>Mar Mar Aye – 335

>“ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” အမှတ် (၃၃၅)

“မိန်ရာသီ” နဲ့ အဆိုတော်များ
မာမာအေး
ဇွန် ၂၆၊ ၂ဝ၁ဝ

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် –
မာအေး ချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး နားဆင်ရတဲ့ အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မန္တလေးမြို့က ဂီတစာဆို ဦးဘသိန်းရေးခဲ့တဲ့ သီချင်းတွေမှာ ကာရံ အညီ သီချင်း အဆုံး ပါဒတိုင်းမှာ တွေ့ရတဲ့ အကြောင်း ပြောနေဆဲမှာ အချိန်မလောက်နိုင်တာ သိလို့ ဒီနေ့ ဆက်ဖို့ ခွင့်တောင်းခဲ့ပါတယ်။ သိစေချင်တာလေးတွေ ရှိလို့ပါ။

ဦးလေးကိုဘသိန်းရဲ့ “မိန်ရာသီ”ဟာ ရိုးရိုးခန့်ခန့် ရာသီဘွဲ့လို့ ဆိုရမယ့် သီချင်းပါ။ မောင်က ဆိုဆို၊ မယ်က ဆိုဆို ဘယ်သူဆိုဆို ရတဲ့ အဓိပ္ပာယ်နဲ့ သီချင်းမျိုးမို့ အတော်များများ ပြန်ဆိုကြလိမ့်မယ် ထင်ပါတယ်။ အခုကိုပဲ မာအေးဆီမှာ ကိုအံ့ကြီး အသံနဲ့၊ ကိုယ့်အသံနဲ့၊ တပည့်လေး “အေးလွင်အောင်” အသံနဲ့ မိန်ရာသီ သီချင်းတွေ ရှိတယ်ရှင့်။ ဒီတော့ မူရင်း စဆိုတဲ့ ကိုအံ့ကြီး သီချင်းကို အရင်ဆုံး နားဆင်ကြတာပေါ့။

(ဝတိံဘုံနန်း၊ တိမ်စုံတွေ လျှမ်းတင့်ခဲ့ပြီ၊ လွမ်းရေးဖွဲ့မည်၊ ကြင်ဖော် မျှော်ရည်) ၂ xxx (သူနဲ့သာ တူညီဖူးလိုက်ချင်ငဲ့ သြော် ဦးခိုက်ချင်ပါရဲ့လို့ သဲပုံစေတီ)၂ xxx ရွှေလရောင်ခြည်၊ ဘရဂုဏ္ဏီနှင့် ယှဉ်မီထွန်းကာ ယွန်းရှာချေပြီ မိန်ရာသီ xx xxx [မိန်ရာသီ နောက်ဆုံးပိုဒ် – ကိုအံ့ကြီး]


ဒီသီချင်းပိုဒ်က …. “ဝတိံဘုံနန်း” ဆိုတာဟာ မိုးကောင်းကင်ကို တာဝတိံသာ နတ်ဘုံ နတ်နန်းနဲ့ ခိုင်းနှိုင်း တင်စား ရေးသားတဲ့စာ ဖြစ်ပါတယ်။ မာအေးတို့လူမျိုးတွေမှာ “တာဝတိံသာ – ယာမာ – တုသိတာ – ဝသဝတီ” စတဲ့ မိုးပေါ်မှာ နတ်ပြည် ၆ ထပ် ရှိတယ်လို့ ယုံကြည်ကြတာ မဟုတ်လား။ အဲဒီ နတ်ပြည်တွေကြားမှာ “တာဝတိံသာ” က star ပဲ။ တခြား နတ်ဘုံတွေထက် လူသိများလေတော့ အထက်အရပ်က ကိစ္စအရာရာမှာ “တာဝတိံသာ” ဟာ မကြာခဏ ပါနေတော့တာပေါ့။

ခုလဲ ဦးလေးကိုဘသိန်းက ဆွဲစပ်လိုက်တာပဲလေ။ “ဝတိံသာ ဘုံးနန်းဖြစ်တဲ့ ကောင်းကင်ထက်မှာ ဝါရွှေခရမ်း တိမ်ရောင်စုံတွေ သန်းနေတာကို မြင်လို့ ကြင်ဖော်ကို ရည်မှန်း လွမ်းစာ တမ်းမယ်” တဲ့။ အဲဒီ ကြင်သူနဲ့ အတူတူလည်း သဲပုံစေတီကို ဦးခိုက်ဖူးလိုက်ချင်တယ် တဲ့၊ အဲဒါဟာ လရောင်ခြည်နဲ့ ဘရဂုဏ္ဏီကြယ် အတူတောက်ရွှန်း ထွန်းပတဲ့ မိန်ရာသီမှာပေါ့ တဲ့။ သာယာချမ်းမြ လှပတဲ့ သဘာဝမြင်ကွင်းမှာ တယောက်သော သူရဲ့ ရင်တွင်းက ဆန္ဒအလွမ်းတစကိုပါ ပေါင်းထည့်ပေးတဲ့ အရေးမျိုးပါပဲ။ “သူနဲ့သာ တူညီ ဖူးလိုက်ချင်ငဲ့၊ ဦးခိုက်ချင်ပါရဲ့” တဲ့။ သဲပုံစေတီကိုတောင် အတူ မဖူးကြရသေးတဲ့ ချစ်သူတွေလို့ ကိုယ်က ဆက်တွေးနိုင်ပါသေးတယ်ရှင်။ မာအေး မိန်ရာသီကို ဆိုဖြစ်တာ ၁၉၉ဝ ခုနှစ် ကျမှပါ။ မြို့မအသင်းရဲ့ တာဝန်ခံတွေ ပေးလာတဲ့ စာသားအတိုင်း ဆိုပေးခဲ့တာပါပဲ။

ကိုယ့်အလှည့်တုန်းက သူလည်းဆို ကိုယ်လည်းဆိုတွေမို့ ကျားကုတ်ကျားခဲ ဘာများဖြစ်သေးလဲ သတိမထားမိရိုး အမှန်ပါ။ အခု မာအေးဆီ ပို့လာတဲ့ CD မျက်နှာစာမှာ ဆိုတဲ့ တေးသံရှင်တွေက “အေးလွင်အောင်” နဲ့ “ရီရီသန့်” လို့ မြင်နေရတာကိုး။ မရီသန့်က အဆိုတော်ကြီး ဖြစ်နေပြီပဲ။ သူလဲ သူ့အတောင်နဲ့ သူပျံလိမ့်မယ်ပေါ့။ “အေးလွင်အောင်”ကျတော့ ကိုယ့်သင်တန်းက မောင်ရန်အောင်တို့လိုပဲ အထူးအမှတ်နဲ့ အောင်ထားတဲ့ တပည့် ဖြစ်နေပါတယ်။ မာအေးက ဒီကလေး သီချင်းကို အပြစ်ကင်းအောင် ဆိုရဲ့လားလို့ ဆရာအနေနဲ့ စိတ်မောပြီး နားထောင်ခဲ့ရပါတယ်။ မာအေးလက်ထဲ ရောက်တာ ၂ဝဝ၈ ခုနှစ် ကတည်းကပါ။ တခြား ဂီတမျိုးဆက်တွေ ဆိုကရေးတီး ကနေ စင်တော်ကောက် ဖြစ်လာတဲ့ ဂီတ သားသမီးတွေရဲ့ သတင်းတွေ သီချင်းတွေ ဂီတတွေကို ချစ်ဆွေတို့ကို ပြောပြခဲ့တာ ရှိပေမယ့် ကိုယ့်တပည့် အလှည့်ကြုံတော့ ဘက်လိုက်တယ်ထင်မှာကို ရင်ခုန်ပါတယ်။ ဒါကြောင့် အခု သူဆိုတဲ့ သီချင်းရေးဆရာ အကြောင်း ကျကာမှ ပြောပြပေးဖြစ်ပါတော့တယ်။

ဒီကလေးဟာ ရန်ကုန် RIT မှာ ကျောင်းတက်ရင်း သင်တန်း တက်ခဲ့တာပါ။ မြန်မာ့ အသံ ဓာတ်ပြားရ အဆိုတော်လေးပေါ့ရှင်။ မာအေးနဲ့ မောင်နှမ၊ သားအမိလို့ ပြောရင်လည်း ယုံရလောက်အောင် ရုပ်လည်း တူပါတယ်။ စာပေမှာလဲ ဝါသနာပါတဲ့ သတ္တုတွင်း အင်ဂျင်နီယာလေး ဘဝမှာ ငြိမ်နေပြီလို့ မာအေးထင်ခဲ့တာ။ ဝေးခဲ့တာလဲကြာပြီလေ။ “ဆူးငှက်” ရေးတဲ့ “တိမ်ယံ အိပ်မက် မိုးထက် နရီ” စာအုပ်တအုပ် သူကိုယ်တိုင် ထုတ်တာလေးလည်း ပို့တဲ့ အထဲ ပါလာတော့ ဝမ်းသာ မိပါတယ်။ မာအေးလုပ်ချင်တာတွေ ကိုယ့်ဝမ်းမနာသားက ဆက်လုပ်တာမျိုး ခံစားရလို့ပါ။

အခု အေးလွင်အောင် အသံနဲ့ မိန်ရာသီ နောက်ဆုံးပိုဒ်ကို သေချာ နားထောင်ပေးတဲ့ အခါ “လွမ်းရေးဖွဲ့သီ ကြင်ဖော်မျှော်သည်” နေရာမှာ အဆုံးစာတွေက မူရင်းနဲ့ မတူပါဘူး။ “သူနဲ့သာ တူညီဖူးလိုက်ချင်ပါရဲ့၊ ဦးခိုက်တင်ပါလှည့်” လို့လည်း ကြားရလေတော့ မတူပြန်ဘူး၊ မူလစာက …… ရင်ထဲက ဆန္ဒကို ဖော်ပြတာပါ။ “ဦးခိုက်တင်ပါလှည့်” လို့ သားတော်မောင် ဘယ်သူ့ဆီက စာသားနဲ့ ဆိုတာပါလိမ့်။ အဲဒီအဓိပ္ပာယ်က သဲပုံစေတီကို “လာဖူးလှည့် ဦးခိုက်လှည့်” လို့ ခေါ်တာမျိုး ဖြစ်နေပြီ။

ဦးလေးကိုဘသိန်း လိုချင်တဲ့ အဓိပ္ပာယ်နဲ့လွဲမှာ စိုးရိမ်လာတာနဲ့ ကိုယ်တိုင် ဆိုတာလေးပါ ပြန်နားထောင် တိုက်ဆိုင်ကြည့်တဲ့ အခါ မာအေးလဲ “ဦးခိုက်တင်ပါလှည့်” လို့ပဲ ဆိုခဲ့တာပါလား ချစ်ဆွေတို့ရဲ့။ သီချင်းစာသားကို ဟိုလူက ရေးပေးလို့၊ ဒီလူ့ဆီက ရလို့နဲ့ တရားခံ မရှာတော့ပါဘူး။ ရှေ့ကလူဆိုတဲ့ မူကို နားမထောင်နိုင်ခဲ့၊ မရခဲ့လို့ ကိုယ်တိုင် စာ မထုတ်ခဲ့မိလို့ ဖြစ်တာလို့ သင်ခန်းစာ ယူရအောင် ပြန်နားထောင် ကြည့်ပါဦးမယ်။

ဝတိံဘုံနန်း၊ တိမ်စုံတွေ လျှမ်းတင့်ခဲ့ပြီ၊ လွမ်းရေးဖွဲ့သီ ကြင်ဖော်မျှော်သည် (သူနဲ့သာ တူညီ၊ ဖူးလိုက်ချင်ပါရဲ့ ဦးခိုက်တင်ပါလှည့် သဲပုံစေတီ)၂x ရွှေလရောင်ခြည် ဘရဂုဏ္ဏီနှင့် ယှဉ်မီထွန်းလာ ယွန်းရှာလေပြီ … မိန်ရာသီ xxx [မိန်ရာသီမှ အေးလွင်အောင် အသံ]

(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts