သရော်စာ

>The Geek – To Ko Zarganar – From Enemy to become Friend


ကိုဇာဂနဖတ်ဖို့ ဟာသ
ပျော်တော်ဆက်သာဂိ
 
 

ရန်သူကို မိတ်ဆွေဖွဲ့ကြပါ …

မေ ၂၀၊ ၂၀၁၀

ကိုဇာဂနာရေ

ခင်ဗျား မဖတ်ရမယ့် စာတွေရေးပြန်ပေါ့။ ကျနော့်ကို မေးကြတယ်ဗျ။ ကိုဇာဂနာနဲ့ ကျနော်နဲ့က နှစ်ပေါင်းများစွာ (ခင်ဗျားက အသက်အလွန်ကြီးပြီး၊ ကျနော်က အလွန်ငယ်တယ်ဗျာ) ကွာတယ်။ မိုင်ပေါင်းများစွာ ဝေးတယ် (ကျနော်က ရန်ကုန်မှာ၊ ခင်ဗျားက မြစ်ကြီးနား)။ ပြီးတော့ ငယ်ပေါင်း ကြီးဖော်ကြီး ကျနေတာပဲ ပြောဆိုနေလိုက်တာ။ ခင်ဗျား မိဘတွေ၊ မိသားစုတွေနဲ့လည်း သိကျွမ်းခြင်းမရှိဘဲနဲ့ ဘာကြောင့် ဒီလိုမျိုး စာတွေ နင်ပဲ ငဆ ရေးနေတာလဲလို့ မျက်မှောက်ကြုတ်ကြတယ်ဗျ။ ကျနော်ကတော့ ဖြေသာအောင်ပဲ ဖြေပါတယ်။ အကိုဇာဂနာဆိုတာ ပြည်သူ့အချစ်တော်၊ ပြည်သူ့သူရဲကောင်း၊ ပြည်သူ့ဂုဏ်ရည် စာရင်းဝင်ဗျာ။ ကျနော်တို့ပရိသတ်တွေက ချစ်ခင် ရင်းနှီးစွာနဲ့ တင်ဆက်နေတဲ့သဘော၊ စကားဝိုင်းတွေမှာ အမြဲရှေ့တန်းပို့တဲ့သဘောပါ ခင်ဗျာ။

စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဒီမိုကရေစီရေး သူရဲကောင်းတွေကို အိမ်ဦးခန်းမှာ နေရာမရအောင် အစွမ်းကုန်လုပ်နေသမျှကာလပတ်လုံး ကျနော်တို့ရဲ့ စာနယ်ဇင်းစာမျက်နှာတွေမှာ ပရိသတ်တွေရဲ့ စာပေအိမ်ဦးခန်းမှာ သူတို့ကို ဦးထိပ်ပန်ဆင်ထားရမယ်လို့ ကျနော်ကတော့ ခိုင်ခိုင်မာမာကြီး ယူဆလို့ သည်စာတွေကို အခန်းဆက်ရေးနေပါကြောင်း ဖြေရှင်းချက် ပေးသွင်းပါတယ် ခင်ဗျား။

ဘယ်နှယ့် – အာဏာပါးကွက်သားတွေ၊ ပုဆိန်ရိုးတွေကို စာပေအိမ်ဦးခန်းမှာ ဒူးတုပ်ရိုသေစွာ ဦးတင်ပြီးတော့ “ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုများ ပါးပိတ်ရိုက်လိုက်ပါသလဲခင်ဗျာ။ ခင်ဗျားက ဘယ်ဘက်လက်နဲ့ ရိုက်တာလဲခင်ဗျာ။ အော် ဦးဝင်းတင် သွားတွေကို တချောင်းစီ ရိုက်ချိုးလိုက်တာ ခင်ဗျားလား။ အဲသလို လုပ်လိုက်ရတာကို ဘယ်လိုများ ခံစားရပါသလဲခင်ဗျာ။ ကိုဇာဂနာ့ကို ဘယ်လိုများ နှိပ်စက်ခဲ့တာလဲခင်ဗျာ။ ပရိသတ်ကြီးကို ပြောပြလိုက်ပါဦးခင်ဗျာ …” လို့တော့ အဲသလို သူမျိုးတွေကို ပွဲထုတ်ပြီး ကလောင်စွမ်းမပြ၀ံ့လို့ ကိုယ်ချစ်ခင်သူတွေ အကြောင်းကို ရင်ပတ်ကြီးဖွင့်ပြီးပဲ သာဂိတို့ကတော့ ရေးပါရစေ။

အံမယ် … ကျနော်က သည်လိုမျိုး ခါးခါးသီးသီးရေးတော့ ကျနော်က ရန်သူကို မိတ်ဆွေမလုပ်နိုင်သူလို့ လက်ညှိုးထိုးကြမယ်ဗျ။ သာဂိတို့က ရန်သူကို မိတ်ဆွေ လုပ်ချင်ပါတယ်။ အခုလည်း ရန်သူတွေကို မိတ်ဆွေလုပ်နေတာပါပဲ။ ဥပမာ – အကိုတို့ထောင်ဝင်စာကို အနှောက်အယှက်ပေးနေတဲ့ ထောင်မှူးတွေ၊ ထောင်ဝန်ထမ်းတွေ၊ ထောက်လှမ်းရေးတွေ၊ လက်မရွံ့ လူမိုက်တွေကို လဘက်ရည်တွေ ခေါ်တိုက်၊ မုန့်တွေ ၀ယ်ကျွေးပြီး မိတ်ဆွေ ဖွဲ့ချင်တာပေါ့ ခင်ဗျာ။ မိတ်ဆွေတွေသာ ဖြစ်သွားရင် ကိုဇာဂနာ့ကို ထောင်ထဲမှာ အကျဉ်းအကြပ်ထဲ ဘယ်ထားမှာလဲ။ သူတို့ အိမ်ပေါ်ကို ခေါ်တင်ခိုင်းထားပြီး ဇိမ်နဲ့ သွားနေခိုင်းမှာပေါ့။ မြစ်ကြီးနားထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ထောင်ဝန်ထမ်းတွေရဲ့ အိမ်ဦးခန်းမှာ ခေါ်တင်ခိုင်းထားမှာပေါ့ဗျာ။ ရန်သူတွေ မိတ်ဆွေတွေ ဖြစ်ကုန်မှတော့ ဘယ့်နှယ် သည်လူတွေကို ထောင်ဝန်ထမ်းမိသားစုတွေ အားလုံးရဲ့ ခေါင်းပေါ်တင်ခိုင်းထားမှာပေါ့လေ။  

တလောက မြန်မာသံရုံးမှာ အခွန်လာဆောင်တဲ့ အမျိုးသမီးတယောက်ရဲ့ ပြောလိုက်တဲ့စကားကို ခုချိန်ထိ နားထဲမထွက်သေးဘူးဗျာ။ (စင်္ကာပူသံရုံး လို့ ကြားတယ်)။ သံရုံးဝန်ထမ်းတွေက အလွန် လူပါးဝတာကလား။ အခွန်လာဆောင်တဲ့သူတွေ၊ ပြည်ပတွင် ကောင်းမွန်စွာ နေထိုင်ကြောင်း လက်မှတ်လေးတွေ ထုတ်ပြီး ကိုယ့်တိုင်းပြည် ကိုယ်ပြန်တဲ့ မြန်မာတွေကို အလွန် မောက်မာ ရိုင်းစိုင်းစွာ ဆက်ဆံတာ အလွန်နံမယ်ကြီးတယ်လေ။ အဲသည် အမျိုးသမီးက ကောင်တာရှေ့ကနေ စိတ်ဆိုးပြီးတော့ ပြောတယ်တဲ့ …

“ဟဲ့ အကောင်တွေ၊ ကောင်မတွေ … နင်တို့ကို ငါတို့ ပေးထားတဲ့ အခွန်တွေနဲ့ နင်တို့ တမျိုးလုံး တဆွေလုံး မြိုဆို့ပြီး နင်တို့တွေက ငါတို့ကိုများ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေသေးတယ်။ လာခဲ့ကြစမ်း နင်တို့တတွေ။ နင်တို့ ပါးစပ်ကို ဟခိုင်းပြီး ငါ့ ခြေမနဲ့ နင်တို့ လည်ချောင်းကို ကလော်ထုတ်လိုက်ရင် ငါတို့ကျွေးထားတဲ့ ထမင်းတွေ အတောင့်လိုက် ထွက်ကျ လာမယ် …” တဲ့

အဲသည်လို ပြောလိုက်တာတဲ့။ သံရုံးဝန်ထမ်းတွေ မျက်နှာဆိုတာ ဘယ်သွားထားရမှန်း မသိဘူးတဲ့။ သို့သော် သိန်းစိန်တို့ ဉာဏ်ဝင်းတို့တောင်မှ မျက်နှာကြော မာမာပဲ နေနိုင်သေးတာ ဆိုတော့ ဒေသနာဆုံးသော်လည်း တရားမရကြကုန် …။

ဟဲဟဲ … ပြောချင်တာကတော့ ကိုဇာဂနာရယ် … ပြည်သူတွေသာ အမိအဖ၊ ထမင်းရှင်တွေ ဆိုတာ သူတို့ သေချာသိပြီဆိုရင် ကျနော်တို့တတွေနဲ့ သူတို့ မိတ်ဆွေ ဖြစ်တာ သေချာပြီပေါ့။ အခုဟာက သူတို့တတွေက ကျေးဇူးရှင်တွေ ဖြစ်နေတယ်လို့ အထင်ရောက်နေ၊ ကျနော်တို့ကလည်း “ဟဲ့ လာခဲ့စမ်း – နင်တို့လည်ချောင်းထဲကို ငါ့ခြေမနဲ့ ကလော်ထုတ်လိုက်ရ …” လို့ ခဏ ခဏ မပြောဖြစ်တော့ သူတို့လည်း အမေ့မေ့အလျော့လျော့ ဖြစ်ကြရှာတယ်။ သနားစရာ …

ရန်သူတွေကို မိတ်ဆွေ ဖွဲ့တယ် ဆိုတဲ့နေရာမှာ ကျနော်တို့ကလည်း အမြင်ပြောင်းဖို့ လိုတယ် ထင်တယ် ကိုဇာဂနာရယ့်။ ဥပမာ – အင်န်အယ်ဒီကနေ ခွဲထွက်ပြီး  စစ်အစိုးရနဲ့ သွားပေါင်းတဲ့ ဟို အင်န်အယ်ဒီအပဲ့အစင်လေးတွေကို ကျနော်တို့က အကောင်းမြင်ရမယ်။ သူတို့တတွေက အင်န်အယ်ဒီထဲ ကုပ်ကပ်နေပြီး ကပ်တီး ကတ်ဖဲ့တွေ လုပ်နေရင် အလုပ်ဘယ်တွင်မှာတုံးလေ။ သူတို့တတွေ စစ်အစိုးရနဲ့ သွားပေါင်းပြီး ကပ်တီး ကပ်ဖဲ့တွေ သွားလုပ်နေကြတော့ ဟိုဗိုလ်သန်းရွှေတို့ အုပ်စု မြန်မြန် အလုပ်တွေပျက်၊ ပေါက်ကရလေးဆယ်မက ပြသနာပေါင်း ၄ သင်္ချေနဲ့ ကမ္ဘာတသိန်း ဖြစ်ကုန်ကြမှာပေါ့။ မကောင်းလားဗျာ။

          ၂၀၁၀ လွှတ်တော်ကြီးတို့ ရွေးကောက်ပွဲတို့ မြန်မြန်လုပ်ကြ၊ မြန်မြန်ပြီးအောင် လုပ်ကြမှ ဖြစ်မယ်။ သူတို့တတွေက ဒီမိုကရေစီဖက်မှာ ယောင် ခြောက်ဆယ်လုပ်ပြီး နေနေကြရရင့် မသကာ နက်ဖြန်သဘက် ဒီမိုကရေစီတွေ ဘာတွေ ထီပေါက်သလို ရသွားကုန်ရင် သူတို့က အချောင် ပြည်သူ့ဂုဏ်ရည်တွေ ဘာတွေ ရကုန်၊ ဂုဏ်တွေ မော်ကွန်းတွေ ၀င်ကုန်ဦးမယ်လေ။ အခုဟာက ဟိုဖက်ထဲ စောစောစီးစီး သွားပေါင်းပြီး မြောက်တကြွကြွနဲ့ ခုန်လိုက်ပေါက်လိုက် လုပ်နေတာ ကောင်းတယ်ဗျ။ ကျနော်တို့ ဒီမိုကရေစီဖက်မှာလည်း ထိထိရောက်ရောက် စွန့်လွှန့်စွန့်စား ရင်းနှီးမြုပ်နှံပြီး နေကြတဲ့သူတွေမှ မဟုတ်တာ ကိုဇာဂနာရယ် … မြန်မြန် သဘောပေါက်ပြီး ဘက်ပြောင်းသွားတာ အေးတယ်လေ အကို။

          စစ်အစိုးရကလည်း ကျနော်တို့ သဘောထားမှန်ကို သိသွားလို့ကတော့ အဲသည်လိုလူမျိုးတွေကို သူတို့ဖက်မှာတောင် လက်မခံဘဲ ပြန်အမ်းပြီး ကျနော်တို့ဖက် အတင်း ပြန်တွန်းလွှတ်၊ ပြန်မောင်းထုတ်လိုက်မှာတောင် စိုးရိမ်ရတယ်။ ဟေ့ … ဟေ့ … ၂၀၁၀ ရွေးကောက်ပွဲတို့ ၂၀၁၀ လွှတ်တော်တက်မယ့် သူတွေ … နင်တို့ စစ်အစိုးရဖက်မှာ တသက်လုံးသာ နေကြပါဟေ့။ ငါတို့ ဒီမိုကရေစီဖက် ပြန်မလာကြနဲ့နော် … ဆန်ကုန် မြေလေး ရေရှား မီးမလာ ဖြစ်ကုန်မှာ စိုးလို့ … (အဟိ)။

          ကိုဇာဂနာလည်း စဉ်းစားပြီး စာရင်းပြုစုထားလေ။ အကိုနဲ့ စိတ်မတွေ့တဲ့သူတွေကို ခုချိန်မှာ မြန်မြန် စစ်တပ်နဲ့ ပေါင်းခိုင်းပါ။ ဒီဖက်မှာလည်း အပိုဖြစ်မယ့်သူတွေ အတင်းဆွဲမထားပါနဲ့။ မြှောက်သာပေးလိုက်ပါ အကိုရာ။ ကျနော်လည်း ပြည်ပက အချို့ အာလူးများ၊ အစားကြီး၊ အလုပ်မဖြစ်တွေ၊ ပညာတတ်ကြီးတွေ၊ ဘာကြီး ညာကြီး ဆိုသူတွေကို စာရင်းလုပ်ပြီး စစ်တပ်နဲ့ မြန်မြန်သွားပေါင်းခိုင်းဖို့ မိုးမခကတဆင့် တိုက်တွန်းထားတယ်။

          ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေး မအောင်မြင်တာ ဘယ်နှယ့် ညာနှယ့် ပြောမနေနဲ့တော့ ကျနော်တို့ဖက်မှာ အကျိုးမဖြစ်သူတွေကို ဟိုဖက်ကို မြန်မြန် တွန်းပို့လိုက်ပါ။ ကြားဖူးတယ် မဟုတ်လားအကို – ဟိုးတုံးက လူတယောက် ဒုက္ခရောက်စေချင်ရင် ဓာတ်စက်တို့၊ ကင်မရာတို့ ၀ယ်ပေးလိုက် … ဟုတ်လား။ အဲသည်လူလဲ ကြွားချင်တာနဲ့ ဓာတ်ပြားဖိုး၊ ဖလင်ဖိုးတွေ ၀ယ်ရလွန်းလို့ မွဲရောဆိုတာ။ အခုကတော့ အမြင်ကပ်လို့ကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲသာ ၀င်ခိုင်းလိုက်ပေတော့။ စစ်အစိုးရဖက်မှာ အဲလိုလူတွေများလေ သူတို့ မြန်မြန် ကိစ္စတုံးလေပဲပေါ့။
          ကျနော်တို့က အတင်းတားနေမယ်၊ အပြစ်တင်နေမယ် ဆိုရင် ကျနော်တို့တွေနဲ့ ရန်သူတွေ ဖြစ်ကုန်မယ်။ အခု သူတို့ကို ခွင့်ပြုလိုက်၊ သွားပါစေ … ဒါဆိုသူတို့ကလည်း ကျေနပ်ပြီး ပျော်ပြီး သွားကြမယ်။ ကျနော်တို့တွေကိုလည်း မိတ်ဆွေတွေလို ကျေးဇူးတွေတောင် တင်ကုန်အုံးမယ်။ ဟို အင်န်အယ်ဒီ အပဲ့အစင်ကလေးတွေ၊ ဟို ၈၈ အတုအယောက်ကလေးတွေက ဒေါ်အောင်ဆန်းစုကြည်၊ ဦတင်ဦး၊ ဦးဝင်းတင်တို့ကိုသာမက၊ ထောင်ထဲက ကိုဇာဂနာတို့၊ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ မနီလာသိန်းတို့ကို ထိခြင်းကြီး ၅ ပါးနဲ့ ကန်တော့ပြီး ကျေးဇူးတွေ တင်ပြီး ဟိုဖက်က စစ်အစိုးရနဲ့ သွားပေါင်း။ ဒီဖက်မှာ မအောင်မြင်တဲ့ ဉာဏ်ပညာကြီးတွေကို သယ်ဆောင်ပြီး ဟိုဖက်မှာ လျောက်ပြီး လုပ်။ ကာလနာတွေ တိုက်ကုန်ကြ။ မကောင်းလားဗျာ။
          ဒါကြောင့် ဟိုစာရေးဆရာကြီး တဦးက ဖောက်ထွက်တွေးခိုင်းတယ် မဟုတ်လားဗျာ။ ကိုလိုနီခေတ်က ဗြိတိသျှစိတ်တိုင်းကျ ဆီးနိတ်တို့၊ လွှတ်တော်တို့၊ ၀န်ကြီးတို့ လုပ်ခဲ့ကြသူတွေကို သခင်ကိုယ်တော်မှိုင်းတောင် တားခဲ့လို့မှ မရတာပဲလေ။ သူတို့ဆုတောင်းက ဂေါတမနဲ့ တွေ့နေတာတောင် ဒေ၀ဒတ်နဲ့ ရွေးပေါင်းချင်တာကို အပြစ်မတင်ပါနဲ့ ကိုဇာဂနာ။ သွားပါစေပေါ့ မိတ်ဆွေတို့ရေ … ပေါ့။

          မိတ်ဆွေတွေထဲမှာလည်း အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်း (စာရေးဆရာမ မေတ္တာဦး) တို့လည်း ပါတယ် ကိုဇာဂနာ။ သူတို့တတွေက ဒေါ်စုရဲ့ အိမ်ကို အတင်းလိုက်လုနေတာ မဟုတ်လား။ လုပါစေ။ လုကြပါစေ။ သူတို့ကို ရန်သူလို့ သဘောမထားစေချင်ဘူး ကိုဇာဂနာ။ သူတို့တတွေက ဒီမိုကရေစီဘက်တော်သား အယောင်ဆောင်ပြီး ဒေါ်စုနဲ့ အတူ အကျယ်ချုပ်သွား အကျခံနေရင် ကျနော်တို့မှာ သူတို့အတွက် အလုပ်ပိုရှုပ်ဦးမယ်လေ။ တော်ကြာ သူတို့ကိုပါ နိုဘယ်ဆုကို ခွဲပေးရမယ်။ နိုဘယ်ဆုတွေ ဘာတွေ ရပြီးမှ စိတ်ပြောင်းသွားပါပြီဆိုပြီး နေပြည်တော်မှာ ဗိုလ်သန်းရွှေ အထိမ်းအမှတ် တိရစ္ဆာန်ရုံကြီး ဆောက်လုပ်ရေးမှာ သွားပြီး အလှူကြီး သွားပေးလိုက်ရင် ကျနော်တို့ မျက်နှာတွေ ပျက်၊ ရင်တွေ ကျိုးရချည်ရဲ့။ (ဂျွတ် ဆိုပြီးတော့ …)။

          အခု သူတို့တွေက မူလ ဇာတိရုပ် အစွယ်တဖွေးဖွေးနဲ့ စစ်အစိုးရ အလိုကျ တရားတွေ စွဲ၊ လူကြမ်းတွေလုပ်နေကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဘက်တော်သားတွေဟာ အလွန်ကြီးကျယ် မြင့်မြတ်သွားတာပေါ့ဗျာ။ အောင်ဆန်းဦးတို့ လဲ့လဲ့နွယ်သိန်းတို့ တရားစွဲပေးနေလို့သာ ဒေါ်အောင်ဆန်းစုကြည်မှာ အပျင်းပြေရရှာတယ်လို့ သဘောထားပါ။ အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ပျင်းနေရရှာမယ်။ အိမ်ကြီးကလည်း ပျက်စီးယိုယွင်းနေပြီ။ အခုလို တရားရုံးမှာ ရင်ဆိုင်နေရတော့ ပြည်သူတွေရဲ့ မေတ္တာတွေ အပြန်အလှန် ပေးပို့လို့ရတာပေါ့ ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ကိုအောင်ဆန်းဦးနဲ့ မလဲ့လဲ့နွယ်သိန်းပါ လို့ ကျနော်တို့ လက်မှတ်ထိုးကင်ပိန်းလုပ်အုံးမယ်။ အင်ယားကန်ကြီး ကောလာတာ ဒေါ်စုကြောင့် ဆိုပြီး အမှုဆင်ပြီး တရားဆိုင်ကြပါဦးလို့။ သူတို့ စွဲနေ ဆိုနေမှ ဒေါ်စုတယောက် သက်ရှိထင်ရှား ဉာဏ်ပညာကြီးမားစွာ ရှိနေကြောင်း လူထုက အဆက်မပြတ် သိရရှာတာ။ သူတို့ကို မိတ်ဆွေလို့ သတ်မှတ်ကြပါ။

          ကဲဗျာ … အခု နောက်ပိတ်ဆုံး မြန်မာတပြည်လုံး မိုးခေါင်ရေရှား ကပ်ဘေးဆိုက် အပူပွားနေတာနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်သန်းရွှေကြီးတို့ တအုပ်လုံးကို ရန်သူလို မမြင်ပါနဲ့ ခင်ဗျာ။ သူတို့တတွေခင်မျာ လက်နက်ကလွဲပြီး ဘာနဲ့မှ တိုင်းပြည်ကို မအုပ်ချုပ်တတ်ဘူးဆိုတာ ထင်ရှားသည်ထက် ထင်ရှားနေတာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ ပြုပြင် တည်ဆောက် ကယ်တင်နေရတာ ဖြစ်ပါတယ်။ ဒါတွေကို အမိုက်တရားအပိတ်ခံနေရသူ တပ်မတော်သားတွေ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေကို ကျနော်တို့ရဲ့ သစ္စာရေတပေါက်နဲ့ အမြင်မှန်ကို ပေးဖို့ အခွင့်အရေး ရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ သဘာဝရင်းမြစ်တခုဖြစ်တဲ့ ရေကလေး တပေါက်တောင်မှ တွန့်တိုတဲ့ အာဏာရှင်တစုနောက်ကို ဘယ်ပြည်သူတွေကလိုက်မှာတုံး။ (ဟို အင်န်အယ်ဒီ အပဲ့အစင်၊ ၈၈ အတုအယောင်နဲ့ အခွင့်အရေးနောက်လိုက် စစ်တပ်အလိုတော်ရိတွေကလွဲရင်ပေါ့လေ … )။ သူတို့ အသိဉာဏ် နုံနဲ့လေလေ၊ သူတို့တွေဖက်မှာ အလိုတူ အလိုပါတွေ များများ ပူးပေါင်းပြီး မိုက်မဲကြလေလေ … ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေမှာ လူသန့် စိတ်သန့် လူတော် လူကောင်း သူတော်ကောင်း ပညာရှိများနဲ့ တိုင်းပြည်အရေး၊ ပြည်သူအရေးကို လွတ်လပ်ပွင့်လင်း ရဲဝံ့တည်ကြည်စွာ ရွက်ဆောင်နိုင်ကြမှာ ဖြစ်တယ် ဆိုတာကို အကျိုးမျှော်ပြီး နိဗ္ဗာန်ဆော်လိုက်ရပါကြောင်း။

          ဒီဒေသနာတော်အဆုံး၌ စစ်အာဏာရှင်နဲ့ အလိုတော်ရိတို့ နောက်လိုက်တို့ အကျွတ်တရား မရကြကုန်။ (မရတာ အေးတယ်ဗျာ။ ငရဲပြည်မှာ သူတို့အတွက် အထူးခန်းတွေ ပြင်ထားတာ အဟေသိကံ မဖြစ်စေချင်လို့ … အဟိ)

          ကဲ … ကိုဇာဂနာ ရှည်ပါစေ … (သက်တော်ရာကျော်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts