီလိုခရီးမျိုးကို ဖြတ်သန်းရမယ်ဆိုလျင် ဘယ်လောက်ကြာလေမလဲ၊ ဘယ်လိုအသက်ရှင်နိုင် လေမလဲလို့လဲ စဉ်းစားမိပါတယ်။
တတောင်ကျော် တတောင်ပတ်၊ တကွေ့လွန် တစ်ချောက်ဖြတ်နဲ့ သွားနေရင်း တခါခါတွေ့ရတတ်တဲ့ စိမ်းညိုညို စုစု မြို့ငယ်လေးများက ကန္တာရအလယ်က အိုအေစစ်လေးတွေပမာ။ မြင်ရရုံမျှနှင့်ပင် ရင်ကိုအေးမြနိုင်လွန်းလှ စွာ။ အခြားအချိန်နဲ့ အခြားနေရာမှာတွေ့ရတတ်တဲ့ သစ်ပင်စိမ်းစိမ်းတွေထက် ပိုပြီးစိမ်းစိုလန်းဆန်းနေသယောင် ထင်မိတယ်။ ပူပြင်းတောက်လောင်မှုအလယ်က စိုပြည်စိမ်းလန်းမှုငယ်ငယ်လေးဟာ တကယ့်ကိုမှ သိသာထင် ရှားလွန်းစွာ ခွန်အားတွေ တိုးတက်လာစေလိုက်တာ။ ဆင်းရဲဒုက္ခတွေအလယ်က မပြောပလောက်သော ချမ်း သာလေးဟာ ပြောပစရာ ဖြစ်နိုင်လောက်တယ်ဆိုတဲ့ စကားလေးကို သတိရမိလိုက်သေးတာ။
ဖရီးဝေး (၁၅)ကနေ ယူထပြည်နယ်ရဲ့ ဟိုက်ဝေး (၉)ကို ကူးလိုက်ကတည်းကစပြီး မြင်ကွင်းအနည်းငယ် ပြောင်း သွားတယ်။ ကာလီဖိုးနီးယားပြည်နယ်ကိုလွန်လာတော့ နီဗားဒါးပြည်နယ်ဝင်လာတယ်။ နီဗားဒါးပြည်နယ်ကို လည်း ဖြတ်တယ်ဆိုရုံမျှ။ နာရီဝက်ခန့်ကားခရီးလွန်တာနဲ့ ယူထပြည်နယ်ထဲ ရောက်လာတယ်။ တလျောက်လုံး ခြောက်သွေ့သွေ့ဖြတ်သန်းခဲ့ရာကနေ စိမ်းစိမ်းစိုစိုမြင်ကွင်းများနဲ့ အစားထိုးလာတယ်။ ရာသီကလည်း ပိုပြီးအေး လာတယ်။ တောင်ချိုင့်တောင်ဝှမ်းများအတွင်းမှာ စိမ်းစိမ်းစိုစို။ စိမ်းစိုစိုသစ်ပင်များထိပ်ဖျားကနေ ဟိုခပ်လှန်း လှန်း အဝေးမှာ မြင်ရတဲ့ တောင်တန်းများရဲ့ အထပ်ထပ်အလွှာလွှာ မြင်ကွင်းများကလည်း ကမ္ဘာ့ပထဝီလွှာ မြေ ကြီးရဲ့ သက်တမ်းရင့်ရော်မှုကို ဖော်ပြနေသယောင်။ လူသားတစ်ဦးဖြစ်တည်ခြင်းဆိုတဲ့ ကိုယ့်ဘဝရဲ့တိုတောင်းမှု ကိုလည်း ပြန်လည်တွေးမိစေပါတယ်။ ခဏအခိုက်တန့်လေးမျှသာ တည်ရှိနေတဲ့ ကိုယ့်ဘဝကို အမှီပြုပြီး ဘာ ကြောင့် လောဘ ဒေါသ အတ္တမာန်မာနတွေ များနေဖို့ သင့်ပါ့မလဲလို့လဲ ဆက်လက်ဆင်ခြင်မိပါတယ်။
ဥယျာဉ်တွင်းဝင်လာကတည်းက စလို့ ပိုမိုအေးမြလာတဲ့လေနဲ့အတူ စိမ်းစိုစိုသစ်တောများက မကြာမီက ပူ လောင်ခဲ့တဲ့ အပူတွေကို မေ့ပျောက်သွားစေခဲ့တယ်။ စောစောပိုင်းက ပူခဲ့တဲ့အပူရှိန်က ခုတော့လည်း ကိုယ်နဲ့ ဘာမျှ မဆိုင်တော့လေဟန်။ စိုပြည်စိမ်းလန်းမှုတွေကို ကြည့်လို့အားမရမီမှာပဲ တောင်ကွေ့တစ်ခုလွန် ရုတ် တရက် တွေ့လိုက်ရတဲ့မြင်ကွင်းက အံ့သြမှုနဲ့အတူ ရင်သပ်ရှုမောမှုကို ဖြစ်စေခဲ့တယ်။ ဒါကိုယ်တို့လာရောက် လည်ပတ်တဲ့ ဇိုင်ယန်အမျိုးသားဥယျာဉ် (Zion National Park) တဲ့လေ။
ဒီနာမည်ကို အလျင်က ရင်းနှီးနေခဲ့ ဖူးပေမယ့် ခုလိုအမျိုးသားဥယျာဉ်တစ်ခုအဖြစ်တော့ မဟုတ်ပါဘူး။ ဂျူးတွေရဲ့ ဟီဘရူးဘာသာစကားနဲ့ ဆက် စပ်နေတဲ့ ဂျေရုစလင်မြို့ရဲ့ နာမည်ခွဲတစ်ခုအနေနဲ့ပါ။ ခုတော့ ဇိုင်ယန်က အံ့သြဖွယ်တွေနဲ့ ပြည့်လျံနေတဲ့ အမျိုး သားဥယျာဉ်တစ်ခုအသွင်။
ဇိုင်ယန်အမျိုးသားဥယျာဉ်ရဲ့ ဧည့်ကြိုဌာနမှာတော့ လူတွေကားတွေက အပြည့်။ ဧည့်ကြိုဌာနရဲ့ နောက်တစ်နေ ရာဖြစ်တဲ့ ဥယျာဉ်လမ်းဆုံအထိ ကိုယ်ပိုင်ကားတွေကို ဝင်ရောက်ခွင့်ပြုထားပါတယ်။ ဥယျာဉ်အတွင်းကို လှည့် ပတ်လေ့လာနိုင်အောင် ဘတ်စကားတွေကို စီစဉ်ပေးထားတာမို့ လေ့လာအပန်းဖြေသူအများစုကတော့ ဧည့် ကြိုဌာနမှာပဲ ကားတွေကို ရပ်နားထားကြတယ်။
သုံးမိနစ်ခန့်တစ်စီး ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကြောင့် ကြာ ကြာစောင့်နေဖို့ မလိုပဲ ကိုယ်လေ့လာလိုတဲ့နေရာကို အရောက်သွားနိုင်တယ်။ သန့်သန့်ရှင်းရှင်း ကျယ်ကျယ်ပြန့် ပြန့်မို့ ဘတ်စကားစီးသွားရတာကလဲ စိတ်ချမ်းမြေ့စရာကောင်းပါတယ်။
လမ်းတစ်လျောက်လုံး ဥယျာဉ်ရဲ့ သမိုင်း ကြောင်းနဲ့ လက်ရှိအနေအထားတွေကို ရှင်းလင်းပြတဲ့ အစီအစဉ်ကြောင့်လည်း ဥယျာဉ်အကြောင်းကို ပိုမိုနား လည်ခဲ့ရပါတယ်။ စတင်တွေ့ရှိသူ။ ကျောက်တောင်ကျောက်စိုင်များရဲ့ သက်တမ်းနဲ့ အမျိုးအစား။ တောတွင်းမှာ ရှိတဲ့ တောရိုင်းတိရစ္ဆာန်၊ သစ်ပင်ပန်းမာလ်တို့ရဲ့အမျိုးအစားစတဲ့ ဗဟုသုတဖြစ်ဖွယ် ရှင်းလင်းပြောပြမှုတွေက တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာကို တိုးပွားစေခဲ့ပါတယ်။
                   မှတ်တိုင်တိုင်း မှတ်တိုင်တိုင်းမှာ ထူးခြားတဲ့ ကြည့်ရှုဖွယ်တစ်ခုခု ရှိတတ်တာမို့ ဆင်းပြီးကြည့်ရှုလေ့လာလိုက ဆင်းပြီးလေ့လာ၊ ကျေကျေနပ်နပ်လေ့လာပြီးပါက အဆက်မပြတ်ရောက်လာတဲ့ နောက်ဘတ်စကားတစ်စီးစီးနဲ့ နောက်တစ်နေရာလေ့လာဖို့ တက်လိုက်သွားရုံပါပဲ။ လမ်းဘေးဝဲယာမှာတော့ မိုးထိလုနီး မြင့်မားလှတဲ့ ကျောက် ကမ္ပားနံရံကြီးများက အံ့မခန်းဖွယ်ရာ။ လေနုနုတစ်ချက် ဝှေ့လိုက်ရုံမျှနဲ့ ကြွေလုလုထင်ရတဲ့ ကျောက်စိုင် ကျောက်လွှာများရဲ့ ကျောက်ကမ္ပားနံရံများမှာ တွဲလဲကပ်ခို ဖြစ်နေပုံက ကြောက်တတ်သူဆိုလျင်ဖြင့် မျက်စေ့ပင် ရဲရဲဖွင့် မကြည့်ဝံ့စရာ၊ သဲထိတ်ရင်ဖိုဖွယ်ရာ ကောင်းလှပါတယ်။ ဇိုင်ယန်ကိုအရောက်လာတတ်တဲ့သူတွေရဲ့ ရည်ရွယ်ချက်ထဲမှာ ရေးပြ ပြောပြလို့ မကုန်နိုင်တဲ့ ဇိုင်ယန်ရဲ့ သဘာဝအလှတွေအပြင် ခုလိုထိတ်လန့်ဖွယ်ရသ ကို ခံစားလိုလို့ လာသူတွေလည်း ပါလေမလားလို့လဲ အတွေးရောက်မိပါတယ်။
ကျောက်နံရံကြီးတွေက မိုးထိနီးပါးမြင့်နေလေတော့ တောင်ဖျားမှာ နေရောင်အလင်းအား ပြင်းနေပေမယ့် တောင်ခြေမှာတော့ မှုန်ပျပျ။ ချောက်ကြားမှာ ဖောက်လုပ်ထားတဲ့ ချော့ကလက်ရောင်လမ်းမကလည်း ဝေ့ဝေ့ ဝိုက်ဝိုက် ကွေ့ကွေ့ကောက်ကောက်မို့ နေရောင်က လမ်းပေါ်ကို တိုက်ရိုက်ကျတဲ့အခါကျ။ တခါခါမှာ နေကိုမျက် နှာမူကာသွားနေတဲ့ကားက တခါခါမှာတော့ နေကိုကျောပေးနောက်ချန်ကာ ထားရစ်ခဲ့ပြန်တယ်။ နီလွလွ ကျောက် နံရံကြီးတွေပေါ်မှာ ခပ်စွေ့စွေ့ နေရောင်ကျနေတဲ့ရောင်ပြန်အလှက တောင်နံရံတွေကို ရွှေရောင် တောက်ပကာ လှနေစေပြန်တယ်။ အချို့နေရာမှာကြပြန်တော့လည်း မီးရဲရဲညီးနေတဲ့ သံတုံးသံခဲကြီးများပမာ။ အချို့ကျောက်စိုင်ကျောက်ခဲများက ဘော်ငွေရောင်အဆင်း။  ရှေးဟောင်းသစ်လုံးအိမ်များပမာ ဆောက်လုပ် ထားတဲ့ ကားမှတ်တိုင် နားနေဆောင်လေးတွေက မှတ်မှတ်ရရဖြစ်နေစေလောက်အောင် ချစ်စရာကောင်းလှ ပြန်တယ်။

Weeping Rock- မျက်ရည်စိုစို ငိုနေတဲ့ကျောက်ဆိုတဲ့ နေရာလေးကလည်း ဇိုင်ယန်ဥယျာဉ်ရဲ့ လွမ်းချင့်ဖွယ် နေရာလေးတစ်ခုပါပဲ။ ဒီနေရာလေးကိုရောက်ဖို့ ကားလမ်းမကနေ မိုင်ဝက်လောက်ခရီးကို ခြေလျင်လျှောက်ပြီး တက်ရတယ်။ စမ်းချောင်းလေးကိုဖြတ်ကျော်ထားတဲ့တံတားလေး။ လမ်းဘေးဝဲယာမှာပေါက်ရောက်နေတဲ့ တောရိုင်းပန်းမျိုးစုံ။ရှားရှားပါးပါး ပေါက်ရောက်နေတဲ့ သစ်ပင်ငယ်လေးတွေကို စာတမ်းလေးတွေ စိုက်ထောင်ပြီး ရှင်းပြထားပုံကလည်း ဗဟုသုတ တိုးပွားဖွယ်ရာပါပဲ။ ဒီလမ်းလေးရဲ့အဆုံး ခေါင်မိုးခုံးခုံးပုံဖြစ်နေတဲ့ မျက်ရည်စိုစို ကျောက်တုံးကနေ စီးကျနေတဲ့ ရေပေါက်တွေကတော့ ကြေကွဲမှုအပြည့်နဲ့ သဲသဲသန်သန်ငိုထားသူတစ်ဦးရဲ့ မျက်ရေပေါက်တွေသဏ္ဌာန်။ ကျောက်လွှာကျောက်သားတွေကနေ ယိုစီးကျနေတဲ့ ရေစက်တွေအောက် ဖြတ် အလျှောက်မှာတော့ မိုင်ဝက်ခန့်လျှောက်ပြီးတက်လာရလို့ ဆို့တို့တို့ဖြစ်နေတဲ့ အမောအားလုံး ယူပစ်လိုက်သလို အေးစိမ့်စိမ့်ရသကို ခံစားလိုက်ရတယ်။ ရေစက်တွေကိုအလွန် အမိုးခုံးအောက်ကို အရောက် ပြန်လှည့်အကြည့် မှာတော့ အပြင်မှာ မိုးဖြိုင်ဖြိုင်ရွာနေလေသည့်အလား။

ကျောက်သားထုနံရံတွင်းက ယိုစီးကျလာတဲ့ ရေစက်ရေ ပေါက်တွေသာ တကယ်တမ်းကျောက်တွေရဲ့ မျက်ရေစက်တွေဖြစ်ခဲ့မယ်ဆိုလျင် သူတို့ငိုယိုခြင်းရဲ့ အကြောင်း ရင်းက အလွန်ဝမ်းနည်းဖွယ်ကောင်းတဲ့ အရာဖြစ်မှာလို့လဲ တွေးကြည့်မိပါတယ်။ ကျောက်စိုင်ကြားက စစ်ကျ ကာ စီးကျလာတဲ့ မျက်ရေမိုးစတွေက ဖြိုင်ဖြိုင်ရွာနေတဲ့ မိုးစက်တွေအလား သည်းထန်လှတယ် မဟုတ်လား။  ဘာကြောင့်များ ငိုနေတဲ့ကျောက်ရယ်လို့ နွမ်းလျနွယ် လွမ်းလှဖွယ် ခုလိုအမည်ပေးထားခဲ့လေသလဲ။ ကျောက် လွှာကြားက စိမ့်ကျလာတဲ့ ဒီရေစက်တွေဟာ ဘယ်သတ္တဝါ၊ ဘယ်လူသားတစ်ဦးဦးရဲ့ မျက်ရေစက်တွေမှ  မဖြစ် ပါစေသားရယ်လို့လည်း ဆုတောင်းပေးပါရဲ့။ငိုကြွေးခြင်းဆိုတာ ပျော်ရွှင်မှုနဲ့ဆက်စပ်လို့ ဖြစ်တတ်တာ နည်းသလို မျက်ရည်ဆိုတာကလဲ ပူဆွေးဝမ်းနည်းမှုရဲ့ သင်္ကေတ တစ်ခုပဲ မဟုတ်လား။ ဘယ်သူ့ကိုမှ မပူဆွေးစေလို၊ မငို ကြွေးစေလိုပါဘူးလေ။
ဟိုးးခပ်ဝေးဝေးဆီမျှော်ကြည့်လိုက်ပြန် တော့ တောင်ကြားတစ်လျှောက် ကျ ရောက်နေတဲ့ နေခြည်ပျောက်တွေက ဟို နားတစ်ကွက်၊ ဒီနားတစ်ကွက်။ စိမ်းလန်း စိုပြည်နေတဲ့ သစ်ပင်သစ်ခက်ထိပ်ဖျား တွေရဲ့ လေအဝှေ့မှာ ယိမ်းနွဲ့နေပုံက လည်း ဒေါင်းအကောင်များစွာ ညီညာ ညာ ကနေသည့်ဟန်။ တိုက်တိုက်ဆိုင် ဆိုင် ဒေါင်းမိခင်အကြောင်းကိုလည်း သတိရမိလိုက်ပါသေးတယ်။ ဒီနေ့က ဇွန်လ ၁၈ ရက်။ မနက်ဖန်ဆို ဇွန် ၁၉ ရက် မဟုတ်လား။

ဇိုင်ယန်ဥယျာဉ်တွင်း အလည်ခရီးစဉ်ရဲ့ နောက်ဆုံးနေရာဖြစ်တဲ့ Temple of Sinawava ကိုရောက်တော့ တောင် ခြေဝန်းကျင်တစ်ခွင် အလင်းစက သဲ့သဲ့လေးမျှ။ ကောင်းကင်တစ်ခွင် လင်းလင်းထိန်ထိန်ရှိနေပေမယ့် မြင့်မားလှ တဲ့ ကျောက်သားတောင်နံရံက ကွယ်ကာထားသမို့ (Virgin River) အပျိုစင်မြစ်လေး စီးဆင်းနေတဲ့ တောင်ခြေ တခွင်မှာတော့ မှုန်ရီပျိုးပျ။ အပျိုစင်မြစ်လေးက နိမ့်ချည့်တခါ၊ မြင့်ချီတစ်လှည့်။ ကွေ့လိုက်တခါ၊ ဖြောင့်လိုက်ခါ ဖြောင့်။ ဇိုင်ယန်ဥယျာဉ်ထဲ ဖြတ်ဖောက်ထားတဲ့ ချောကလက်ရောင် ကားလမ်းမကလည်း အပျိုစင်မြစ်လေးနဲ့ အပြိုင်မို့ ကွေ့ကွေ့ဝိုက်ဝိုက်။ဘတ်စ်ကားရပ်နားရာနေရာကနေ အထက်ဖက် နှစ်မိုင်လောက်အထိ လမ်းလျှောက် လိုသူတွေအတွက် မြစ်လေးနဲ့အပြိုင် ဖောက်လုပ်ထားတဲ့ လူသွားလမ်းလေးပေါ်မှာတော့ ကိုယ့်လိုပဲ မြစ်ညာ အထိ လမ်းလျှောက်နေသူတွေနဲ့ပြည့်လို့။

နှစ်မိုင်လောက်လမ်းလျှောက်အပြီးမှာတော့ ခါးလယ်လောက်နက်တဲ့ မြစ်ကလေးကိုဖြတ်ပြီး တောင်ကြားကနေ စီးကျလာတဲ့ ရေတံခွန်လေးအထိ စူးစူးစမ်းစမ်း လမ်းလျှောက်သွားကြ သူတွေလည်း မနည်းလှဘူး။ ကိုယ်ဝတ်လာတဲ့ အဝတ်နဲ့ စီးလာတဲ့ဘိနပ်က ရေတံခွန်လေးအထိ ဆက်လျှောက် ဖို့ မသင့်လျှော်ဖူးတဲ့လေ။ နောက်ပြီး အသဲခိုက်မတတ် အေးစိမ့်နေတဲ့ အပျိုစင်မြစ်လေးရဲ့  မြစ်ရေကြည်ကြည် ထဲကို ဖြတ်လျှောက်ရဲလောက်အောင်လည်း ကိုယ့်မှာသတ္တိက မရှိဘူးလေ။
ဘာပဲဖြစ်ဖြစ်ပါ။ ခန့်ညားခြင်း၊ ကြီးမားခြင်း များနဲ့အတူ မြင့်မားလှတဲ့ ရောင်စုံကျောက် သားနံရံကြား ရှားရှားပါးပါး လှလှပပ စီး မျောနေတဲ့ အပျိုစင် မြစ်လေးရဲ့ ကမ်းနဖူး တစ်လျှောက် ငြိမ်းငြိမ်းချမ်းချမ်းလေး လျှောက်ခဲ့ရတဲ့ ဒီအချိန်လေးကိုတော့ ထာ ဝရ အမှတ်ရနေမိမှာပါ။ အပျိုစင်မြစ်လေး ကို သတိရမိလေတိုင်း အံ့သြဖွယ်ရာတွေ၊ စိတ်ဝင်စားဖွယ်ရာတွေ ပေါင်းဆုံစီးဝင်နေ တဲ့ ဇိုင်ယန်ဆိုတဲ့ ဥယျာဉ်လေးကိုလည်း တသကာ လွမ်းတလို့ နေမိဦးတော့မှာပါ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts