>San Francisco City approve rejecting Burmese regime 2010 Election

>

ဆန်ဖရန်စစ္စကို မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ၂၀၁၀ မြန်မာစစ်အစိုးရရွေးကောက်ပွဲ ကို ရှုတ်ချမှု အတည်ပြု
မိုးမခအထောက်တော် ၀၀၂
မေ ၁၃၊ ၂၀၁၀
ယမန်နေ့က ဆန်ဖရန်စစ္စကိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုချက်များ ချမှတ်ရာတွင် မြန်မာပြည်အရေးကိစ္စများကို အတည်ပြုဆုံးဖြတ်ခဲ့သည်။ အင်န်အယ်ဒီကို ထောက်ခံကြောင်း၊ ၂၀၁၀ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ရှုတ်ချကြောင်းနှင့် အမေရိကန်၊ ကုလသမဂ္ဂ၊ အခြားနိုင်ငံများကလည်း မြန်မာစစ်အစိုးရကို ၀ိုင်းဝန်းအရေးယူကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်။
          ထိုနေ့တရက်တည်းတွင်ပင် အခြားအရေးကိစ္စများကို ဆုံးဖြတ်ခဲ့သည်။ အမေရိကန်၏ အာရီဇိုနားပြည်နယ်က တရားမ၀င်နေထိုင်သူများအား အရေးယူနိုင်ရန် မသင်္ကာသူမှန်သမျှကို မှတ်ပုံတင်တောင်း စစ်ခွင့်ကို ရဲများအား အာဏာပေးခဲ့ခြင်းကိုလည်း ကန့်ကွက်ကြောင်း၊ အာရီဇိုးနားပြည်နယ်ကို ဆန်ဖရန်စစ္စကိုမြို့အနေနဲ့ သပိတ်မှောက်ကြောင်းကိုလည်း ဆုံးဖြတ်ခဲ့ကြသည်။
          လာမည် မေ ၂၇ ရက်ကို မြန်မာပြည်၏ ၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ပြည့် နှစ်ပတ်လည်နေ့ကို ဆန်ဖရန်စစ္စကိုမြို့အနေနှင့် ဘားမားဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ကြောင်းကိုလည်း အတည်ပြုခဲ့သည်ဟု ဆိုသည်။
          ဆန်ဖရန်ဘေးဧရိယာရောက် မြန်မာအရေးလှုပ်ရှားသူ အသိုင်းအ၀ိုင်းများ၊ အဖွဲ့အစည်းများကလည်း စစ်အစိုးရ၏ ၂၀၁၀ ဥပဒေအရ တရားဝင်ဖြစ်တည်မှု ပျက်ပြယ်သည်ဟု ဆိုနိုင်သော မြန်မာပြည်၏ ဒီမိုကရေစီအင်အားစုကြီး ဖြစ်သည့် အင်န်အယ်ဒီပါတီကို ဆက်လက် ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts