>Zay Hmine – The Broken Spirits Poem

>

ပိုးပေါက်နေတဲ့ သစ်ရွက်များကိစ္စ
ဇေမှိုင်း
ဇွန် ၂၂၊ ၂၀၁၀
ငတို့ ကလည်း
အဟောင်းနဲ့ပဲ အသားသေနေသလိုလို
ကိုယ့်ကိစ္စကို မရှင်းနိုင်တဲ့ ကိစ္စတွေ
ပန်းတွေလိုဝေလို့၊၊
သရော်ကြီးခိုင်းသလို
နိစ္စဓူဝပါပဲ
ဘော်လုံးပွဲက
စစ်ကြီးတပွဲကို ထိန်းထားနိုင်သတဲ့လား?
ညီမလေးရေ
တို့နိုင်ငံအရေးက
ဘော်ပွဲ တစ်ပြေးသလောက်မှ မရှိရှာဘူးကိုး
မယုံရင်
နက်ပေါ်က ဝက်တွေကို တက်ကြည့်လိုက်၊၊
သေပြေးရှင်ပြေး
ကိုယ့်အလောင်းကိုယ် ထမ်းပြေး
အဲဒီ တောကြီးမျက်မဲထဲမှာ
သူရှင်ကိုယ်သေ
ထမင်းမတွေ့နိုင်ရှာလေတဲ့ ကလေးတွေအတွက်
 “နိုင်ငံတကာ လှည့်ပြောပေးနေပါတယ်တဲ့ ”
ပြီးတော့ ဘော်လုံးတလုံးကို
လူတွေအများကြီး ဝိုင်းကန်နေတာပဲ ထိုင်ကြည့်ကြ
ကိုယ်တိုင်လည်း ပါဝင်ကြ
တို့ချစ်တဲ့လူတွေက
တို့နိုင်ငံနဲ့ ပြည်သူတွေက
ကမ္ဘာမှာ ကန်အကောင်းဆုံး ဘော်လုံးတလုံးပေါ့ကွယ်၊၊
ဂြိုလ်တုမှာဆိုလည်း
လူချင်းသတ်ချင်သတ်
မသတ်ရင်
ဘော်လုံးတလုံးလုံးကို သတ်နေကြတာပါပဲ၊၊
ကဗျာတပုဒ်က ဘော်လုံးသတင်းတပုဒ်လောက်မှ
တန်ဖိုးမရတော့တာ
ယဉ်ကျေးမှုဆိုင်ရာ
ပြောစရာမရှိတော့ပါဘူး … တဲ့
နှင်းဆီတပွင့်က ပြောရှာတယ်၊၊
အိပ်ကြတော့ ခြင်ကိုက်မခံနဲ့
ငှက်ဖျားမဝင်စေနဲ့
လူစင်စစ်က ဘော်လုံး မဖြစ်စေနဲ့ကွယ်၊၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts