>NLD member passes away in prison

>

နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုး မြင်းခြံထောင်တွင်း၌ ကွယ်လွန်
အေအေပီပီ
မေ ၁၉၊ ၂၀၁၀


နိုင်ငံရေးအကျဉ်းသား တဦး ဖြစ်သူ ကိုကျော်စိုး ယနေ့ နံက်တွင် မြင်းခြံထောင်တွင်း၌ ကွယ်လွန်သွားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) က ကြားသိရပါသည်။

အသက် ၃၉ နှစ် ရှိ ကိုကျော်စိုးသည် ၁၉၈၈ ခုနှစ်မှ စတင်၍ ထောင်တွင်း၌ ကွယ်လွန်သူများ စာရင်းတွင် ၁၄၄ ဦးမြောက် ကွယ်လွန်သူ ဖြစ်သည်။

အေအေပီပီက ကိုကျော်စိုးကွယ်လွန်မှုအပေါ် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကိုလည်း ဖေါ်ပြလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ ဝင်ဟောင်း တဦး ဖြစ်ပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် အဖွဲ့ဝင်တဦးလည်း ဖြစ်သူ ကိုကျော်စိုး (ခ) ကိုကျော်ကျော်စိုး (ခ) ကိုဂျက်ဖရီသည် တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် နေထိုင်ခဲ့သည်။

ကိုကျော်စိုးသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တောင်ကြီး၌ အဖမ်းခံခဲ့ရပြီး ရန်ကုန်ရှိ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားခဲ့ရသည်။

ကိုကျော်စိုးသည် ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၁၃ (၁)၊ ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် စွဲဆိုခြင်းခံရပြီး ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံခဲ့ရပါသည်။

ထို့နောက် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်ထောင်မှ မြန်မာပြည် အလယ်ပိုင်း မြင်းခြံထောင်သို့ ထောင်ပြောင်းခံခဲ့ရသည်။

ကိုကျော်စိုးသည် မြင်းခြံထောင်၌ အသက်ရှူရခက်သည့်ဝေဒနာ နှင့် အစာအိမ်နှင့်ပတ်သက်သည့် ဝေဒနာများအား ခံစားခဲ့ရကြောင်း သိရှိရသည်။

အေအေပီပီ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်က “ကိုကျော်စိုး ဆုံးသွားတာက ၁၉၈၈ ခုနှစ်ကနေ အခု အချိန်အထိ ၁၄၄ ယောက်မြောက် ဖြစ်ပါတယ်။ သူ ကျန်းမာရေး မကောင်းတော့ သူ့မိသားစုက ဆေး ဝယ်ပေးမယ်၊ သေသေချာချာ ကုသပေးပါရစေ ဆိုပြီး မြင်းခြံထောင်က ထောင် အာဏာပိုင်တွေကို မေတ္တာ ရပ်ခံခဲ့ပါတယ်။ အာဏာပိုင်တွေက ဆေးဝါး လုံလုံလောက်လောက် ရှိတယ်၊ သူတို့လဲ သေချာ ကုပေးနေတယ် ဆိုပြီး အကြောင်း ပြန်ခဲ့တော့ သူ့မိသားစုက သူ့အတွက် ဆေးတွေလည်း ပေးခွင့်မရဘူး၊ သူ့ကိုလည်း သေချာ ကုပေးခွင့် မရခဲ့ဘူး။ အခုတော့ ကိုကျော်စိုး အသက် ဆုံးတဲ့အထိ ဖြစ်သွားရတာပဲ။”

“မြန်မာနိုင်ငံထဲက ထောင်တွေရဲ့ ဆိုးဝါးလှတဲ့ အခြေအနေတွေ၊ သင့်တော်လုံလောက်တဲ့ ဆေးဝါးကုသခွင့်မ ရတာတွေ၊ ဆေးကုသခွင့် ငြင်းပယ်ခံရတာတွေ၊ နှိပ်စက်ညှဉ်းပမ်း ခံရတာတွေက အကျဉ်းသားတွေ ကျန်းမာရေး ထိခိုက်စေတဲ့ အခြေခံ အကြောင်းရင်းတွေဖြစ်ပြီးတော့ အဲဒါတွေကြောင့် နိုင်ငံရေး အကျဉ်းသား မြောက်များစွာ ထောင်တွေထဲမှာ အသက် မဆုံးသင့်ဘဲ ဆုံးခဲ့ကြရတာပါ” ဟု ရှင်းပြသည်။

ကိုကျော်စိုးတွင် ဇနီးဖြစ်သူ မမေဟန်အိနှင့် ၇ နှစ်အရွယ် သမီးငယ်တဦး ကျန်ခဲ့သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts