မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – အုတ်ကျိုးလေး … သူမ


အုတ်ကျိုးလေး … သူမ
မင်းညွှန့်လှိုင်
ဒီဇင်ဘာ ၂၊ ၂၀၁၃


သူမဘဝက အုတ်ကြားမှာပေါက်တဲ့မြက်ပင် ။
သူမနဲ့ဒုက္ခဆိုတာအုတ်အရောရောကျောက်အရောရော ။
ဝါးအိမ်ကလေးတစ်အိမ်မှာနေထိုင်သူ သူမ
“မြေအုတ်များပြိုလေရာ ကျောက်အုတ်များဖြင့်အစားထိုးအံ့” ကို
ဘယ်လိုလုပ်သိရှိနိုင်ပါ့မလဲ ။
သူမအိမ်ရဲ့စားနပ်ရိက္ခာဖြည့်တင်းရေးမှာ
သူမကသဲတစ်ဆုပ် အုတ်တစ်ချပ် ။
မြေပေါ်ကအုတ် ကားပေါ်တင် ကားပေါ်ကအုတ်မြေပေါ်ချ
အုတ်ပစ် အုတ်ဖမ်း အုတ်ပေး အုတ်ယူ အုတ်တင် အုတ်ချ
သူမနဲ့အုတ် အုတ်နဲ့သူမ လုံးလည်ချာလည် ။
ခေတ်ပေါ်ဆိုးဆေးမဆိုးရပါပဲ
သူမဆံပင်ကအုတ်နီမှုန့်ရောင်
သူမအသားအရေလည်းအုတ်နီမှုန့်ရောင် ။
သူမထမင်းလုတ်တွေ အုတ်နီမှုန့်တရှပ်ရှပ်
သူမအစာအိမ်ထဲ အုတ်ဘယ်နှစ်ခဲရောက်ရှိနေပြီမသိရ
အူမတောင့်တယ်ပဲယူဆကြပါစို့ ။
နှင်းဝေဝေတစ်မနက်
မြို့ ကြီးဘက်အသော့နှင်သွားတဲ့အုတ်ကားပေါ်
ဖိုထဲကထွက်တာမကြာသေး
အုတ်ခဲများရဲ့နွေးနွေးထွေးထွေးကြင်နာခြင်းမှာ
သူမအအိပ်ကလေးကိုပြန်လည်ဆက်စပ်နေတုန်း
အိပ်မက်ထဲသူမတိုက်အိမ်ကြီးဝုန်းခနဲတိမ်းမှောက်သွား

သူမမိသားစု အုတ်တစ်ချပ်လပ်ခဲ့ရပြီ ။             ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts