>U Win Tin – DASSK 65 for Burmese in Singapore

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

စင်္ကာပူမြန်မာများအတွက် ဦးဝင်းတင်၏ ဒေါ်စု ၆၅ မွေးနေ့ စကား

မိုးမခက ပြန်လည်တင်ဆက်သည်
ဇွန် ၁၉၊ ၂၀၁၀
           ဒေါ်စု မွေးနေ့နှင့် ဖြစ်ပေါ်လာမည့် နိင်ငံရေးအခြေအနေ အဆက်အစပ်။ လာမယ့် ဇွန်လ ၁၉ ရက်နေ့ပေါ့ဗျာ၊ အဲဒါဟာ ဒေါ်စုရဲ့ ၆၅ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒီမွေးနေ့နဲ့ ပတ်သက်လို့ ကျနော်တို့ သဘောထားလေး တောင်းလို့ သို့မဟုတ် အဲဒီမွေးနေ့အပေါ်မှာ သုံးသပ်ချက် ကလေးတောင်းလို့ ကျနော် နည်းနည်းလေး ပြောပြချင်ပါ တယ်။ 
          အဲဒါက ဘာလဲဆိုလို့ရှိရင် ကျနော်တို့ ဒီနှစ်ထဲမှာ ဒေါ်စုရဲ့ ၆၅ နှစ် မွေးနေ့ကာလတဝိုက်မှာ ကျနော် ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေဟာ အများကြီး အပြောင်း အလဲတွေ ဖြစ်တယ်ပေါ့။ အဲဒီထဲမှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ ဒီ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေများ ဆိုပြီးတော့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ရွေးကောက်ပွဲ ဥပဒေများထဲမှာ အဓိကတော့ ဘာကိုရည်ရွယ်တာလဲ ဆိုတော့ NLD ကိုရော၊ ဒေါ်စုကိုရော နိုင်ငံရေးလောက ကနေပြီးတော့ ဖယ်ရှားဖို့ပေါ့။ ဖယ်ရှားပြီးတော့ ပ’ထုတ်ဖို့ ဆိုပြီးတော့ လုပ်တဲ့ဟာပဲလို့ တထစ်ချ ပြောလို့ ရပါတယ်။ ဒါတွေက ထင်ထင်ရှားရှား အချက်တွေပါ။
ဘာဖြစ်လို့လဲဆိုတော့ NLD နဲ့ ပတ်သက်ပြီးတော့ ပြော ရလို့ရှိရင် NLD ဟာ ဒီရွေးကောက်ပွဲ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက၊ နှစ်ပေါင်း တော်တော် ကြာ ကြာကတည်းက ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ငြင်းဆန်ကန့်ကွက်နေတာတွေ အများကြီးရှိခဲ့ပါတယ်။
ဒီအခြေခံဥပဒေဆိုတာ အမှန်စင်စစ် NLD က ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ နိုင်ငံရေးအဖွဲ့အစည်း တခုအနေနဲ့ အမှန်အတိုင်း ပြောရရင် ဒီအခြေခံဥပဒေ ဆိုတာကို NLD လို အဖွဲ့အစည်းကပဲ ရေးဆွဲရမှာ ဖြစ်ပါ တယ်။ သို့မဟုတ် NLD နဲ့ အတူပူးတွဲပြီးတော့ အနိုင်ရ ပါတီတခုဖြစ်တဲ့ SNLD (ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) လို ပါတီကနေ ပူးပေါင်းပြီးတော့ ရေးဆွဲဖို့ ဖြစ်ပါ တယ်။ ဒါပေမဲ့ ရေးဆွဲခွင့် မရခဲ့ဘူး၊ မကြုံခဲ့ဘူး။
 မရခဲ့တော့ ဒီအခြေခံဥပဒေဆိုတာကို ကျနော်တို့ ပါဝင် ပတ်သက်ခြင်း ဘာမှမရှိခဲ့ရပါဘူး။ မရှိတဲ့အပြင် လုံးဝကို လက်မခံနိုင်တဲ့ အချက်အလက်တွေ၊ ဒီမိုကရေစီဆန့်ကျင် ရေး သဘောထားတွေ၊ နောက်ပြီးတော့ စစ်အစိုးရ ဆက် ပြီးတော့ကာ အာဏာသက်ဆိုးရှည်ရေး ကိစ္စတွေကိုပဲ လုပ်တာဖြစ်တော့ – ဒီအခြေခံဥပဒေကို ကျနော်တို့က ငြင်းပယ်တဲ့ဟာက အခု ၂၀၁၀ ရောက်တဲ့အခါမှာဆိုရင် ဒါ အထွတ်အထိတ်ပဲ။ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး ဆိုတဲ့ အနေ အထားကို ရောက်နေတယ်။ အဲဒီအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဆိုပြီးတော့ ထွက်လာတယ်။
ဒီဥပဒေမှာ အဓိကပါတဲ့ အချက်က ဘာလဲဆိုတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မယ်။ သို့မဟုတ်ရင်လည်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများအရ ပေါ်ပေါက်လာတဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုရင်လည်း နိုင်ငံရေး ပါတီတခုဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်၊ ထိန်းသိမ်းရမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုးရမယ်ဆိုတဲ့ အနေအထားဖြစ်နေတယ်။ အဲဒါက NLD ကို လုံးဝကို လက်ခံနိုင်ခြင်း၊ ဥပဒေဘောင် အတွင်း ရပ်တည်နိုင်ခြင်း မရှိအောင် လုပ်တဲ့ အချက်ဖြစ် ပါတယ်။ ဒါက တချက်ဖြစ်ပါတယ်။
          တခါ – ၂၀၁၀ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထဲမှာပဲ ဒီဥပဒေကို လက်ခံတဲ့ ပါတီဟာ ထောင်ကျ နေတဲ့ အကျဉ်းကျတဲ့ ခေါင်းဆောင်များရှိရင် သို့မဟုတ် ရင်လည်း အဖွဲ့ဝင်များ ရှိလို့ရှိရင်လည်း အဲဒီခေါင်းဆောင် တွေ၊ အဖွဲ့ဝင်တွေကို ပါတီကနေပြီး ဖယ်ထုတ်ရမယ်၊ ဖယ်ရှားရမယ်ဆိုတဲ့ဟာပဲ။ အဲဒါဟာ ဒေါ်အောင်ဆန်း စုကြည်ကို ရည်ရွယ် ဦးတည်တယ်ဆိုတာဟာလည်း လုံးဝ ထင်ရှားပါ တယ်။
အဲဒါကြောင့် ကျနော် ပြောချင်တာက ဘာလဲဆိုတော့ ဒီ ၂၀၁၀ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဟာ NLD နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဗမာပြည် နိုင်ငံရေးဖြစ်စဉ်ကြီး တခုလုံးက နေပြီးတော့ ဖယ်ရှားဖို့၊ တွန်းထုတ်ဖို့၊ ပ’ထုတ်ဖို့ လုပ်တာ ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။
          အဲဒီလိုအချိန်အခါမျိုး၊ အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ရဲ့ နိုင်ငံရေးအမြော်အမြင်၊ နိုင်ငံရေးသတ္တိ၊ နိုင်ငံရေးရပ်တည်ချက် ခိုင်မာမှုတွေကို ပြသခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ …
“ကျမဟာ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ သို့မဟုတ် လည်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများကို ကျမ လုံးဝ လက်မခံနိုင်ပါဘူး။ ဒီဥပဒေများဟာ လုံးဝလည်း တရား မျှတခြင်း မရှိဘူး။ ဒီမိုကရေစီဆန်ခြင်း မရှိဘူး။ ပြီးတော့ ဒီထဲမှာ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီးတော့ ထိုး နှက်တဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် ကျမ လုံးဝ လက်မခံနိုင် ပါဘူး။ အဲဒါကြောင့် ကျမဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီတခုအနေနဲ့ မှတ်ပုံတင်ဖို့ ကိစ္စ ကို လုံးဝ လက်မခံနိုင်ပါဘူး။ ဘယ်တော့မှလည်း လက်ခံ မှာ မဟုတ်ပါဘူး’’ ဆိုတဲ့ အချက်ကို ထုတ်ဖော်ခဲ့တယ်။
          ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသတ္တိ၊ နိုင်ငံ ရေး အမြော်အမြင်၊ နိုင်ငံရေးရပ်တည်ချက် ခိုင်မာမှုကို ပြခဲ့တာ ဖြစ်ပါတယ်။ ဒါက ကျနော်ထင်တယ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက်တမ်း တလျှောက်လုံးမှာ လည်း အလွန့်အလွန်ကို အရေးကြီးလှတဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။
          ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သူကိုယ်တိုင် ဦးဆောင်ပြီး တော့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးအင်အားစုကြီး တခုလုံးကို နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေး မျှော်မှန်းချက်တွေနဲ့ ကင်းကွာပြီး နိုင်ငံရေးသိက္ခာ ကင်းမဲ့ စွာနဲ့ ဒီလို ဂုဏ်ကျက်သရေမရှိတဲ့ အချက် အလက်များကို မလုပ်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသတ္တိ ဖြစ်ပါတယ်။ ဒါက တချက်။
          ကောင်းပြီ၊ အဲဒီလို အခြေအနေမှာပဲ ဘာတွေကြုံလာမလဲ ဆိုရင် ဒီနှစ်ထဲပဲ ၂၀၁၀ နောက်ပိုင်းမှာ နိုဝင်ဘာ၊ ဒီဇင်္ဘာ မှာ နိုင်ငံရေး အကျဉ်းကျနေရာက လွတ်တော့မယ်။ အဲဒီ တော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းဟာ၊ အကျဉ်းကျတဲ့ လူတယောက် ထောင်ကနေ လွတ်တယ် ဆိုတာ သာမန်အားဖြင့်တော့ အထူးအဆန်းတော့ မဟုတ် လှဘူး။ 
ဘာဖြစ်လို့လဲဆို ကျနော်တို့ကိုယ်တိုင်လည်း ထောင်ထဲ မှာ နှစ် ၂၀ နေလာခဲ့ပြီး ကျနော်ကိုယ်တိုင်လည်း အကျဉ်း ထောင်ထဲကို ရောက်ဖူးတယ်၊ အကျဉ်းထောင်ထဲ နေဖူး တယ်။ ကျနော်တို့ ကိုယ်တိုင် အကျဉ်း ထောင်ထဲကနေ လွတ်မြောက်ဖူးတယ်။ ဒီတော့ ကျနော်တို့တွေ လွတ်တဲ့ အခါမှာ ဘာတွေ့ရသလဲဆိုတော့ ကျနော်တို့ကို ယုံကြည် တဲ့သူ၊ ကိုးစားတဲ့သူ၊ ကျနော်တို့ကို အားပေးချင်တဲ့ ပုဂ္ဂိုလ် များဟာ ကျနော်တို့ လွတ်လာတော့ ဝမ်းသာတယ်၊ အား ပေးတယ်၊ ချီးကျူးသြဘာပေးတယ်။ အဲလိုဟာတွေ ရှိပါ တယ်။
တကယ်ပြောရလို့ရှိရင် ကျနော်တို့ရဲ့ လွတ်မြောက်မှုဟာ ဘာနဲ့တူလဲဆိုတော့ ရေစက်ကလေးတစက် သမုဒ္ဒရာ ထဲကို ကျသွားသလို တယ်ပြီးတော့ ထူးထူးခြားခြား မရှိလှ ဘူး၊ လှုပ်လှုပ်ရှားရှား မရှိဘူး။ ဘာနဲ့တူလဲဆို ပန်းအိုး တအိုးထဲမှာရှိတဲ့ ညှိုးနွမ်းနေတဲ့ သစ်ပင်တပင်ကို ရေနဲ့ လောင်းလိုက်သလို အနည်းငယ်တော့ လန်းဆန်းသွား တယ်။ ဒီလောက်ပါပဲ။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကနေ လွတ်မြောက်တဲ့ အခါကျတော့ – ကျနော်တို့ လှုပ်ရှားမှု နိုင်ငံရေးလောကကို ဂယက်ရိုက် သွားမယ့် အနေအထား မျိုး ဖြစ်ပါတယ်။ အဲဒါက ဘာနဲ့တူလဲဆိုတော့ မိုးကြီးရွာချ လိုက်သလိုပေါ့ဗျာ။ မိုးကြီးရွာချလိုက်တဲ့အခါမှာ အလွန်ကို ခြောက်ခန်းပြီးတော့ နွမ်းနယ်နေတဲ့၊ ညှိုးနွမ်းနေတဲ့ သစ်ပင်ပန်းမန်တွေ၊ ပြီးတော့ မြက်ပင်၊ ပေါင်းပင်က အစ ပေါ့။ လောကကြီး တခုလုံးဟာ လန်းဆန်းပြီးတော့ စိမ်းစို သွားတဲ့ အနေအထားမျိုးပဲလို့ ကျနော် ပြောချင်တယ်။ တင်စားပြီး ပြောမယ်ဆိုရင် အဲဒီသဘော ပြောရပါမယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့်မြောက် ပြီးတဲ့ ကာလမှာ ပေါ်ပေါက်မယ့် အနေအထားတခုပါ။ အဲဒါကြောင့် ဒီနှစ်က အလွန် အရေးကြီးတယ်လို့ ကျနော် ပြောချင်ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးကနေပြီးတော့ သူ့ ကို ပယ်ထုတ်ဖို့၊ ပ’ထုတ်ဖို့ စစ်အစိုးရ စစ်အာဏာရှင်များ ရဲ့ လုပ်ဆောင်ချက်ကို လက်မခံဘဲ ငြင်းဆန်နိုင်တယ်။ တဖက်ကနေကြည့်ရင် သူဟာ လွတ်လာတော့မယ်။ အဲဒီလို လွတ်လာတဲ့အခါ နိုင်ငံရေးလောက တလောက လုံးဟာ လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ၊ ထက်ထက် သန်သန်ကြီးနဲ့ နိုးနိုးကြားကြားကြီးပေါ့ဗျာ။ လှုပ်ရှားလာ တော့မယ်။ အဲဒီ အခြေအနေ နှစ်ရပ်စလုံးဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ၆၅ နှစ် မွေးနေ့ကာလ၊ ၆၅ နှစ်ပြည့်တဲ့ နှစ်အတွင်းမှာ ပေါ်ပေါက်မယ့် အခြေအနေတွေ ဖြစ်တယ် လို့ ကျနော် ပြောချင်ပါတယ်။
ခုနက ပြောသလို ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုင်ငံရေးသတ္တိ၊ နိုင်ငံရေးဇွဲ၊ အားမာန်တွေကို အလျှော့ မပေးဘဲနဲ့၊ နိုင်ငံရေးသိက္ခာကို အလျှော့မပေးဘဲနဲ့ ခိုင်ခိုင် မြဲမြဲကိုင်ပြီးတော့ ရင်ဆိုင်သလို၊ ရှေ့လာမယ့် လွတ် မြောက်လာတဲ့အချိန်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အခြေအနေ၊ ပြည်သူလူထုရဲ့ နိုးကြားတက်ကြွမှု အသစ် တွေ၊ အဲဒါတွေကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲပြီးတော့ အခြေအနေ သစ်တွေကို ရင်ဆိုင်သွားလိမ့်မယ်။ နိုင်ငံရေးပြဿနာ တွေကို ကျော်လွှားသွားလိမ့်မယ်လို့ ကျနော် ယုံကြည်ပါ တယ်။ 
ဒါကြောင့် ၂၀၁၀ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ကာလ သို့မဟုတ် လည်း ၆၅ နှစ်မွေးနေ့မှာ ကြုံတွေ့တဲ့ နှစ်ကာလဟာ ဗမာပြည်နိုင်ငံရေး အလွန်အရေးကြီးတဲ့ အခြေအနေသစ်များ ပေါ်ပေါက်စေလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဲလိုပေါ်ပေါက်လာမယ့် အခြေအနေ များကို အရင်းတည်ပြီးတော့ ကျနော်တို့ဟာ ပြည်တွင်း ရော၊ ပြည်ပရော ဒီမိုကရေစီလိုလားတဲ့ အင်အားစု အားလုံးကနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တသွေးထဲ တသားထဲ လက်တွဲခိုင်ခိုင်၊ မြဲမြဲဆုပ်ကိုင်ပြီး၊ ဆက်လက် ပြီးတော့ ရုန်းကန်ကြိုးပမ်းကြပါ။ စစ်အာဏာရှင်တွေကို ဖျက်ဆီးဖို့၊ ဖြိုချဖို့အတွက် အားထုတ်ကြပါ။
ဒီလိုအားထုတ်နိုင်မှသာလျှင် ကျနော်တို့ရဲ့ အနာဂတ် တွေ၊ သို့မဟုတ်ရင်လည်း နောက်လာနောင်သားတွေပေါ့ ဗျာ။ ဒေါ်အောင်ဆန်းစုကြည်လိုပဲ တနေ့သောအခါမှာ အသက် ၆၅ နှစ် ပြည့်မြောက်လာမယ့် မျိုးဆက်သစ်တွေ အဖို့မှာ ဒေါ်အောင်ဆန်းစုကြည်လို ၆၅ နှစ်ကာလမှာ ကြုံ ရတဲ့ အားမာန်သစ်မျိုးထက် အဆများစွာပိုတဲ့၊ အားမာန် သစ်တွေနဲ့ ပိုင်စိုးပြီးတော့၊ ပိုင်ဆိုင်ပြီးတော့၊ ဆုပ်ကိုင်ပြီး တော့ ဘဝကို ရင်ဆိုင်နိုင်ကြပါလိမ့်မယ်။
          သတင်းစာဆရာကြီး ဦးဝင်းတင် (NLD)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts