>Htain Linn Article – 62

> နိုင်ငံရေးနဲ့ စာပေအနုပညာ (၆၂)

အမျိုးသားအောင်ပွဲနေ့ နှင့် အမျိုးသားနိုင်ငံရေး
ထိန်လင်း
ဇွန် ၁၄၊ ၂၀၁၀


တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ဟာ အမျိုးသားအောင်ပွဲနေ့ဆိုတာ သတင်းစာတွေထဲမှာ၊ ပြက္ခဒိန်တွေထဲမှာ တွေ့ရလို့ ဘယ်နေ့ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို နေ့ထူးနေ့မြတ် သတ်မှတ်ရလောက်အောင် အတိတ်က ဘာတွေဖြစ်ခဲ့တယ်၊ ဘာကြောင့်အရေးကြီးတယ် ဆိုတဲ့ မှတ်တမ်းမှတ်ရာ အချက်အလက်တွေကို သိရှိဖို့တော့ လိုအပ်ပါတယ်။

အများသိတဲ့အတိုင်း သမိုင်းဖြစ်ရပ်တွေကိုသာမဟုတ်ဘဲ ရွှေတိဂုံစေတီတော်ပေါ်က အမျိုးသားအောင်ပွဲနေ့ မော်ကွန်းကျောက်တိုင်ကိုတောင် ပိတ်ဆို့ကာဆီးနေတဲ့အခါဆိုတော့ လူငယ်လူရွယ်တွေအတွက် သမိုင်းမှတ်တမ်း လက်ဆင့်ကမ်းဖို့ လိုအပ်ပါတယ်။

မြန်မာ့နေ့ထူးနေ့မြတ်တွေထဲမှာ မြန်မာပြက္ခဒိန်ရက်နဲ့ သတ်မှတ်ထားတဲ့ နိုင်ငံရေးဆိုင်ရာနေ့ရက်က ဒီတစ်ရက်ပဲ ရှိပါတယ်။ ဒီလို သတ်မှတ်ချက်ထူးခြားသလို ဖြစ်ရပ်ကလည်း မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်စေခဲ့တဲ့ ပထမကျောင်းသားသပိတ်ဟာ မြန်မာပြည် ကျောင်းသားများလှုပ်ရှားမှုကြီးရဲ့ ပြယုဂ်ဖြစ်သလို ပညာရေးနဲ့ နိုင်ငံရေး ဘယ်လိုဆက်စပ်နေတယ် ဆိုတာကိုလည်း ဖော်ပြလိုက်တဲ့ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်။

ပထမကျောင်းသားသပိတ်ရဲ့သက်တမ်းဟာ ရန်ကုန်တက္ကသိုလ်သက်တမ်းနဲ့ အတူတူဖြစ်တာမို့ ရန်ကုန်တက္ကသိုလ် သက်တမ်း ၈၉ နှစ်ရောက်လာတဲ့ ဒီနှစ်ဟာ ၈၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျရောက်ပြီဖြစ်ပါတယ်။ ၁၉၂ဝ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေဟာ အများသဘောနဲ့ ပြဋ္ဌာန်းတဲ့ဥပဒေမဟုတ်ဘဲ အာဏာပိုင်တွေက သူတို့အလိုအတိုင်း ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ကျင့်သုံးမှာဖြစ်ပြီး ဆင်းရဲချမ်းသာမရွေး ကျောင်းသားတိုင်းအတွက် ညီမျှတဲ့ဥပဒေမဟုတ်ဘဲ ချို့ယွင်းချက်တွေ ကန့်သတ်ချက်တွေ အများအပြား ပါဝင်နေပါတယ်။

ဒါကြောင့် ဒီဥပဒေကို သပိတ်မှောက်ဖို့ ယုဒဿန်ကောလိပ်နဲ့ ရန်ကုန်ကောလိပ်က ကျောင်းသားကြီး ၁၁ ဦးတို့ဟာ ရွှေတိဂုံစေတီရင်ပြင် စနေထောင့်မှာ စုဝေးတိုင်ပင်ခဲ့ပါတယ်။ အများသဘောမတူဘဲ ဇွတ်ပြဋ္ဌာန်းတဲ့ ဥပဒေကို တော်လှန်ဖို့ စဉ်းစားတဲ့အခါ ကျောင်းသားမရှိဘဲ ဖွင့်တဲ့ကျောင်းဟာ အဓိပ္ပာယ်မရှိနိုင်ဘူး၊ အာဏာရှိတိုင်း လုပ်ချင်ရာ လုပ်လို့မရဘူးဆိုတာတွေကို ပြသနိုင်ဖို့ ကျောင်းသားသပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆုံးဖြတ်ခဲ့ကြတဲ့ ကျောင်းသား ၁၁ ဦးဟာ ကောလိပ်ကျောင်းသားတွေအားလုံးက မပါဝင်ရင်တောင် သူတို့ ၁၁ ယောက်က ကျောင်းကိုသပိတ်မှောက်ပြီး တိုင်းပြည် ဆူပူထကြွလာအောင် လှည့်လည်တရားဟောဖို့၊ နောက်နေ့မှာ ကျန်တဲ့ကျောင်းသားတွေနဲ့ စုဝေးတိုင်ပင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နောက်တနေ့ပြုလုပ်တဲ့ ဗဟန်းက ဦးအရိယကျောင်းတိုက် ဆွေးနွေးပွဲမှာတော့ ကောလိပ် ၂ ခုက တက်လာတဲ့ ကျောင်းသား ၆ဝဝ လောက်က အခြေအတင် ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာလ ၇ ရက်နေ့ ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ကြောင်း ဒုတိယဘုရင်ခံက ကြေညာတဲ့အခါ အားလုံး ‘ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက်ပြီ’လို့ အော်ဟစ်ပြီး ကျောင်းကနေ ထွက်ခွာဖို့၊ ပြဋ္ဌာန်းထားတဲ့ဥပဒေကို ပြုပြင်ပေးရေးအတွက် အရေးဆိုဖို့၊ တောင်းဆိုထားတဲ့အချက်တွေကို မပြုပြင်သမျှ ကျောင်းပြန်မတက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။

ကျောင်းသားတွေ ဒီလိုဆုံးဖြတ်တာကို ရန်ကုန်ကောလိပ် အာဏာပိုင်တွေသိသွားပြီး ခြိမ်းခြောက်တာ ဖျက်ဆီးတာတွေ လုပ်ပါတော့တယ်။ ဒီတော့ ကျောင်းသားတွေက ပထမဆုံးဖြတ်ထားတာထက် ၂ ရက်စောပြီး မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင် သပိတ်မှောက်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်နဲ့ ယုဒဿန်ကောလိပ်ကျောင်းသားတွေ စတင်ခဲ့တဲ့သပိတ်ဟာ သခင်ဘသောင်းဖြစ်လာမယ့် မောင်ဘသောင်း အပါအဝင် ကျောင်းသားတွေရဲ့ဦးဆောင်မှုကြောင့် မန္တလေးမြို့ကိုပါ ကူးစက်ခဲ့သလို ကောလိပ်ကျောင်းသားများသာမက အထက်တန်းကျောင်းသားများပါ ပါဝင်လာခဲ့ပါတယ်။ ကျောင်းသားသပိတ်ရဲ့ အကျိုးဆက်ကတော့ အမျိုးသားကောလိပ်အပါအဝင် နိုင်ငံအနှံ့အပြားမှာ အမျိုးသားကျောင်းတွေ ပေါ်ထွက်ခဲ့သလို ပြည်သူလူထုကို နိုင်ငံရေးနိုးကြားမှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။

အမျိုးသားအောင်ပွဲနေ့ ဆိုတာကတော့ ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ ရန်ကုန် ဂျူဗလီဟောမှာ ပြုလုပ်တဲ့ ဂျီစီဘီအေ ပြည်လုံးကျွတ် အထူးအစည်းအဝေးကြီးကနေ ဆုံးဖြတ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မဆလခေတ် နောက်ပိုင်းမှာတော့ အမျိုးသားအောင်ပွဲနေ့ကနေ အမျိုးသားနေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့တာ ခုချိန်ထိ ဖြစ်ပါတယ်။

ဒီနေရာမှာ အမျိုးသား ဆိုတဲ့ စကားရပ်နဲ့ ဆက်စပ်တဲ့ ခေါ်ဝေါ်သုံးစွဲမှုတွေအကြောင်း စဉ်းစားမိပါတယ်။ အမျိုးသားခေါင်းဆောင်၊ အမျိုးသားပညာရေး၊ အမျိုးသားအကျိုးစီးပွား စသဖြင့် သုံးနှုန်းကြတာ ရှိပါတယ်။ အကြောင်းအရာ ဘယ်လိုပဲ ကွဲလွဲပေမယ့် အမျိုးသား ဆိုတဲ့စကားလုံးက တိုင်းပြည်တခုလုံးကို ကိုယ်စားပြုတဲ့ သဘောဆောင်ပါတယ်။ တဆက်တည်းမှာ အာဏာပိုင်တွေ သုံးလေ့ရှိတဲ့ ‘အမျိုးသားနိုင်ငံရေး’ ဆိုတဲ့ စကားလုံးလည်း ရှိပါတယ်။ သူတို့ကတော့ ပါတီနိုင်ငံရေး ဆိုတာနဲ့ အမျိုးသားနိုင်ငံရေးဆိုတာ မတူဘူး၊ ပါတီခေါင်းဆောင်တွေက ပါတီအတွက်ပဲ လုပ်ကြမှာ စသဖြင့် ပြောဆိုကြတာဖြစ်ပါတယ်။

တကယ်ကတော့ ပါတီထဲမှာပဲရှိရှိ၊ စစ်တပ်ထဲမှာပဲရှိရှိ ဘယ်မှာပဲရှိရှိ တိုင်းပြည်အကျိုးစီးပွား၊ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုပြီး စေတနာအစစ်အမှန်နဲ့ လုပ်ဆောင်ရင် အမျိုးသားနိုင်ငံရေးပဲ ဖြစ်ပါတယ်။ စကားလုံးတွေ ဘယ်လိုပဲပြောင်းပြောင်း အနှစ်သာရက မကွဲပါဘူး။

ပထမကျောင်းသားသပိတ်ကို စတင်ခဲ့တဲ့ ကျောင်းသားတွေဟာ ပညာရေးစနစ်တစ်ခုပေါ်မှာ တော်လှန်အံတုတယ် ဆိုပေမယ့် ပညာရေးနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးစနစ်ကို တော်လှန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအရေးကိစ္စပဲဖြစ်ဖြစ် တိုင်းပြည်နဲ့၊ နိုင်ငံနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုရင် နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေမှာပဲဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာလည်း ပညာရေးဟာ နိုင်ငံရေးဖြစ်တယ်လို့ ရည်ညွှန်းခဲ့ပါတယ်။

၁၉၄၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ ရန်ကုန် ကန်တော်ကလေး မြူနီစီပယ်ကျောင်းမှာ ပြုလုပ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးစနစ် ညံ့ဖျင်းရာက မြန်မာတွေရဲ့ အစည်းအဝေးတိုင်း အချိန်မမှန်တဲ့အကျင့် ဖြစ်လာတဲ့အကြောင်း၊ လွတ်လပ်တဲ့တိုင်းပြည်နဲ့ ပညာရေးစနစ်ကောင်း ထွန်းကားတဲ့ တိုင်းပြည်တွေမှာသာ စည်းကမ်းစနစ်ကို လူတိုင်း သဘောပေါက် နားလည်ပြီး လိုက်နာတဲ့အကြောင်းတွေကို ပြောကြားခဲ့ပါတယ်။ နိဂုံးချုပ်မှာတော့ ပညာရေးဟာ နိုင်ငံရေးဖြစ်တဲ့အတွက် နိုင်ငံရေးလွတ်လပ်မှ ပညာရေးလွတ်လပ်မယ်၊ ဒီအတွက် နိုင်ငံရေးလွတ်လပ်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ ပညာရေးနဲ့ နိုင်ငံရေး ဘယ်လို ဆက်စပ်နေတယ်ဆိုတဲ့ အဆိုအမိန့် ဖြစ်ပါတယ်။

အမျိုးသားအောင်ပွဲနေ့နဲ့ ပတ်သက်တဲ့ သမိုင်းမှတ်တမ်းတွေ၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကို လေ့လာမယ်ဆိုရင်လည်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုများအတွင်းက အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်တဲ့ အကြောင်းအရာတွေကို မလွဲမသွေ တွေ့ရမှာပဲဖြစ်ပါတယ်။ ။

ထိန်လင်း (၁ဝ၊ ၁၁၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts