>Kyaw Kyaw – To my mother

>

မေမေသို့ အမှတ်တရ
ကျော်ကျော်
မေ ၃၀၊ ၂၀၁၀
မိခင်တဦး ဆုံးရှုံးသွားတာ အလင်းရောင်နည်းတဲ့ကြားမှာ ဆီမီးတတိုင် ငြိမ်းသွားသလိုပါပဲ။ ဒါပေမယ့် ဒီဆီမီးက အစားထိုးလို့ မရဘူး။ မီးလည်း ပြန်ညှိလို့ မရဘူးလေ။ (စာရေးဆရာ ထိန်လင်း)

နောက်ဆုံးအကြိမ် မေမေနဲ့ ပြန်ဆုံတွေ့ခြင်း
နိုဝင်ဘာလ ၂၀၀၉။ ခြောက်လတကြိမ် ဘန်ကောက်ဆေးရုံမှာ ဆေးစစ်ဖို့ မေမေရောက်လာတယ်။ မေမေနဲ့အတူ ဖေဖေရယ် ညီလေးရယ် ပါတယ်။ ကျနော်တို့မိသားစုအားလုံးလည်း ဘန်ကောက်ကို သွားပြီး နှစ်ပတ်ကြာလောက် မေမေတို့နဲ့တွေ့တယ်။ အတူတူသွားကြ၊ စားကြ၊ လည်ပတ်ရင်း မေမေနဲ့အတူ အားလုံးလည်း ၀မ်းသာပျော်ရွှင် စိတ်ချမ်းမြေ့တဲ့ အချိန်လေးပေါ့။ ဒုတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် မေမေနဲ့ ပြန်လည်ဆုံတွေ့ရခြင်းပါ။ (ပထမအကြိမ်က လွန်ခဲ့တဲ့ ၂ နှစ်တုန်းကပေါ့၊ ဘန်ကောက်မှာပဲ ဆုံတွေ့ခဲ့တယ်။)

နောက်ဆုံးတည မေမေနဲ့အမှတ်တရ
ကျနော်တို့လည်း ယူအက်စ် မပြန်ခင်၊ မေမေတို့လည်း ရန်ကုန် မပြန်ခင် နောက်ဆုံးည ဘန်ကောက်မှာပေါ့။ မတိုင်ခင်တရက်က စူကွန်ဗစ်လမ်းမကြီးပေါ်က လေးမျက်နှာဘုရားကို သွားဖူးချင်တယ်လို့ မေမေက ပြောတယ်။ ဒါကြောင့် အဲဒီညမှာ မေမေရယ် ကျနော်ရယ် ညီလေးရယ် သုံးယောက် တက်စီနဲ့ လေးမျက်နှာဘုရားကို ရောက်သွားတယ်။ (ကျန်တဲ့မိသားစုတွေ တည်းခိုရာအိမ်မှာပဲ နေခဲ့တယ်။)
လေးမျက်နှာဘုရားက ညဖက်ဆို လူစည်ကားတယ်၊ အများစုက တိုးရစ်တွေပေါ့၊ နယ်ခံထိုင်းလူမျိုးတွေလည်း လာဖူးကြတယ်။ အမွှေးတိုင် ဖယောင်းတိုင် ဘုရားပန်းတွေ ၀ယ်၊ အရပ်လေးမျက်နှာစလုံးလှည့်ပြီး မေမေ ဘုရားရှိခိုးတယ်၊ ဆုတောင်းတယ်။ မေမေလက်အုပ်ချီ ဘုရားကိုကြည့်ပြီး အာရုံပြု ဆုတောင်းနေတာကို ကျနော် ဘေးကနေ သေချာကြည့်နေတယ်။ တဆက်တည်း ကင်မရာတဖျတ်ဖျတ်နဲ့ မေမေရဲ့ပုံရိပ်တွေကို ကျနော်ဖမ်းယူနေပါတော့တယ်။ အဲဒီညက ဘုရားဖူးလိုက်ရတာ မေမေ ကျေနပ်ပြီး တော်တော် စိတ်ချမ်းသာ ဖြစ်သွားတယ်။ ကျနော်လည်း ၀မ်းသာကြည်နူး ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးတခါ မေမေနဲ့စကားပြောခြင်း
မျက်နှာချင်းဆိုင်တော့ မဟုတ်ပါဘူး၊ မိုင် ၉၁၀၀ ကျော်ကွာဝေးနေတဲ့ မေမေ့ဆီကို ဖုန်းနဲ့ဆက်ပြီး စကားပြောခဲ့တာပါ။
“ ဟဲလို… မေမေလား…သားပါ..ကြားတယ်နော်…”
“အင်း… ကြားတယ်..”
“မေမေ နေကောင်းရဲ့လား..”
“အင်း ကောင်းပါတယ်.. ဒါပေမဲ့ အခုတလော.. ခဏခဏအိပ်ချင်နေတယ်..”
“ဟုတ်လား…ဆေးပုံမှန်သောက်ရဲ့လား…..ကောင်းကောင်းပဲ အနားယူပါ…စိတ်မပူပါနဲ့…”
ပြောနေရင်း ဖုန်းသံက ၀ူးဝူးဝါးဝါး ဖြစ်သွားပြန်တယ်၊ ကြားတချက် မကြားတချက် ဖြစ်နေတယ်။ အသံကိုမြင့်ပြီး အော်ပြောရတယ်။
“ ဟဲလို..ဟဲလို.. မေမေ…လိုင်းကအရမ်းဆူနေတယ်၊ သိပ်မကြားရဘူး… နောက်ရက်မှ ပြန်ဆက်မယ်နော်…”
“ အေး..အေး..”

မေမေ ဆေးရုံတင်လိုက်ရပြီ 
ကျနော်နဲ့ နောက်ဆုံးဖုန်းပြောပြီး နောက်တစ်ရက်လောက်မှာပဲ ထင်တယ်၊ မေမေ အားပြတ်သွားလို့ ချက်ခြင်းပဲဆေးရုံကို ပို့လိုက်ရတယ်။ အခြေအနေကိုတော့ ဖေဖေကနေတဆင့် ဖုန်းပြောရင်း သိရတယ်။ အားမရှိတာကလွဲလို့ အစာစားနိုင်တယ်၊ အားလုံးသိသေးတယ်၊ စကားနည်းနည်းပဲ ပြောတယ်၊ နားနေ အိပ်နေတာက များတယ်။ ဆေးရုံမှာ ၁၀ ရက်လောက် ကြာသွားပြီ။

မေမေအတွက် ကျနော့်ရဲ့ နောက်ဆုံးစကားများ
နေ့တိုင်းလိုလို ဖေဖေနဲ့ဖုန်းဆက်နေတော့ မေမေရဲ့ရောဂါ အခြေအနေကို သိနေရတယ်။ အဲဒီနေ့က မေမေ အခြေအနေမကောင်းမှန်း သိရတယ်။ မေမေရဲ့မောင်နှမ ဆွေမျိုးမိသားစုတွေ အားလုံးနီးပါးလည်း ဆေးရုံမှာ ရောက်နေတယ်။ ကျနော်ကခွင့်တောင်းတော့ ဖေဖေက ဖုန်းခွက်ကို မေမေနားမှာ ကပ်ထားပေးရင်း ကျနော်ပြောတာကို နားထောင်စေတယ်။
“ မေမေ…မေမေ… ကျနော် သားကြီးပါ… မေမေကြားနိုင်မယ်လို့ ထင်ပါတယ်။….မေမေ… သားက မေမေကို ပြန်လာတွေ့ချင်တယ်… ဒါပေမဲ့ လက်ထဲမှာ ပတ်စ်ပို့က အဆင်သင့်မရှိတော့… မလာနိုင်တော့ဘူး၊ …တခြားနည်းလမ်းလဲ ကြိုးစားသေးတယ်… အဆင်မပြေဘူး… ဒါကြောင့် သားပြန်မလာနိုင်ဘူး….”
“ မေမေ ဘာမှစိတ်မပူပါနဲ့… နောက်ဆံလည်းတင်းမနေပါနဲ့…ဖေဖေနဲ့ မောင်နှမတွေ မိသားစုတွေ အားလုံး ကျန်းမာ အဆင်ပြေနေပါတယ်…ဘာမှစိတ်မပူပါနဲ့…။ မေမေ…မိသားစုပေါ်မှာ…သားသမီးတွေပေါ်မှာ…အားလုံးတာဝန်ကျေခဲ့ပါတယ်…လိုလေသေးမရှိ….. မေမေ..လုပ်ပေးခဲ့ပြီပဲ….အဲဒါအတွက် မေမေ၀မ်းသာနေပါ…”
“..သား …မေမေကို မှာချင်တာကတော့…ဘုရားကိုပဲ အာရုံပြု… ဘုရားရဲ့ဂုဏ်တော်တွေကိုပဲ အာရုံပြုကြည်ညိုနေပါ…၊ နောက်ပြီး…မေမေ..ပြုလုပ်ခဲ့တဲ့ အလှူဒါနတွေ ကောင်းမှုတွေကိုပဲ အမှတ်ရပြီးဝမ်းသာနေပါ..တရားကိုပဲ..တတ်နိုင်သလောက်မှတ်နေပါ…ဒါဆို…အားလုံးအဆင်ပြေသွားမယ်…မေမေရယ်….”
မေမေ့ပုံရိပ်ကိုမှန်းဆပြီး ကျနော့်ရင်ထဲက ပေါ်လာသမျှ ဖုန်းကနေ ပြောနေခဲ့တယ်။ နောက်တနေ့ မနက်စောစောမှာလဲ အဲဒီလိုပဲ စုစုပေါင်းသုံးကြိမ် ပြောလိုက်ရတယ်။ သားပြောတာ မေမေ ကြားနိုင်မလားတော့ မသိ။ ကြားပါစေလို့ပဲ ဆုတောင်းနေမိတယ်။ ကျနော့်ဘေးမှာ ဇနီးသည် သန်းသန်းရဲ့ တရှုံ့ရှုံ့ငိုသံကိုတော့ ကြားနေရတယ်။ ကျနော်လည်း ဖုန်းပြောနေရင်း ရင်ထဲမှာ တလှိုက်လှိုက်တက်နေတဲ့စိတ်ကို ထိန်းချုပ်ပြီး တရားသဘောနဲ့ ဖြေသိမ့်နေခဲ့ရတယ်။

မေမေ မရှိတော့ဘူး
နောက်တနေ့မနက် ၁၀နာရီခွဲလောက်မှာ ညီမ၀မ်းကွဲတယောက်ရဲ့ ဖုန်းဝင်လာတယ်။
မေ ၂၈ ရက် ည ၈:၂၀ မှာ(ရန်ကုန်အချိန်) ဆေးရုံမှာပဲ မေမေဆုံးသွားပြီဆိုတာ သိလိုက်ရတယ်။
ဖေဖေကို ဖုန်းပြန်ဆက်တော့ ပြောပြတယ်၊ စိတ်မပူဖို့၊ အားလုံးလိုအပ်တာ စီစဉ်ထားတယ်ဆိုတာရယ်၊ ဆွေမျိုးအပေါင်းအသင်းအားလုံးလည်း လာရောက်ပြီး ကူညီကြတယ် ပူစရာမရှိပါလို့ ပြောပါတယ်။
ဒါပါပဲ။
လောလောဆယ်မှာတော့ ကလေးဘ၀က ကျနော်နဲ့မေမေရဲ့ အကြောင်းတွေ၊ ထိုင်းမှာမေမေနဲ့ ပြန်ဆုံခဲ့တုန်းက မေမေရဲ့ဝမ်းသာအပြုံးတွေ၊ လေးမျက်နှာဘုရားသွားတုန်းက မေမေရဲ့ ပုံရိပ်တွေကိုပဲ ပြန်လည် မြင်ယောင်နေမိပါတော့တယ်။
မေမေ ကောင်းရာသုဂတိ လားပါစေ …
(မေ ၂၉ ရက်၊ ၂၀၁၀)

(မိုးမခ မှတ်ချက် – မိုးမခရဲ့ ၀ိုင်းတော်သားတဦးအဖြစ် ၂၀၀၆ ခုနှစ်ကတည်းက စေတနာဝန်ထမ်း ဆောက်ရွက်ခဲ့သူ (ကို) ကျော်ကျော်ရဲ့ မိခင်ကွယ်လွန်သည့်အတွက် မိုးမခ၀ိုင်းတော်သားများအားလုံးက မိသားစုနှင့်အတူ ၀မ်းနည်းကြောင်း မှတ်တမ်းပြုပါသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts