>Wuntharnu Hnegyi : Yan Win (Taung Da Gar)

>

ဝံသာနု မြန်မာနှဲကြီး
ရန်ဝင်း (တောင်တံခါး)
ဇွန် ၁၉၊ ၂၀၁၀

ဝံသာနု မျိုးချစ်စိတ်ဓာတ် အရင်းခံနဲ့ ဝံသာနုခေတ်မှာ စပြီးတီထွင်ခဲ့တာကြောင့် မြန်မာ့နှဲလောကမှာ ဝံသာနုနှဲကြီး ရယ်လို့ နှဲကြီးတမျိုး အသစ်ပေါ်ထွန်းခဲ့တယ်။ မြန်မာ့နှဲလောကမှာ အကြီးဆုံး နှဲကြီးမျိုးပါပဲ။

တိုင်းတပါးကလာပြီး မြန်မာပြည်ကို မတရားကျူးကျော်အုပ်စိုးသူ နယ်ချဲ့ကို မျိုးချစ်တွေက နည်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်ခဲ့ကြတယ်။ မြန်မာပြည်ကို ကျွန်သဘောက်ပြု၊ ကျွန်သက်ရှည်အောင်လည်း အမျိုးသားရေး တိုးတက်မှု မှန်သမျှနှိပ်ကွပ်၊ အမျိုး ဘာသာ သာသနာ ကိုပါ ဖျက်ဆီးလို့၊ တိုင်းပြည်ရဲ့ သယံဇာတတွေကိုလည်း ဝါးမျို ဖျက်ဆီးယူငင်တဲ့ နယ်ချဲ့ကို ဆန့်ကျင်တော်လှန် တိုက်ခိုက်ရမယ်ဆိုတာ မျိုးချစ်တွေရဲ့ ဘဝပေးတာဝန်ပါပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေဖွဲ့လို့ လက်နက်ကိုင်စွဲပြီး နယ်ချဲ့ကို တိုက်ခိုက်တော်လှန်ခဲ့ကြတယ်။

မြန်မာ့စာပေနဲ့ ဂီတပညာရှင်ကြီးတွေကလည်း သီချင်းတွေနဲ့ တမျိုး၊ စာတွေ ကဗျာတွေနဲ့တဖုံ၊ ကလောင်ကိုကိုင်စွဲလို့ တဖက်တလမ်းကပါဝင်ပြီး ပြည်သူတွေကို ဇာတိသွေး ဇာတိမာန်တွေ ထက်သန်ကြစေဖို့ လှုံ့ဆော်စည်းရုံးလို့ နယ်ချဲ့ကို တော်လှန်ခဲ့ကြတယ်။

မြန်မာ့တူရိယာပညာရှင်ကြီးတွေကလည်း မြန်မာသက္ကရာဇ် ၁၂၉၅ ဝန်းကျင်လောက်မှာ သူတို့တီထွင်တဲ့ မြန်မာ့ရိုးရာ ဝံသာနုနှဲကြီးတွေကို တော်လှန်ရေးလက်နက်အဖြစ် ကိုင်စွဲခဲ့ကြဖူးတယ်။

တော်လှန်ရေးဆိုတာကို ရင်ဆိုင်ရမှာ ကြောက်ရွံ့စိုးရိမ်လွန်လွန်းတဲ့ နယ်ချဲ့အုပ်စိုးသူကတော့ မြန်မာပြည် တပြည်လုံးကို အင်မတန် ဖိနှိပ်အုပ်ချုပ်ရုံတင်မကဘဲ တုတ်၊ ဓား လက်နက်ဆောင်ခွင့်ကိုပါ ပိတ်ပင်ချုပ်ချယ်လာခဲ့တယ်။ အလှအပ အနုအရွတွေကို ဖန်တီးကြတဲ့ အနုပညာရှင်တွေရဲ့ လက်တွေကတောင်မှ လက်နက်ကိုင်ချင်စိတ် ပေါက်လာလောက်အောင် ဆိုးရွားရက်စက်ခဲ့ကြလေတယ်။

အမျိုးချစ်တဲ့စိတ်နဲ့ တော်လှန်တယ်ဆိုမှတော့ ဘာဘာညာညာ ရွေးမနေနဲ့တော့၊ ရရာလက်နက် ကိုင်ရမှာပဲဆိုပြီး လက်နက်ပုန်းတွေကို လူတိုင်းကိုင်ကြတာပါပဲ။ နယ်ချဲ့အုပ်စိုးသူကလည်း တဖက်သတ်ဥပဒေ အမျိုးမျိုးထုတ်ပြီး၊ လက်နက်အဖြစ်သုံးမယ်ထင်တာတွေကို ရှာသလား၊ သိမ်းသလားမမေးနဲ့၊ ထင်းခွေတဲ့ဓားနဲ့ မီးဖိုချောင်က ဟင်းလှီးဓားတောင် မချန်ဘူး။

ဝံသာနုမျိုးချစ်စိတ်ဓာတ်တွေ အထူးမြင့်မားလာတဲ့ အဲဒီအချိန်မှာ မြန်မာနှဲဆရာကြီးတွေက ဝံသာနုမြန်မာနှဲကြီးမျိုးတွေကို တီထွင်ခဲ့တယ်။ စပြီးတီထွင်ကတည်းက ကိုင်ဆောင်စရာ လက်နက်အဖြစ်သုံးဖို့ အဓိက ရည်ရွယ်ချက်ထားခဲ့တာဖြစ်တယ်။ ကိုင်ရတာ အင်မတန် လက်ဆကောင်းတဲ့ ဂျပန်နိုင်ငံက ‘ရှာခုဟာချိ’ ဝါးရင်းတုတ်ပလွေလိုပဲ လက်နက်တပိုင်း တူရိယာတပိုင်းဖြစ်နေတယ်။ ပိတောက်သားအနှစ်နဲ့လုပ်ထားတဲ့ အလျား ၂၂ လက်မ၊ လုံးပတ် ၄ လက်မ လောက်ရှိတဲ့ ဝံသာနုနှဲကြီးက လက်နက်တမျိုးဖြစ်နေသလို၊ တူရိယာပစ္စည်းပါလို့ ဆိုပြန်ရင်လည်း မငြင်းနိုင်ပါ။ နှဲတော့ နှဲပါပဲ။

နှဲအင်္ဂါရပ်များ

နှဲလို့ဆိုပြန်တော့၊ အရွယ်အစားစားတွေ့ရတဲ့ မြန်မာ့ရိုးရာ နှဲတွေကို အုပ်စုခွဲလိုက်ရင် အဓိက သုံးမျိုးပဲရှိပါတယ်။ နှဲကလေး၊ နှဲကြီး နဲ့ ဝံသာနု နှဲကြီး တို့ဖြစ်ပါတယ်။ မြန်မာ့ပလွေတွေမှာလည်း နှဲတွေကိုခေါ်သလိုပဲ ပလွေကလေး၊ ပလွေကြီး၊ ဝံသာနုပလွေကြီး လို့ ခေါ်ပါတယ်။ အသံစဉ်တွေလည်း တူပါတယ်။

ဝံသာနုနှဲကြီး၊ နှဲကြီး၊ နှဲကလေး
ရန်ဝင်း (တောင်တံခါး) စုဆောင်းတယ်။

ပလွေကလေး၊ ပလွေကြီး၊ ဝံသာနုပလွေကြီး၊
ရန်ဝင်း (တောင်တံခါး) စုဆောင်းတယ်။

နှဲကလေးအုပ်စုမှာ အငယ်ဆုံးဖြစ်တဲ့ အလျား ၄ လက်မ ရွှေချိုးဖြူနှဲ၊ အလျား ၉ လက်မ သံကတ်တံနှဲ၊ ၁ဝ လက်မ သံကျပ်တံနှဲ၊ ၁၁ လက်မ သံထီးတံနှဲ၊ ၁၂ လက်မ သံလတ်တံနှဲ ဆိုပြီး အရွယ်အမျိုးမျိုးတွေ့ရပါတယ်။ အသုံးအများဆုံးကတော့ အလျား ၁၁ လက်မ သံထီးတံနှဲဖြစ်ပါတယ်။ နှဲကြီးက အလျား ၁၇ လက်မ ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ ဆိုင်းဝိုင်းကြီးတွေမှာ ၁၆ လက်မ စီရှပ်တံနှဲတွေကို အသုံးများလာတယ်။

ဝံသာနုနှဲကြီးက သံထီးတံနှဲကလေးရဲ့ အရွယ်နှစ်ဆရှိတယ်ဆိုတော့ အလျား ၂၂ လက်မ၊ ၂၂ လက်မခွဲလောက် ရှိပါတယ်။ မြန်မာ့နှဲလောကမှာ အကြီးဆုံး နှဲကြီးပါပဲ။ မြင်ဖူးတဲ့သူ နည်းပေလိမ့်မယ်။ ဝံသာနုနှဲကြီးသံကိုတော့ အမှတ်မထင်နဲ့ပဲဖြစ်ဖြစ် ကြားဖူးကြပါလိမ့်မယ်။ အသံကကြီးပြီး တီးကွက်ကလည်း ကျဲပါတယ်။ နှဲတံကကြီးလည်း ကြီး၊ လက်ပေါက်တွေကလည်း သိပ်ကျဲတော့ လက်တံမမီလို့ နှဲဆရာတိုင်း မမှုတ်နိုင်ကြပါ။ ဝံသာနုနှဲကြီးတွေကို ဒီနေ့ မြန်မာ့ဆိုင်းဝိုင်းကြီးတွေနဲ့ စည်တော်ကြီးအဖွဲ့တွေမှာ သုံးနေကြဆဲပါပဲ။

ဝံသာနုခေတ်မှာ တီထွင်လိုက်တဲ့ အဲဒီဝံသာနုနှဲကြီးတွေမှာလည်း မျိုးချစ်စိတ်ဓာတ်ဝိညာဉ်တွေက ကိန်းအောင်းနေဆဲပဲလို့ ထင်မိပါတယ်။ စည်တော်ကြီးအဖွဲ့က တီးမှုတ်လိုက်တဲ့ စည်တော်သံထဲက ဝံသာနုနှဲကြီးသံကို ကြားလိုက်ရပြီလားဆိုမှဖြင့် လွမ်းသလိုလို ဆွေးသလိုလိုနဲ့၊ ရင်ထဲမှာ အမြဲရှိနေကြတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ သပြေညိုကဗျာ နဲ့ အေဝမ်းဆရာညှာရဲ့ ပြည်တော်ဝင်သီချင်း တွေကိုလည်း သတိရမိကြမှာ မလွဲဧကန်ပါပဲ။

“ရောင်နီကို ရည်မျှော်မှန်းပြီမို့၊ ရော်ရမ်းကာ အလီလီ လွမ်းရပါတဲ့၊ လှမ်းမယ်လေ အိမ်အပြန်လမ်းတွေဆီသို့၊ ပန်းသပြေညို ကိုယ်စီဆင်ပါလို့၊ စည်တော်သဘင်၊ ပြည်တော်ဝင် ရင်ကတေးကို ဝိုင်းဆိုစို့လေး။”
ရန်ဝင်း (တောင်တံခါး)

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

(၁) မြန်မာ့နှဲ (နှဲဦးမြကြီး၊ ကော့မှုး)၊ ၁၉၉၅
(၂) မြန်မာ့ရိုးရာအနုပညာ ဆိုင်းဝိုင်းတူရိယာများ (တက္ကသိုလ်-မောင်သုလှိုင်)၊ ဒီဇင်ဘာ၊ ၁၉၉၃
(၃) မြန်မာ့နှဲ (ပန်တျာကျောင်း ကထိက- နှဲ ဦးစိန်ဝင်း)၊ ယဉ်ကျေးမှုစာစောင်၊ အတွဲ ၃၊ အမှတ် ၁၂၊ ၁၉၆၂
(၄) အငြိမ့် (လူထု ဒေါ်အမာ)၊ ပ၊ ဒု၊ နိုဝင်ဘာ၊ ၂ဝဝ၅
(၅) Burmese Traditional Music, narrated in English : BBS (Burma Broadcasting services)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts