ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၈)

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၈)
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

● ဗမာ့တပ်မတော်ရဲ့စိတ်ကြီးဝင်ရောဂါ (Megalomania)
တိုက်ပွဲတွေကလည်း အင်မတန်ခဲယဉ်းကြမ်းတမ်းတယ်။ မိမိတို့ဟာ နာရီပိုင်းအတွင်း သေသွားနိုင်တယ်။ အဲဒီလိုအချိန်မျိုး မှာ ရဲဘော်တွေရဲ့စိတ်ထဲမှာ လွတ်လပ်ရေးရမှ ရပါ့မလား။ နိုင်ငံရေးခေါင်းဆောင်တွေဟာ ငါတို့အရိုးပုံပေါ် ခေါင်းပေါင်းစ ထောင်ပြီး သစ္စာဖောက်ကြဦးမှာလား။ (ကိုးကား – ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့၊ ယဉ်မျိုး စာပေ။ နှာ – ၁ဝ၂)

၁၉၄၅ သြဂုတ်လ (၁၉) ရက် ရန်ကုန်မြို့က နေသူရိန်အစည်းအဝေးကြီးမှာ ဂျပန်တော်လှန်ရေးအတွင်းက စစ်တိုင်း (၄) ရဲ့တိုင်းမှူးဖြစ်ခဲ့တဲ့ ဖေဖေ (ဗိုလ်မှူးကျော်ဇော) က တပြည်လုံးညီညွှတ်ရေးအဆို ကိုတင်သွင်းရာမှာ ထည့်သွင်းပြောကြားခဲ့တဲ့စကားတွေပါ။ ဂျပန်တော်လှန်ရေးတလျှောက်ရှေ့တန်းမှာ အပင်ပန်းအဆင်းရဲခံတိုက်ခိုက်ခဲ့တဲ့ တပ်မတော်သားများအ ကြောင်းပြောကြားရင်းက အခုတော်လှန်ရေးပြီးတာနဲ့ (တော်လှန်ရေးအတွင်း ဘယ်ရောက်နေမှန်းမသိကြတဲ့) နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပါတီတွေ အလျှိုလျှိုပေါ်လာလို့ သူတို့တပ်မတော်တွင်းက ရဲဘော်များ ပူပန်သောကရောက်လာတာတွေကို ပြောသွားတာပါ။

တကယ်တော့၊ စစ်ဝတ်စုံ (ယူနီဖေါင်း) ဝတ်ထားသူများအနေနဲ့ နိုင်ငံရေးသမားများအပေါ် အမြင်မကြည်လင်မှုဟာ ဗမာ့ တပ်မတော်စတင်ဖွဲ့စည်းခဲ့တဲ့ ဘီအိုင်အေခေတ် (၁၉၄၁-ဗမာ့လွတ်လပ်ရေးတပ်မတော်) ထဲက ရှိခဲ့တာပါ။ အဲဒီကာလက လွတ်လပ်ရေးကို တိုက်ယူမှရမယ်လို့ ယူဆထားတာဖြစ်လို့ ဖေဖေတို့ကိုယ်တိုင် ဘီအိုင်အေထဲမဝင်တဲ့သူတွေကို မျိုးချစ် စိတ်မရှိသူတွေဆိုပြီး အထင်အမြင်သေးတတ်တယ်လို့ ပြောပြဘူးပါတယ်။ (ဗိုလ်ချုပ်အောင်ဆန်းကတော့ လွတ်လပ်ရေးကိုတို့စစ်သားတွေနဲ့ချည်း တိုက်ယူလို့မရနိုင်ဘူး။ ပြည်သူတွေအားလုံးပါလာမှရမှာလို့ သတိပေးသတဲ့)။

ဘီအိုင်အေထဲမဝင်တဲ့သူကို အထင်သေးခဲ့တယ်လို့ပြောဘူးတဲ့ ဖေဖေတောင် ဘီအိုင်အေနာမည်ကြောင့် အရှက်ကွဲခဲ့ဘူးပါ တယ်။ အောက်ဗမာပြည်ဘီအိုင်အေတပ်များရဲ့တာဝန်ခံဖြစ်နေတုန်းကာလကအဖြစ်အပျက်ပါ။ အငြိမ့်ပွဲတပွဲကြည့်နေတုန်းဇာတ်စင်ပေါ်မှာ ပရိသတ်ကိုကျောပေးထိုင်နေတဲ့ အငြိမ့်မင်းသမီးလေးရဲ့ကျောကို လူရွှင်တော်တယောက်က ဘီအိုင်အေ-လို့ ရေးထားတဲ့စာရွက်တရွက်ကို ကပ်လိုက်ပါသတဲ့။ အဲဒီခေတ်ကာလဘီအိုင်အေကပ်တယ်ဆိုတဲ့စကား ပေါ်ဘူးပါတယ်။ အဆောက်အဦးတွေ၊ ကားတွေစတဲ့ပစ္စည်းတွေကို ဘီအိုင်အေစာတန်းကပ်လိုက်ရင် စစ်တပ်ကသိမ်းလိုက်တယ်ဆိုတဲ့သ ဘောပါ။ အဲဒါကိုစောင်းပြီး ချတာပါ။ စစ်ဝတ်စုံနဲ့ဖေဖေလည်း ထူပူသွားပြီး အဲဒီအငြိမ့်ပွဲကထပြေးလာခဲ့ရတယ်တဲ့။

ကြေးမုံဦးသောင်းကလည်း ဘီအိုင်အေကိုဓားမြတပ်လို့ ဆိုခဲ့ဘူးပါတယ်။ ဒါလည်း တဘက်စောင်းပါတယ်။ သမိုင်းမှာ ဘီ အိုင်အေဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုရမှာပါ။ အင်္ဂလိပ်ကိုလိုနီအစိုးရလက်အောက်မှာ (၆) လက်မဓါးတောင် ကိုင်ခွင့်မရ ခဲ့တဲ့ဗမာပြည်သူတွေရဲ့ ပထမဆုံးလက်နက်ကိုင်တပ်မတော်အဖြစ် ပေါ်ထွက်ခဲ့တာပါ။ တပြည်လုံးပြည်သူများရဲ့ လေးစား ချစ်ခင်မှုကိုရခဲ့ပြီး လူငယ်လူရွယ်အများဆုံး စုပြုံဝင်ရောက်လာတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါပေမဲ့ မတထောင်သားတွေ ပါဝင်တဲ့ ဘီအိုင်အေဟာနောက်ပိုင်း နာမည်ပျက်လာလို့ ဗိုလ်ချုပ်အောင်ဆန်းက ဘီဒီအေဆိုပြီး ပြန်ဖွဲ့စည်းရ၊ တခါ ဂျပန် တော်လှန်ရေးအတွက်ပြင်ဆင်တော့ နိုင်ငံရေးပညာပေးဖို့ဆိုပြီး စစ်တပ်ထဲနိုင်ငံရေးသမားတွေ (အများအားဖြင့် ကွန်မြူနစ် ပါတီက) သွင်းရနဲ့အတော်ဂရုစိုက်ပြီး အဆက်မပြတ် တပ်ကိုတည်ဆောက်ရတာပါ။ ဗမာ့တပ်မတော်ကိုတည်ထောင်စဉ်ကနိုင်ငံရေးအခြေခံပေါ် (ဗမာပြည်လွတ်လပ်ရေးရဖို့) နိုင်ငံရေးသမားများနဲ့ ဖွဲ့စည်းခဲ့တာပါ။ လွတ်လပ်ရေးကိုနိုင်ငံရေးနည်းနဲ့အရယူဖို့ (၁၉၄၅ ဂျပန်တော်လှန်ရေးအပြီး) ကြိုးစားလာတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်ကထွက်ပြီး ဖဆပလထဲဝင်ကာ နိုင်ငံရေးသမားအဖြစ် ခံယူခဲ့ပါတယ်။ စစ်တပ်ကိုလည်း ပြည်သူတွေအကျိုးဦးထိပ်ထားပြီး အတတ်ပညာအရ လည်း ခေတ်မီ တဲ့တပ်ကြီး (Professional Army) ဖြစ်ရေးအတွက်လမ်းညွှန်ခဲ့ပါတယ်။

ဒါပေမဲ့ ဗမာ့တပ်မတော်ကိုလက်ကိုင်ထားပြီး နိုင်ငံတော်အာဏာကိုပါချုပ်ကိုင်လာချင်တဲ့ စစ်အာဏာရှင်တွေဟာ တပ်မ တော်သားတွေစိတ်ထဲကိုရိုက်သွင်းပေးခဲ့တဲ့ အတွေးအခေါ်တရပ်ရှိပါတယ်။ တပ်ကို တပြည်လုံးအထက်ရောက်အောင် (တ နည်းပြောရရင် ဘဝင်မြင့် စိတ်ကြီးဝင်အောင်) ပြည်သူတရပ်လုံးနဲ့လည်း သွေးကွဲသွားအောင်ပါ။ ဒါဟာ အတော်အလုပ်ဖြစ်ပြီး အခုအထိ အသုံးတည့်နေတာတွေ့ရပါတယ်။

အဲဒီအတွေးအခေါ်ကတော့ ငါတို့သာ တိုင်းပြည်ကိုအချစ်ဆုံး၊ နိုင်ငံရေးသမားတွေအသုံးမကျဘူး။ တိုင်းပြည်ကို ငါတို့ပဲ ကယ်တင်ရမှာဆိုတာပါ။

အခုအထိ ဒီစိတ်ကြီးဝင်မှုကိုတွေ့နေရပါတယ်။ ကာချုပ်ရဲ့ တပ်မတော်ဟာ ရယူမှုအနည်းဆုံးနဲ့ ပေးဆပ်ရမှုအများဆုံးဆိုတဲ့ စကားဟာ အဲဒီအတွေးအခေါ်အခြေခံကလာပါတယ်။ အရပ်ဖက် စစ်ဖက်ဆက်ဆံရေးများ မပြေမလည်ဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းရင်း (တရားခံ) ဟာလည်း ဒီအခြေခံစိတ်ဓာတ်ပါ။

ဒီနေရာမှာ စိတ်ကြီးဝင်နေသူများ (အထူးသဖြင့် အနဲဆုံးပေးပြီး အများဆုံးရနေတဲ့ကာချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများနဲ့ တပ်နောက်ခံနဲ့ဖွဲ့ထားတဲ့ “နိုင်ငံရေးပါတီ” ရဲ့ဘောင်းဘီချွတ် ဗိုလ်ချုပ်ဟောင်း ပါတီခေါင်းဆောင်များကို ထောက်ပြချင်တဲ့ အချက် တရပ်ရှိပါတယ်။

ဗမာ့တပ်မတော်အနေနဲ့ စစ်အာဏာရှင်စနစ်ထူထောင်ပြီး ဗမာပြည်ကြီးကို စိတ်ကြိုက် တသွေးတသံ တမိန့်အုပ်ချုပ်လာခဲ့တာ ရာစုနှစ်ဝက်ကျော်နေပါပြီ။ နိုင်ငံရေးသမား ကျောင်းသား အလုပ်သမား လယ်သမား အရေးလှုပ်ရှားသူအားလုံး ထောင် ထဲ ထည့်၊ တောထဲပြေးအောင်လုပ်ပြီး အတိုက်အခံလုံးဝမရှိပဲ စီမံအုပ်ချုပ်လာခဲ့တာ ကမ္ဘာ့အလယ်မှာ ဗမာပြည်ကြီး ဘယ်ဘဝ ရောက်သွားသလဲ။ ဒီအခြေအနေမျိုးရောက်အောင်လုပ်ခဲ့သူများအနေနဲ့ သေသေချာချာစဉ်းစားကြည့်ရင် စိတ်ကြီးဝင်စရာ ကောရှိကြရဲ့လား။

ဒီဆောင်းပါးကို ဖေဖေရဲ့မိန့်ခွန်း (၁၉၆၁-၁-၄ ရက်နေ့-ရန်ကုန်မြို့ မြို့တော်ခန်းမ စစ်ပြန်ရဲဘော်ဟောင်းများအဖွဲ့ (၁၄) ကြိမ်မြောက်လွတ်လပ်ရေးနေ့မှာ ပြောခဲ့တဲ့မိန့်ခွန်း) ထဲက ကောက်နှုတ်ဖေါ်ပြချက်များနဲ့ အဆုံးသတ်လိုက်ပါတယ်။

…. ရဲဘော်တွေစိတ်မှာ ခေါင်းပေါင်းစတွေမြင်ရင် စိတ်ထဲမချမ်းသာကြဘူး။ မကျေမချမ်းတဲ့သဘောများ မကြာခနတွေ့ရပါ တယ်။ အားလုံးသိမ်းကြုံးပြီး အပြစ်မမြင်စေလိုပါ။ ဒီပုဂွိုလ်တွေထဲမှာ လူကောင်းတွေ၊ မျိုးချစ်တွေ၊ တိုင်းပြည်တာဝန်ရိုးသားစွာထမ်းဆောင်နေသူများလည်း ရှိပါတယ်။ ….

…. ဒီလွတ်လပ်ရေးမှာ အခွင့်ထူးရသူများ များစွာရှိတာ မှန်ပါတယ်။ ဒါပေမဲ့ဧရာမလူများစုကြီးဟာ ဆင်းရဲတွင်းနက်တုန်းပါပဲ။ ပြည်တွင်းစစ်ကြီးကလည်းဖိတော့ ပြောမကုန်နိုင်အောင် ဒုက္ခမျိုးစုံကြုံတွေ့နေရပါတယ်။ ….

…. တိုင်းပြည်ဆင်းရဲသားအများစုကြီးလွတ်မြောက်ဖို့ အများနည်းတူ ကြိုးစားကြဖို့သာ ကျွန်တော်တို့တာဝန်ဖြစ်ပါတယ်။ ….

…. မိမိတဦးတည်းအခွင့်ထူးခံဖို့၊ချမ်းသာဖို့စိတ်မျိုးကို လျှော့နိုင်သမျှလျှော့ပြီး၊ အများပြည်သူနဲ့အတူ ဆင်းရဲအတူချမ်းသာအမျှ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို ဆက်လက်ပါဝင်ကြဖို့သင့်ပါတယ်။ ….

…. တချို့ရဲဘော်များစိတ်မှာ တိုင်းပြည်ရဲ့ကျေးဇူးရှင်တွေဖြစ်သင့်တယ်ဆိုတဲ့ အယူအဆမျိုးမရှိသင့်ပါ။ ပြည်သူ့သားကောင်း များအဖြစ်သာ ခံယူကြစေချင်ပါတယ်။ ပြည်သူလူထုကို အကျိုးပြုတဲ့တပ်သားတွေ၊ မျိုးချစ်တွေဖြစ်စေချင်ပါတယ်။ ….

…. ဒါမှလည်း ဗိုလ်ချုပ်ရဲ့”တိုင်းပြည်သည် တပ်မတော်အတွက်မဟုတ်၊ တပ်မတော်သာ တိုင်းပြည်အတွက်ဖြစ်သည်” ဆို တဲ့စကားနဲ့ ညီပါလိမ့်မယ်။ (ကိုးကား။ ။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ၊ နေရီရီ၊ နှာ- ၁၃၇)

လှကျော်ဇော
၉၊ ၆၊ ၂ဝ၁၈။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts