>Freedom of press act signed by Obama

>

သမ္မတ အိုဘားမားက စာနယ်ဇင်းလွတ်လပ်ခွင့် ဥပဒေကို လက်မှတ်ထိုး
မိုးမခအထောက်တော် ၀၀၂
မေ ၁၉၊ ၂၀၁၀
မေ ၁၇ က အမေရိကန် သမ္မတအိမ်ဖြူတော်တွင် အိုဘားမားက ဒင်နီယယ်ပါးလ် အထိမ်းအမှတ်ပြု စာနယ်ဇင်းလွတ်လပ်ခွင့် ဥပဒေကို လက်မှတ်ထိုးလိုက်သည်။ ၎င်းဥပဒေမှာ ၂၀၀၂ က အစ္စလန်မစ်အစွန်းရောက်တို့၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အမေရိကန်ဝေါစထရိသတင်းထောက်ကို ဂုဏ်ပြုပြီး ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သမ္မတက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဖိနှိပ်သော တားမြစ်သော နိုင်ငံများကို အထူးစောင့်ကြည့်ရန် နိုင်ငံခြားရေးအတွင်းဝန်ရုံးသို့ ညွန်ကြားထားသည်ဟု ဆိုသည်။

ထိုလက်မှတ်ရေးထိုး အတည်ပြုသည့် အခမ်းအနားသို့ ကျဆုံးသူ သတင်းထောက်၏ ကျန်ရစ်သူ မိသားစုများ တက်ရောက်ကြပြီး၊ သတင်းထောက်၏ ၇ နှစ်အရွယ် သား အဒမ်လည်း စိတ်အားတက်ကြွစွာ ပါဝင်သည်ကို တွေ့ရသည်။ သူအမိဝမ်းထဲမှာ ရှိနေစဉ်မှာ ဖခင်ဖြစ်သူကို အကြမ်းဖက်သမားများက လုပ်ကြံလိုက်ခြင်း ဖြစ်သည်။
ထိုစာနယ်ဇင်းလွတ်လပ်ခွင့်ဥပဒေကို အထက်လွှတ်တော် အမတ် ၂ ဦးက လွှတ်တော်တွင် တင်သွင်းပြီး ၂၀၀၉ အောက်တိုဘာက တခဲနက် အတည်ပြုခြင်းခံရသည်။ စာနယ်ဇင်းသမားများကို ဖိနှိပ်သော၊ နှိပ်စက် သတ်ဖြတ်သော နိုင်ငံများကို အနီးကပ်စောင့်ကြည့်ခြင်း၊ ထိုသို့ ကျုးလွန်သော သက်ဆိုင်ရာပုဂ္ဂိုလ်များကို ပြန်လည် အရေးယူနိုင်ရန် ဆောင်ရွက်ခြင်း နှင့် အစိုးရများက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်လာစေရေးတို့ကို လိုအပ်သလို အရေးယူနိုင်ရန် ပြဋ္ဌာန်းသွားမည် ဖြစ်သည်။
ကွယ်လွန်သူ ဒင်နီယယ်၏ မိဘ ၂ ဦးက ၎င်းတို့သားကို အကြောင်းပြုပြီး ပါးလ်ဖောင်ဒေးရှင်းကို ထူထောင်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ယခုအချိန်တွင် အီရန်က ဘာကလေတက္ကသိုလ် ကျောင်းသား ၃ ဦးကို မတရားစွပ်စွဲပြီး ဖမ်းဆီးထားသည်။ မြောက်ကိုရီးယားနှင့် တရုတ်ပြည်တို့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို တောင်းဆိုသူများ၊ ဝေဖန်သူများ ကျောင်းသား လူငယ်များကို ဖမ်းဆီးခြင်း၊ ထောင်ချအရေးယူခြင်းတို့ ဆောင်ရွက်နေသည်။ ထို့အတူ မြန်မာပြည်တွင်လည်း နေဘုန်းလတ်၊ ကိုဇာဂနာ၊ ဇော်သက်ထွေး၊ စောဝေ စသည့် စာနယ်ဇင်းသမားများကို ဖမ်းဆီးပြီး ထောင်ဒဏ်များ ကြီးမြင့်စွာ ချမှတ်ထားသည်။ များမကြာမီကလည်း စာပေသမား သားအဖ ၂ ဦး (ဦးဇေယျ၊ စည်သူဇေယျ) တို့ကို သင်္ကြန်ဗုံးပေါက်ကွဲမှုတွင် ဖမ်းဆီးထားပြီး ယခုအချိန်အထိ အမှုစွဲဆိုခြင်း မရှိဘဲ ထိမ်းသိမ်းထားသည်။ နှိပ်စက်ညှင်းပန်းမှုများ ရှိသည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts