Portraits U Win Tin ကိုရာဇာ

Ko Yar Zar – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၆)


ဦးဝင်းတင်နဲ့နေထိုင်ခြင်း (၆)

ကိုရာဇာ၊ ဇွန် ၁၆၊ ၂၀၁၃

ဦးဝင်းတင်နဲ့ဇာတိမြေချစ်စိတ်

        “ဒီမြေဟာ ငါတို့မြေ….ဗမာပိုင်ဘိုးဘွား တို့မြေ” ဆိုတဲ့သီချင်းလေး အမှတ်ရသဗျာ။ သူကလည်း ထူးထူးခြားခြား ချုပ်မှူးကြီးဆိုလား ရှုပ်ရူးကြီးဆိုလား ရေးတယ်ပြောတယ်။ ကောင်းပါ့ဗျာ၊ ကောင်းပါ့ဗျာ။ ဇွတ်မြန်မာနေတဲ့ ကော်မရှင်လည်း ဒီသီချင်းကြီး ဘယ်နည်းနဲ့ရှင်းမလဲ။ စိတ်ဝင်စားပါတယ်။ ထားပါတော့။ ဒီ အမနာပတွေက သူတို့ချင်း ရှင်းချင်တဲ့နေရာရှင်းပစေတော့။

           မျိုးချစ်စိတ်။ အမျိုးချစ်စိတ်။ ဘာကိုချစ်ကြသတုံး … ဆိုတာတော့ စိန်တလက်လက်နဲ့တိုင်းပြည် ပျက်ပြခဲ့ပြီး ပကောလား။ ကျနော်လည်း မတွေးတောတတ်ပါဘူးဗျာ။ စိန်တွေ ဒီလောက်အများ ဘယ်မှာ ထားသလဲ။ သံသရာမှားအောင်ကို အမှောင်ဖုံးလွှမ်း ရေစီးကမ်းပြိုခဲ့ကြပါသလားလို့တော့ သံဝေဂ တရားပွားများမိပါရဲ့။

       ဒီမျိုးချစ်စိတ်ဆိုတာကြီးကို မုန်းလောက်အောင်ကြားလာတော့လည်း ဘာဝနာတရားလိုတောင် ဖြစ်လာတယ်ဗျာ။ စစ်အာဏာရှင်ခေတ်တလျောက်လုံး ဒီစကားဒီတရားနဲ့ပဲ ဗမာပြည်သူလူထုဟာ အကြောက်သမားအဖြစ် မွဲပြာကျခဲ့တယ်။ သမိုင်းတွေ အတိတ်တွေ ပြောမနေကြပါနဲ့။ ဒီနေ့ဘာဖြစ်နေလဲ ဆိုတာ လက်တွေ့က အဖြေပါပဲ။ ကျနော်ကတော့ အမျိုးချစ်ရမလား၊ မျိုးချစ် ရမလား၊ အခုထက်ထိစဉ်းစား တုန်းပဲဗျ။ အတွေးအခေါ်၊ အမြော်အမြင်ဆိုတာလည်း တထွာ တမိုက်လောက် ရှိတော့မျိုး၊ တော်တော်ချစ် တယ်ဗျာ … ဒါပဲ။ ကျနော့်ကို ငတုန်းခေါ်ခေါ် ငတိမ်ပြောပြော၊ အကြောမခံနိုင်တာကတော့ မျိုးချစ်စိတ်ပဲဗျာ။ဟဲဟဲ။

                  အခုထက်ထိတော့လည်း ဒီမျိုးချစ်စိတ်ဆိုတာကြီးကို ဘယ်လိုအကောင်ထည် ဖော်ပြရမလဲ၊ စဉ်းစားရတုန်း၊ တွေးရတုန်း၊ ဘာသာတစ်ခုနဲ့ တစ်ခု သတ်တာတွေ ငေးရတုန်း၊ သေသူ့ဘက်သားတွေကို မေးရတုန်း၊ အပျက်အစီးစာရင်းတွေ ရေးရတုန်း။ ဆိုတော့ကာဗျာ … ခုလိုခေတ်ကြီးမှာ ငါသာ ဘာကောင်ဆိုတဲ့လူတွေနဲ့ ကျနော်နဲ့က မထော်မနမ်းများ ဖြစ်နေသလားပဲ။ ဖြစ်ခွင့်ရှိတာပေါ့ဗျာ။ ကျနော် ဆိုတဲ့ကောင်ကလည်း မထော်မနမ်းတွေနဲ့ အတော် သရမ်းခဲ့သေးတာလား။ စစ်အာဏာရှင်တွေကို မော် မကြည့်ရဲချိန်မှာ အမေစုသားကွ ဆိုပြီး ဒီမိုကရေစီလူရမ်းကားလို ဆဲဆိုအော်ဟစ်၊ လူ့အခွင့်အရေးကို ခေတ်စားအောင်လုပ်ကြစို့ လို့ တိုက်တွန်း ခဲ့သေးတာလား။

ဒီတော့ဒီပြဿနာကြီးဟာ ကျနော်လည်း မနိုင်တော့ဘူး၊ ဘာကိုချစ်ရမှာလဲ၊ ဘယ်လိုချစ်ကြမလဲ … ဆိုတော့ ကျနော် ဒေသနာကြားနေကျ၊ အဘဦးဝင်းတင်ဆီ စူးစမ်းရတာပေါ့။

“ငါ့ကောင်…၊ ငါကတော့ မျိုးချစ်စိတ်၊ အမျိုးချစ်စိတ်ဆိုပြီး၊ နိုင်သမျှနိုင်၊ လက်နက်အားကိုး တိုင်းပြည်ကြီးစိုးနေတဲ့ကောင်တွေကို ကြည့်ပြီး၊ အော်… ဘုရားစကား မစင်တွင်းထဲက ကြားနေရပါပကော တောင် တွေးမိတယ်။ ဒီလိုလုပ်ကွာ၊ မျိုးချစ်စိတ်တွေ၊ ဘာတွေ အသာထားပါကွာ။ ငါတို့လူမျိုးတွေ၊ “ဇာတိမြေချစ်စိတ်” ရှိသင့်တယ်တော့ ထင်တယ်။ တခြားမကြည့်နဲ့ကွာ။ မင်းတို့အန်တီ ကြည့်။  ဒီကငနဲတွေ ကြုံးဝါး၊ ကျင့်ကြံသလို ဆိုရင်တော့၊ သူ့သားနှစ်ယောက်ကိစ္စပဲ လုပ်လိမ့်မယ်ထင်ကြတယ်။ ခုဒေါ်အောင်ဆန်းစုကြည်က သူဟာ ဗမာ၊ ဗမာပြည်ဟာသူ့ပြည်၊ ဗမာလူမျိုးတွေဟာ သူ့လူမျိုးဆိုတဲ့၊ အတွေးအခေါ်တွေနဲ့  ဒီမိုကရေစီတိုက်ပွဲဝင်နေတာ ဒေါ်စုဘယ်တော့မှမရှုံးဘူး။ သူ့မှာ ဇာတိမြေချစ်စိတ်အပြည့်ရှိတယ်။ လူမျိုးဆိုတာ အစွန်းရောက်မှုတွေ ပါတယ်ကွ။ ဇာတိမြေသဘောကတော့ အစွဲမပါဘူးလား ဆိုတော့ ပါပါတယ်။ ဒါပေမယ့် ငါ့အမျိုးအဆွေဆိုတာထက် အများကြီး သက်သာပါတယ်ကွာ။ ငါတို့လူမျိုးတွေဟာ ရှေးကတည်းက ပညာတော်သင်လွှတ်တယ်ကွာ။ နိုင်ငံခြားကလူတွေနဲ့ လက်ထပ်ပြီး နိုင်ငံခြားမှာပဲနေကြတာ။ ဒေါ်စုက ဒီတစ်ခုထဲနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပြီ … ” …….တဲ့။

             အဘပြောမှပဲ ကျနော်လည်း ကိုယ့်ဖာသာ သတိထားမိတယ်။ ကျနော့်ဇာတိကို ကျနော် သိပ် မတမ်းတမိတော့သိလို ဖြစ်နေတာကြာပေါ့ဗျာ။ အယင်က ထင်းရူးနံ့လေးများ သင်းလာရင် မျက်ရည်ဝဲချင် လာတယ်။ ခုတော့ သိပ်အမှတ်မထားမိသလို ဖြစ်လာတယ်။ ဒီတော့ဒေသိယစကားတွေ ဒေသိယတရားတွေ မေ့ချင်ချင်တောင် ဖြစ်လာတယ်။ ငါ့ဇာတိလို့ သဘောမထားတော့ ငါ့မြို့သားဆိုတာလည်း မရှိတော့ဘူး။ ငါ့အမျိုးအဆွေဆိုတာလည်း သိပ်သဘောမပေါက်တော့ဘူး။ ဒီဒေသ မတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ဆိုတာတွေဟာ ကိုယ်နဲ့ မဆိုင်သလို ဖြစ်လာတာပေါ့။

                 အမေစုသာ ကျနော့်လို စဉ်းစားသူဆိုရင်၊ သူ့ဖာသာ လူ့အခွင့်အရေးပြည့်ဝနေတဲ့ တိုင်းပြည်ကြီးမှာ ဒီမိုကရေစီနိုင်ငံကြီးမှာ မိသားစုနဲ့ သာသာယာယာပေါ့။ အခုတော့ အမေဟာ သူ့ဇာတိမြေချစ်စိတ်နဲ့ တိုင်းပြည်ကြီးကို ဦးဆောင်နိုင်မှုပေးဖို့ တိုင်းပြည်ကြီးကို ကြီးပွား ကောင်းမွန်အောင် လုပ်ပေးနိုင်ဖို့၊ အရာရာကို နာကျည်း နာကျင်စွာ မေ့လျော့ပြီး ဇာတိမြေအတွက် လာလုပ်ပေးနေတာဟာ … … ။

          ထူးအိမ်သင်သီချင်း ညည်းမိတယ်ဗျာ။

 “ ကျေးဇူးပါမေမေ … … … သားလေ”

  ကိုရာဇာ

(ဓာတ်ပုံ – ဦးဝင်းတင်၊ ကိုရာဇာ ကိုဇေယျ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts