>Maung Yit – For Thu Maung with Love

>

အနုပညာနယ်ထဲက ကောင်းသောလူကလေး … သို့

မောင်ရစ်
မေ ၁၈၊ ၂၀၁၀

စာရေးဆရာ သုမောင် ကိုယ်တိုင်ရေးခဲ့တဲ့ စာပါ။ ကလောင်နံမယ်က သုမောင် ဆိုတာ သု – ကောင်းသော၊ မောင် – လူငယ်တဦး (လူကလေး) ဆိုတော့ ကောင်းသောလူငယ်လေးတဦးပေါ့။ အဲဒါက သူ့ဖေဖေ – သာဓုရဲ့ ကလောင်ခွဲတွေထဲက တခုလို့လဲ ပြောခဲ့တယ် ထင်ပါတယ်။ စာရေးဆရာတဦးအနေနဲ့ ကျနော်တို့အတွက် ငေးမော့ကြည့်ရသူ တဦး ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ အတွက် အနုပညာသည်တွေ၊ မိသားစုတွေနဲ့ ထပ်တူ ၀မ်းနည်း ကြေကွဲရပါတယ်။
စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က သူ့ကို အတော်ချစ်ပါတယ်။ မြန်မာစာရေးဆရာတွေထဲမှာ မိသားစုအသိုင်းအ၀ိုင်းတွေရဲ့ မေတ္တာဖွဲ့ကို လှပနူးညံ့စွာ ဖွဲ့ဆိုနိုင်လို့ တဖွဖွ သူ့ကို ချီးမွန်းလေ့ရှိပါတယ်။ ဆင်ဖြူကျွန်းအောင်သိန်း ရေးသားဖွဲ့ဆိုတဲ့ ကိုဆေးရိုး ၀တ္ထုတွေလိုမျိုး၊ သူရဲ့ မိသားစုဖွဲ့၊ မိဘဖွဲ့၊ ရပ်ကွက်ဖွဲ့ ၀တ္ထုတွေကို စာဖတ်သူတွေ အလွန်စွဲကြပါတယ်။ အခုအချိန်မှာတော့ နေ၀င်းမြင့်တို့ ခင်ခင်ထူးတို့ ၀တ္ထုအဖွဲ့တွေကို ကြည့်ကြရမယ် ထင်ပါတယ်။
ကျနော်တို့အနေနဲ့ ငယ်စဉ်က ကြိုက်ခဲ့ စွဲခဲ့တာကို ပြောရမယ် ဆိုရင် သုမောင်ရဲ့ အချစ်ဝတ္ထုတွေ ဖြစ်ပါတယ်။ သူရေးခဲ့တဲ့ “အချစ်” ကစလို့ ၀တ္ထုတို ၀တ္ထုရှည်တွေကို ကျနော်တို့ ကြိုက်တယ်ဆိုတာက – တင်ပြပုံနဲ့ ခံစားပုံ ဆန်းသစ်လို့၊ ထူးခြားလို့ပါ။ အဲသလို ပြောရမယ် ထင်တယ်။ ရိုးမင့်စ်ကို (Romance) ကို ရေးပြတဲ့ ခေတ်ပြိုင်တွေ ကြားထဲမှာ သည်းသည်းနစ်နစ် ခံစားပြသူတွေ၊ ဘ၀တွေ နာအောင် သရုပ်ဖော်သူတွေနဲ့ ပေါ့ပါးပျော်ရွှင်နေကြသူတွေရဲ့ ၀တ္ထုတွေကြားထဲမှာ သုမောင်၊ မင်းလူနဲ့ မောင်ဝဏ္ဏတို့ရဲ့ အချစ်ဝတ္ထုတွေက ကျနော်တို့ကို ဖမ်းစားပါတယ်။ သူတို့က ချစ်တဲ့သူ ၂ ဦးအကြောင်းကို အာရုံပြုလို့ ဖွဲ့ဆိုတာများပါတယ်။ သူတို့ ချစ်သူ ၂ ဦးကို ဗဟိုပြုလို့ ဘေးက ရှင်သန်ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်နဲ့ ဘ၀တွေကို ဖွဲ့ပြတာပါ။ ပန်းပင်လေးတပွင့် ပွင့်တာကို ဆေးချယ်ပြနေသလို …
ကျနော့်တဦးတည် သဘောပြောရရင်တော့ အချစ်ဝတ္ထုတွေထဲမှာ မင်းလူက စိတ်ကူးယဉ်တယ်။ မောင်ဝဏ္ဏက ဘ၀ထဲကို ဆွဲခေါ်သွားတယ်။ သုမောင်ကတော့ အဲသည် ၂ ခု ကြားထဲမှာ လွမ်းမော ကျန်ရစ်အောင် ရေးတယ်။ တခါတလေ ရုပ်ရှင်ဆန်ဆန် သရုပ်ဖော်တဲ့ “အချစ်နှင့် သူ၏ ကိုကို” ၀တ္ထုကို ရုပ်ရှင်ရိုက်တဲ့အခါမှာ သူကိုယ်တိုင် သရုပ်ဆောင်တဲ့အတွက် ပရိသတ်က ပိုကြိုက်နှစ်သက်ကြတယ်။
သာဓုဆိုတဲ့ စာရေးဆရာကြီး၊ ဒါရိုက်တာကြီးက ထူးဆန်းသလိုပဲ (ဂွကျတာ၊ ထူးတာ၊ တော်တာ) သူ့သားတွေ အားလုံးကလည်း အနုပညာသည်တွေပီပီ လုပ်ချင်တာလုပ်၊ ဖြစ်ချင်တာ ဖြစ်တွေ ဖြစ်ပါတယ်။ ဒါကို သူတို့စာထဲမှာ ပကတိအတိုင်း ရေးပြတယ်။ မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ၊ မောင်ရူပ နဲ့ အာယုတို့က သူ့ဟာနဲ့သူ ထူးချွန်သူတွေ ချည်းပါပဲ။ အာယုက မေဆွိရဲ့ ထင်ရှားတဲ့ “မောင်” သီချင်းကို ရေးစပ်သူလို့ ဆိုပါတယ်။
နောက်တော့ မင်းလူရဲ့ ခုနှစ်စဉ်အလွမ်းကို မောင်ဝဏ္ဏက ဒါရိုက်တာလုပ်ပြီး သုမောင် သရုပ်ဆောင်တဲ့အခါ – အဲသည်ရုပ်ရှင်ဟာ အလွန်လှတဲ့ ညီအကိုတွေရဲ့ အနုပညာတခု ဖြစ်လာခဲ့တယ်။ ၁၉၉၀ အတွက် အကယ်ဒမီ ရတဲ့ကားတခုပါ။ သူတို့ဖခင် (ဦး) သာဓု သက်ရှိထင်ရှား မမြင်လိုက်ရဘူး။ ပြီးတော့ (ကို) မင်းလူကလည်း စစ်အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်မှုနဲ့ ထောင်ထဲမှာ ထင်ပါတယ်။  
နောက်ပိုင်းမှာ (ဒေါ်) ခင်မျိုးချစ် ပြောသလို မိသားစုသရုပ်ဖော် ၀တ္ထုတွေ ရေးပါတယ်။ သာဓုနဲ့ အမေညိုတို့ရဲ့ အိမ်ထောင်ရေးကိုလည်း အရှိအတိုင်း ဘယ်ဘက်ကိုမှ မေတ္တာ မပျက်ဘဲ ရေးဖွဲ့ပြတယ်။ မိသားစုတွေ ညီအကိုတွေအကြောင်း ရေးဖွဲ့တဲ့အခါမှာလည်း စိတ်ကူးလဲ မယဉ်၊ ဇာတ်လည်း မနာ၊ အတင်း ထိုးဇာတ်တွေ မပါပဲ မိသားစု အတွေ့အကြုံ၊ ခံစားချက်တွေကို ဖွဲ့တဲ့အခါ ဖတ်ရသူတွေဟာ ရင်မမောရဘဲ တစိမ့်စိမ့် ခံစားပြီး ဖတ်ရပါတယ်။ ပြီးတော့ သားသမီးတွေ ခေတ်ကို ဖွဲ့ဆိုတဲ့အခါမှာလည်း သူ့တဖက်သတ်အမြင်ကိုချည်း မပြောဘဲ ခေတ်တွေး ခေတ်မြင်တွေကို မေတ္တာ၊ စေတနာနဲ့ ရေးပါတယ်။
နောက်ဆုံး အမှတ်တရ ဖတ်မိတဲ့စာထဲမှာ စာရေးဆရာတယောက်အနေနဲ့ စာစောင်အသစ်တွေကို အားပေးပြီး စာရေးပေးကြောင်း၊ တချို့သော အယ်ဒီတာကလေးငယ်များ၊ စာစောင်အဖွဲ့ငယ်များက သူတို့ကို နားလည်ကြပုံ မပေါ်ကြောင်း အဲသည်ခံစားချက်ကလေးကို လေအေးအေးနဲ့ပဲ ရေးပါတယ်။ သူ့စာတွေ ဖတ်ရင်း လွမ်းချင်တိုင်း လွမ်းရရင် ၁၉၈၀ ခုနှစ်များက ချယ်ရီ၊ ပေဖူးလွှာ၊ မဟေသီ၊ ကလျာ၊ စပယ်ဖြူ၊ သဘင်၊ သောင်းပြောင်းထွေလာ၊ ရှုမ၀ အဲသည်က မဂ္ဂဇင်းတွေထဲက ၀တ္ထုတွေ၊ အက်ဆေးတွေ ကို ပြန်လွမ်းချင်စရာ … ပြီးတော့ သုမောင်ရဲ့ စာပေမိတ်ဆွေ – (ဦး) အောင်ပြည့်ကိုလည်း ပြန်လွမ်းချင်စရာတွေ ဖြစ်လာပါတယ်။
(ကို) မင်းလူက နတ်ဒေ၀တာမြို့တော်ဆိုတဲ့ စာတွေ ရေးလေ့ရှိတယ်။ သူချစ်ခင် လေးစားသူတွေကို အဲသည်က စာပေအနုပညာရှင်တွေ နေထိုင် ပျော်မွေ့တဲ့ နတ်ဒေ၀တာတို့ မြို့တော်ကို ပို့ပေးတယ်။ သည်တခါလည်း ညီဖြစ်သူက အကိုဖြစ်သူကို သူ့ကလောင်ယာဉ်နဲ့ ဖခင်ကြီး (ဦး) သာဓုနဲ့ စာပေမိသားစုများရှိရာ နတ်ဒေ၀တာမြို့တော်ကို ပို့ပေးရဦးမယ် ထင်ပါတယ်။
ကျနော်တို့ စာပေအနုပညာရှင်တွေအတွက် နှုတ်ဆက်နေကြ (ကွယ်လွန်သူ စာရေးဆရာ မောင်ထင်ရဲ့ စာထဲက စာကိုးနဲ့ နှုတ်ဆက်ရမယ် ဆိုရင်) စာရေးဆရာ သုမောင်ကား ကွယ်လေပြီ။ သုမောင် သက်တော်ရာကျော် ရှည်ပါစေသတည်း။  ။
(ဓာတ်ပုံ – ၁၉၈၄၊ ရန်ကုန် ပြည်ရိပ်သာနေအိမ်၊ ထမနဲပွဲ၊ စာရေးဆရာ သုမောင်ကို စာရေးဆရာမကြီး (ခင်မျိုးချစ်) နှင့်အတူ တွေ့ရစဉ်။ သူသီဆိုခဲ့သော သီချင်းမှာ ပွဲကြိုက်ခင်)


(ဖြည့်စာ – သားတွေ စာရင်းမှာ မောင်ရူပ ကျန်သွားလို့ ဖြည့်စွက်လိုက်ပါတယ်။ တောင်းပန်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts