>Privatized Gas Stations still in pending but Aung Ko Win’s

>

ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း
ကမ္ဘောဇလုပ်ငန်းရှင် အောင်ကိုဝင်းဆိုင်များက ဧပြီင်္လကတည်းက ဖွင့်ခဲ့ပြီး
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၅၊ ၂၀၁၀
နအဖ အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ်အရ ယခုလ ၁၅ရက်နေ့တွင် စတင်လုပ်ကိုင်ခွင့်ပြုမည့် စက်သုံးဆီဆိုင်များအား ရက်အကန့်အသတ် မရှိရွှေ့ဆိုင်းထားလိုက်ကြောင်း စွမ်းအင်ဝန်ကြီးဌါနနှင့် နီးစပ်သည့် နေပြည်တော်မှ ၀န်ထမ်းတဦး၏ ပြောဆိုချက်အရသိရသည်။
ထိုသို့ရွှေ့ဆိုင်းလိုက်ရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ မသိရှိရသေးဘဲ မည်သည့်အချိန်တွင် စတင်ဖွင့်လှစ်ခွင့် ပြုမည်ဆိုသည်ကိုလည်း မသိရှိရသေးဟု အဆိုပါ အရာရှိကပြောဆိုသည်။ ယခုနှစ်ဆန်းက စတင်ခဲ့သည့် စက်သုံးဆီဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် အဆိုပြုလွှာများခေါ်ယူခဲ့ပြီး နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကိုလည်း ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုမည်ဟု ကြေညာခဲ့သည်။
သို့ရာတွင် မည်သည့်ကုမ္ပဏီက မည်သည့်ဆိုင်ကို လုပ်ပိုင်ခွင့်ရရှိသည်ဆိုသည့် သတင်းအချက်အလက်များ ပွင့်လင်းစွာ ထုတ်ပြန်ကြေညာခြင်းမရှိပဲ နအဖ ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် လုပ်ငန်းရှင်များသာ ရရှိဖွယ်ရှိသည်ဟု စီးပွားရေး နယ်ပယ်မှ ကောက်ချက်ချ ပြောဆိုကြသည်။
ဆိုင်အများစု စတင်ရောင်းချရန် နှောင့်နှေးနေသော်လည်း နအဖဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည့် ကမ္ဘောဇဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်း ပိုင် နီလာရိုးမ စက်သုံးဆီဆိုင်မှာမူ ဧပြီလ ကတည်းကဖွင့်လှစ်ရောင်းချနေပြီ ဖြစ်သည်ကို တွေ့ရသည်၊ ရန်ကုန်မြို့အထွက် ထောက်ကြံ့အနီး နီလာရိုးမ အပါအ၀င် မြန်မာတနိုင်ငံလုံးတွင် ဦးအောင်ကိုဝင်းပိုင် စက်သုံးဆီဆိုင် ၁၂ ဆိုင်ဖွင့်လှစ်ပြီး ဖြစ်သည်ဟု သိရှိရသည်။
စက်သုံးဆီ လက်လီဖြန့်ဖြူးခွင့်နှင့် ပြည်ပမှ တင်သွင်းခွင့်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား နှစ်ပေါင်း ၄၇နှစ် အတွင်း တရားဝင်ပြန်လည် လုပ်ပိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါဖြန့်ဖြူးရေးသည့် လုပ်ငန်းလည်ပတ်မှု ငွေပမာဏမှာ  တလလျင် အမေရိကန် ဒေါ်လာသန်း ၅၀ ၀န်းကျင်ရှိသည်ဟု သတင်းဖေါ်ပြချက်များ အရသိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts