ဇူလိုင် ၂၃၊ ၂၀၁၄
illustration by Toni Demuro
အဲဒီလို တွေးနေရပုံကိုက
အဲဒီလို ပြောနေရတာကိုက
အဲဒီလို ၀ိုင်းဖွဲ့နေရတာကိုက
အဲဒီလို နားထောင်နေရတာကိုက
အဲဒီလို ကြည့်နေ မြင်နေရတာကိုက
ကိုက..ကိုက..နဲ့
ကိုယ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး…
အဲဒီလို နှစ်တိုင်း နှစ်တိုင်း
အဲဒီလို ကြိုကြား ကြိုကြား တချို့နေ့ရက်တွေ
အဲဒီလို လတချို့
အဲဒီလိုဟာ အဲဒီလိုနဲ့ အဲဒီအတိုင်းပဲ..
မနှစ်သက်တာတွေကို ပြန်နှစ်သက်နေရ
အချစ်ငတ်ခြင်းကို ပြန်ချစ်တတ်နေရ
အပစ်ရပ်ခြင်းမှာ ပြန်ပစ်ခတ်နေရနဲ့
နေရ…နေရ..နဲ့
နေခဲ့တဲ့ နှစ်တွေ များခဲ့ပြီး
နေရမယ့် ရက်တွေ နည်းလာခဲ့ရပြီ..
ခက်ခက်ခဲခဲ ချော်လဲမသွားအောင်
ဘယ်ညာယိမ်းပြီး ရပ်နေတာ
ကျယ်ပြန့်လွန်းလှတဲ့ ကမ္ဘာကြီးဆိုပဲ..
အဲဒီလိုဆို..
ကမ္ဘာထက်သေးငယ်တဲ့ ရွာထက်မှာ
ဘယ်တရားကိုမှတ်ပြီး ရပ်ရမှာလဲ…
အဲဒီလို စဉ်းစဉ်းစားစား
စဉ်းစားနေရတာကိုက အထာမကျလှဘူး..
ပြောရင်း ဆိုရင်း
မြင်ကွင်းထဲက ပျောက်သွားတဲ့ လေယာဉ်ဟာ
ခဏချင်းပဲ မြေပြင်မှာ ပြာမှုန်ဖြစ်သွားခဲ့..
အထာမကျပုံက
အထာကိုမကျလှဘူး …။ ။