>My Acdemy Sein – Burmese Video and Movie to break away from Soup Oprea

>

မြန်မာရုပ်ရှင်၊ ဗီဒီယို – ဆပ်ပြာပူဖောင်းဇာတ်ထဲက ဖောက်ထွက်စို့
မိုင်အကယ်ဒမီစိန်
ဇွန် ၂၇၊ ၂၀၁၀
ဟိုတလောမှာ ထက်ထက်မိုးဦးက မြန်မာဂျာနယ်လစ်သမီးပျိုကို ကုတ်ဆွဲလိုက်တော့ မိမိတို့ မြန်မာရုပ်ရှင်လောကကြီး ကိုရီးယားကားတွေကို ကျော်တက်သွားပြီလို့ ထင်လိုက်မိတယ်။ ကိုရီးယားကားတွေမှာ အမျိုးသမီးတွေ တဖြောင်းဖြောင်း ပါးရိုက်ကြ၊ ကုတ်ဆွဲကြတယ်သာ မှတ်နေတာ အခုတော့ မြန်မာရုပ်ရှင်လောကသားတွေလည်း ခေသူမဟုတ်ဆိုတာ ပြလိုက်တယ်လို့ ပြောရမလို ဖြစ်နေတယ်။ ပါးမရိုက်၊ ကုတ်မဆွဲခင် စိစစ်ရေးကို အရင်တင်ပြရမယ် ဆိုရင်တော့ အဲသည်လို ရိုက်ဖြစ်မယ် မထင်ပေါင်။ မြန်မာ့တပ်မတော်အစိုးရ ဆောင်ပုဒ်ထဲမှာက ဇာတိဂုဏ်၊ ယဉ်ကျေးမှု မြင့်မားရေးကို လူမှုရေးဦးတည်ချက်ထဲ ထည့်ရေးထားတယ် မဟုတ်လား။
မိုင်အကယ်ဒမီစိန်က မြန်မာကားတွေကို ကိုရီးယားကားနဲ့ နှိုင်းယှဉ်ဝေဖန်တော့ အတော်ကို မေတ္တာပို့တာကို ခံရတယ်။ သူ့ကိုသူ ဟိုမောင်ရစ်ရဲ့ ဘကြီး စိန်ခင်မောင်ရီလိုမျိုး အထင်ရောက်နေသလားလို့ မေးကြတယ်။ အဲသည်လိုလည်း ၀မ်းစာမရှိတော့ တောပြော တောင်ပြော ပြောတာပါ။ မြန်မာ့ ဗီဒီယိုနဲ့ ရုပ်ရှင် ကမ္ဘာကိုလွှမ်းစေဖို့ မေတ္တာနဲ့ ချစ်လို့ ပြောတယ် မှတ်ပါလေ။
အင်တာနက်မှာတော့ မြန်မာ့ဗီဒီယိုနဲ့ ရုပ်ရှင်က ကမ္ဘာကို လွှမ်းပါတယ်ဗျ၊ ၀က်ဆိုက်တွေမှာ အလွတ်တင်နေကြတာ ဆွမ်းကြီးလောင်းနေသလား မှတ်ရပါတယ်။ ရန်ကုန်က လမ်းဘေးမှာ ကော်ပီရောင်းရင် ဖြန့်ရင် ဖမ်းတယ် ဆီးတယ် ပြောပါတယ်။ အင်တာနက်မှာ အလကား ၀က်ဆိုက်ပေါ် တင်ရင်တော့ ဖမ်းလို့ မရဘူး မှတ်တယ်ဗျာ။ သူက ရောင်းတာမှ မဟုတ်တာလေနော်။
ပြောချင်တာက ကိုရီးယားကားတွေ ရုပ်သံမှာ အလွန်အကျူး တင်ဆက်တဲ့အတွက် မြန်မာရုပ်သံ ကိုယ်ပိုင်အစီအစဉ်တွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ နေရာကြပ်ကုန်တယ်လို့ ပြောချင်တာပါ။ တလောက လွင်မိုးအင်တာဗျူးတခုမှာ ကိုယ်ပိုင် ရုပ်သံတွေ၊ ဗီဒီယိုတွေ များများ ရိုက်ကြ၊ တင်ဆက်ကြနိုင်ရင် ကောင်းမယ်လို့ ပြောသွားတာ တွေ့မိတယ်။
တဦးကတော့ ထောက်ပြပါတယ်။ မြန်မာ့ရုပ်မြင်တွေမှာ ပြနေတာတွေက ဆုတ်အော်ပရာတွေ … တဲ့။ Soup Opera။ ဆပ်ပြာပူဖောင်းလို ဇာတ်တွေလို့ ဆိုတာ ဖြစ်ပါတယ်။ ဆပ်ပြာပူဖောင်းဆိုတာက တဖြေးဖြေး အရောင်စုံစုံနဲ့ အသည်းယားစဖွယ် လူးလွန့် ကြီးထွားလာပြီး “ဖောင်း” ဆို ပေါက်သွားတဲ့အခါ ဘာမှ မကျန်ရစ်ဘူး မဟုတ်လားခင်ဗျာ။ အဲသည်လို ဇာတ်တွေကို ပြောတာပါ။ ဆပ်ပြာပူဖောင်းဇာတ်တွေ ပေါ့။
ကိုရီးယားကားတွေကလည်း မပြီးနိုင် မစီးနိုင် ပြနေ၊ ဆက်နေလိုက်တာ ပရိသတ်က အဲဒါကို တနုံ့နုံ၊ တနင့်တပိုးကြီး တမော့မော့ တမျှော်မျှော် ကြည့်နေရတာ မဟုတ်လား။ အခြားနိုင်ငံတွေမှာတော့ အဲသည်လို ဆပ်ပြာပူဖောင်းဇာတ်တွေကို ညဖက်တွေ လူကြည့်များတဲ့အချိန် – လူကြီး လူငယ် ကလေးသူငယ် စုံချိန် (Prime Time) တွေမှာ မပြပါဘူး။ နေ့ခင်းနေ့လည်တွေ လူကြီးတွေရဲ့ အေးအေးဆေးဆေး အချိန်တွေမှာ ပြတယ်။ ဇာတ်မျောကြီးတွေ ကြည့်နေပေရော့။ တလောက အမေရိကားမှာ အနှစ် ၂၀ လောက် ဆွေစဉ်မျိုးဆက်ပြတဲ့ ဇာတ်တခုက ဇာတ်ဆောင်တဦး အပြင်မှာ အသက်ကြီးပြီး အနိစ္စရောက်သွားသတဲ့။ အဲဒါက သူ့ပရိသတ်နဲ့ သူဇာတ်နဲ့ သူ့အချိန်နဲ့ ဟပ်မိနေကြတာကို ပြောချင်တာပါ။
မြန်မာဇာတ်ကားတွေ၊ ဗီဒီယိုတွေကလည်း အဲသည်လို ဆပ်ပြာပူဖောင်းဇာတ်တွေက မြန်မာပြည်ရဲ့ တီဗီဇာတ်ခုံရဲ့ Prime Time မှာ နေရာယူ၊ တာစားနေတာကို ကြည့်ပြီး အတုခိုးတွေ မှားကုန်ကြမှာစိုးလို့ သည်လိုမျိုး ရေးတာပါ။ မြန်မာရုပ်ရှင် ဗီဒီယိုတွေမှာ ဆပ်ပြာပူဖောင်းတွေ၊ မဲပြာပုဆိုးတွေ မရိုက်ကြပါနဲ့ ခင်ဗျား။ အဲဒါကို ဖောက်ထွက်ကြဖို့ပါ။ ဇာတ်မျောတွေပဲ ရိုက်နေကြတာ အကျင့်ပါနေတော့ လူဆိုးကချည်း နိုင်နေတဲ့ ဇာတ်နဲ့ ဇာတ်က နာနေလိုက်တာ … ဇာတ်လိုက်က နိုင်တော့မယ်ဆိုတာ … မြန်မာအခေါ် “ ရွှေဘကြီး ပြန်ချတော့မှာပါ ခင်ဗျား” ဆိုတာကို သတိပေးဖို့ မေ့များ နေသလား မှတ်တယ်။
တလောက မောင်ရစ်က ပြောတယ်။ ရန်ကုန်ကို ဂူးဂဲဗွိုင့်စ်တွေ ဘာတွေနဲ့ ဖုံးဆက်ပြီးတော့ ပြောတာပါ။ သူလည်း မြန်မာရုပ်ရှင်ကြည့်တဲ့အကြောင်း၊ အလကားရတဲ့ အင်တာနက်ပေါ်က မြန်မာကားတွေကို အားနားပါးနာနဲ့ ကြည့်မိတဲ့အကြောင်း။ အဲသည်မှာ သူက ပါးစပ်ကြီး အဟောင်းသား၊ တဟီးဟီးနဲ့ မြန်မာတွေရဲ့ (typical) “ထုံးစံ” ဟာသကားကြီးတခုကို ကြည့်နေတုန်း သူ့ကလေးက အသက် ၁၂ နှစ်လောက် ကလေးက လာပြီး ဝေဖန်လိုက်သတဲ့။
“ဟင် … အဖေတို့ မြန်မာဇာတ်ကားတွေက အရမ်းကို အော်တာပဲနော်” တဲ့
“ တယောက်နဲ့ တယောက်ကို ပြောနေ ဆိုနေလိုက်ကြတာ အော်ဟစ်ပြီး ပြောနေလိုက်ကြတာက ရန်ဖြစ်နေမှန်းမသိ၊ စကားပြောခန်းမှန်းမသိ … အဲဒါကို အဖေက တဟီးဟီးနဲ့ ဖြစ်နေရသလား …” တဲ့
အဲသည်မှာ မောင်ရစ် ပါးစပ်ကြီး ပိတ်သွားတယ် ပြောတယ်။ တင်ထားတဲ့ အသံဆောင်းဘောက်တွေကိုလည်း အသံတွေ ဘာတွေ ချလိုက်တယ်တဲ့။ ပြနေတဲ့ အခန်းက ဘာမှ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ မိန်းမက ပိုက်ဆံတွေ အရမ်းသုံးတော့ မုန့်ဟင်းခါးထဲ ငါးဖယ်တွေ ဘာတွေနဲ့ ပါဆယ်ထုတ်ပြီး မှာစားတာကို ယောကျာ်းက နှမြောတော့ တဦးနဲ့ တဦး အသံအကျယ်ကြီးနဲ့ အော်ဟစ် ငြင်းခုံ ပြောဆိုနေကြတာပါ။ မြန်မာတွေအခေါ် ဟာသခန်း တခုပေါ့လေ။ ဘေးကဇာတ်ဝင်ခန်းထဲက လူတွေကလည်း ခေါင်းတွေကုတ်ပြီး ရန်ဖြစ်တာကို ၀င်ဆွဲရမလိုလို၊ မျက်နှာတွေကို မဲ့ရွဲ့လိုက်၊ စပ်ဖြဲတွေ လုပ်လိုက်နဲ့ ဇာတ်ပို့တွေကလည်း အပြတ် ပို့နေကြတဲ့ ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။
အဲသည်လောက်ပြောရင် သဘောပေါက်မယ် ထင်ပါတယ်။ မြန်မာဇာတ်ကားတွေမှာ မင်းသားနဲ့ မင်းသမီး တွေ့ကြ၊ ဘုဘောက်ကျကြရင်တော့ အသံတွေမြှင့်ပြီး အော်ကြ ဟစ်ကြလေ့ရှိပါတယ်။ ပြီးတော့ သူငယ်ချင်းတွေအချင်းချင်း၊ မိဘနဲ့ သားသမီး၊ လင်နဲ့ မယား၊ သူဌေးနဲ့ အလုပ်သမား၊ ကားသမားနဲ့ ပါစင်ဂျာ စသည်ဖြင့် ဇာတ်ကားတွေမှာ အမြဲတမ်း အော်ဟစ် ရန်ဖြစ်ကြလေ့ရှိတယ်။ အသံအကျယ်ကြီးနဲ့ ငြင်းခုံကြတယ်။ ဆိုတော့ မောင်ရစ်ရဲ့ကလေးက သူ့ကို ကွန်ပလိန်းလုပ်တာက မြန်မာကားတွေက “ဆူ” လှချည်လားပေါ့။
အဲသည်မှာ စဉ်းစားမိတာက ဆပ်ပြာပူဖောင်းဇာတ်တွေက ဒါမျိုးတွေကို ခွင့်လွှတ်တယ်။ ဒါက အသားပဲကိုး။ အဖေနဲ့ အမေကလည်း အငြိုးကြီးတယ်။ မုန်းကြတယ်။ လက်စားချေတယ်။ သားသမီးတွေကလည်း မိဘတွေကို အထင်လွဲတယ်။ ပြန်အော်တယ်။ အလုပ်ရှင်တွေကလည်း ဆိုးလိုက်တာ တာတေလံလို့ဗျာ။ လူဆိုးတွေကလည်း မိုက်ရိုင်းလိုက်တာများ … တရားဥပဒေတွေ ဘာတွေဆိုတာ ဘယ်ရောက်နေမှန်း မသိဘူး။ ချစ်သူတွေကလည်း ဇာတ်လမ်းတွေ ပတ်ရှုပ်နေလိုက်တာများ၊ ခဏလောက်ကလေး စိတ်ကလေးတွေ ထိန်းပြီးတော့ တယောက်စကား တယောက် နားထောင်လိုက်ကြရင် ပြေလည်သွားမှာကို၊ အဆင်ကို မပြေနိုင်ဘူး။ ဆပ်ပြာပူဖောင်းဇာတ်ကြီးက မျောချင်တိုင်း မျောတော့တာပဲ မဟုတ်ပါလားဗျာ။
အဲသည်ကားတွေလည်း ကြည့်ပြီးရော မောင်ရစ်တယောက် အိမ်မှာ စကားပြောနေလိုက်တာများ တော်တော် ရိုင်းလာတယ်တဲ့။ ဆရာကတော်က အရပ်ကို တိုင်တော့တာပဲ။ မြန်မာရုပ်ရှင်တွေထဲက တချို့ဇာတ်လမ်းတွေလိုမျိုး မပြီးနိုင်မစီးနိုင် မီးခိုးကြွက်လျှောက် တွေးလာ၊ ပြောလာတော့တယ် ပြောတာပဲ။ သူမွေးထားတဲ့ကလေးဟာ သူ့ကလေးမှ ဟုတ်ကဲ့လား တို့။ သူ့မိဘတွေဟာ သူ့ကို မွေးစားထားတာလားလို့။ အိမ်နီးချင်းတွေနဲ့ သူဟာ ဆွေစဉ်မျိုးဆက် ပြိုင်ဖက် ရန်သူတွေလားလို့။ ပြီးတော့ သူငယ်ချင်းတွေက သူ့ကို နောက်ကျောဒါးနဲ့ ထိုးဖို့ အကောက်ကြံနေတာလားလို့ … ဆိုပြီး “ဒရာမာတွေ” လုပ်လာတယ်လို့ ပြောလာတယ်။ (ဒါက မောင်ရစ်တယောက် အဲသည်လို ကားတွေကို ဖြတ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ အနားယူလိုက်တော့မှ ပြန်ကောင်းလာတဲ့နောက် သူကိုယ်တိုင် ပြန်ပြောလို့ သိရတာပါ)။
မိုင်အကယ်ဒမီစိန်ရဲ့ ဆရာတော်တပါးကတော့ သူ့မေတ္တာရပ်ခံချင်တာတွေကို ပြောပြပါတယ်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေမှာ အသည်းကွဲတာတို့၊ ၀မ်းနည်းကြေကွဲစရာတို့ ဖြစ်တိုင်း အရက်တွေ၊ ဆေးလိပ်တွေ၊ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ အကြီးအကျယ် ငိုယိုတာတွေကို ဆင်ခြင်စေချင်ပါသတဲ့။ ပြီးတော့ ဒါးတွေ ဒုတ်တွေနဲ့ သတ်ဖြတ်ကြတာတွေ၊ ခုတ်တာ ထစ်တာတွေ၊ လက်စားချေတာတွေ၊ ရန်ဖြစ်တာတွေကိုလည်း မလိုအပ်ဘဲနဲ့ အများကြီး မထည့်စေချင်ပါဘူး … တဲ့။
ဆရာတော်တွေဖက်က ပြောတာကတော့ ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်တယ်ဆိုတာမျိုးကို သဘောကျတယ်လို့ ဆိုပါတယ်။ ၅၅၀ ဇာတ်တွေကို သဘင်သည်တွေက ဇာတ်ထုတ်တွေလုပ် ကကြတော့ ဇာတ်နာအောင် ဆိုကြ၊ ငိုကြ၊ ကကြတာတွေ ရှိသော်လည်း သင်ခန်းစာတွေ၊ ဗဟုသုတတွေ စသည်ဖြင့်ကို ထည့်ပြီး ပြောကြ ဆိုကြတော့ ပရိသတ်က သိကြ၊ တတ်ကြ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဟိုးအရင်တုံးက ရွာတွေမှာ ပိုးထိရင် ဘယ်လို အရေးပေါ်ကုရတယ်ဆိုတာ၊ ခွေးရူးကိုက်ရင် ဘယ်လို လုပ်ရတယ်ဆိုတာ၊ ကျောက်ရောဂါ ကာကွယ်ဖို့ ကျောက်ဆေးထိုးရတယ် ဆိုတာတွေကို ဇာတ်တွေထဲမှာ ထည့်ပြီး ကလို့ တောင်သူတောင်သားတွေ သိကြတယ်လို့ ဆိုပါတယ်။ ဟိုးတုံးက ရုပ်ရှင်တွေထဲမှာလည်း သည်လိုပါပဲတဲ့။
အဲသည်မှာ မိုင်အကယ်ဒမီစိန် ဆရာဦးသုမောင်ရဲ့ဈာပနက အပြန်မှာ အယ်ဒီတာကြီးတဦးနဲ့ ပြောမိတာ တခုလည်း ထည့်ရေးလိုက်ချင်ပါတယ်။ မောင်ဝဏ္ဏ၊ မင်းလူ၊ သုမောင်၊ မောင်ရူပနဲ့ ဖခင် ဦးသာဓုရဲ့ အနုပညာအစွမ်းတွေ၊ ရုပ်ရှင်တွေ အကြောင်း၊ သူက မှတ်မှတ်ရရ ခုနှစ်စဉ်အလွမ်း ဇာတ်ကားကို ပြောတယ်။ အမေနဲ့ အဖေ မာနတွေ ပြိုင်ကြတော့ သမီးက ပြောတဲ့စကား – အဖေကလည်း မှန်တယ်၊ အမေကလည်း မှန်တယ်ဆိုရင် ဒီလောကကြီးမှာ ဒီ ၂ ဦးကြားမှာ မှားနေတာက သမီးပေါ့ ဆိုတဲ့ စကား။ ရိုးရိုးလေး ပြောတာ၊ အတင်းကြီး ငိုယို လူးလှိမ့် ဆွဲဆောင့်ပြီး ပြောလိုက်တာ မဟုတ်ဘူး။ ပြီးတော့ အဲသည်ဇာတ်ကားထဲက စာနယ်ဇင်းဆရာက သူ့ကိုယ်သူ ရောင်းမစားဘူး၊ အမှန်တရားကို ဖော်ထုတ်ဖို့ စွန့်စားတယ်။ အဲဒါကို သိမ်သိမ်မွေ့မွေ့ပြတယ်။ “တို့တာဝန်အရေး ၃ပါး”ကို အော်ဟစ် လက်သီးလက်မောင်းတန်း ရွတ်ဆိုပြီး ဒရာမာတွေ လုပ်ပြမသွားဘူး။ အဲသည်လိုမျိုး။
မြန်မာပြည်မှာက အထွေထွေအကြပ်အတည်းကြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး တွေ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ချွတ်ခြုံကျနေတယ်လို့ ပြောချင်တယ်လို့ သူက ဆိုပါတယ်။ (မိမိလည်း အဲသည်လို ပြောချင်သား၊ သူက ဦးအောင်ပြောတော့ သူ့စကားပေါ့)။ ဆရာကြီး ဦးသုခက စစ်ကြီးက ထွက်လာတဲ့ မြန်မာပြည်မှာ “ဂုဏ်ရည်မတူ” ဇာတ်ကားကို ပြပြီးတော့ မြန်မာပြည်သူတွေကို နားချခဲ့တယ်။ အဲသည်လိုမျိုး ဇာတ်ကားတွေ အများကြီးပါ။
အမျိုးသားတွေ ပြန်လည်သင့်မြတ်ရေး၊ ချစ်ခင် ညီညွတ်ရေး၊ သည်းခံခွင့်လွှတ်ရေး၊ စာနာနားလည်ရေးတွေ၊ မေတ္တာတရားတွေ၊ စေတနာတွေကို တခဲနက် ထွန်းကားအောင်၊ ပြန့်ပွားအောင် မိမိတို့ ရုပ်ရှင်သမားတွေ၊ ဗီဒီယိုသမားတွေက လိမ္မာယဉ်ကျေးစွာ ပြသ လမ်းဆောင်ကြရလိမ့်မယ်လို့ ထင်မိတယ်။ ကိုဇာဂနာတို့ ရိုက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရိုက်တဲ့ ဇာတ်ကားတခု ရှိခဲ့ဖူးတယ်၊ “မင်္ဂလာ” ဆိုလား မသိဘူးဗျာ။ တောမှာ ကျောင်းဆရာသွားလုပ်တဲ့ လူငယ်လေးတွေ အကြောင်း။ ဟာသတွေ ဒင်းကြမ်းလျောက်ထည့်ထားသော်လည်း ဇာတ်က နည်းနည်း မျောနေသော်လည်း တင်ပြပုံကလေးနဲ့ မေတ္တာ၊ စေတနာတွေက ပေါ်လွင်လှပပါတယ်။ ဟိုတချိန်က ဆရာဦးသုခရဲ့ အံ့ကျော်ကြီးအကယ်ဒမီ ရသွားတဲ့ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ကို သတိရမိတယ်။
မြန်မာပြည်ကြီးရဲ့ လက်နက်မိုး၊ ဓားမိုးထားတဲ့ ဆပ်ပြာပူဖောင်း ဇာတ်မျောကြီးတွေထဲက ဖောက်ထွက်ဖို့မှာ မြန်မာပြည်ရဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုရဲ့ အခန်းကဏ္ဍကလည်း အလွန်ကြီးကျယ် မြင့်မြတ်သော နေရာက ပါနေပါကြောင်း သည်လိုမေတ္တာစာလေး ရေးပြီး တင်ပြလိုပါတယ်။
ငါတို့က ကိုရီးယား ဆပ်ပြာပူဖောင်းတွေလို မိန်းမချင်း နပန်းသတ်ပြီးတော့ တဖြောင်းဖြောင်း ပါးရိုက်လိုက်၊ ကုတ်ဆွဲလိုက်၊ အော်ဟစ် ရန်ဖြစ်၊ ခွင့်မလွှတ်၊ လက်စားချေချည်းသာ နေကြမယ် ဆိုရင်တော့လည်း ဘယ်တတ်နိုင်မှလဲလေ။ မိုင်အကယ်ဒမီစိန်လည်း ပေါ့ပေါ့ပါးပါး နိုင်ငံခြားကလာတဲ့ တွန်အင်ဂျယ်ရီ ကာတွန်းကားလေးတွေ ကြည့်ပြီး အပမ်းဖြေနေရုံသာ ရှိတော့တာပေါ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts