Uncategorized

တူမောင်ညို – အစွန်းနှစ်ပါးနှင့် ဒီချုပ်

အစွန်းနှစ်ပါးနှင့် ဒီချုပ် 
တူမောင်ညို
ဒီဇင်ဘာ ၂၊ ၂၀၁၃


“အစွန်းနှစ်ပါးရှောင်ရှားရေး” ဆိုသည်မှာ အာဏာရအုပ်စိုးသူများနှင့်လူလိမ်များအတွက် လက်သုံးစကားဖြစ်လာခဲ့ပြီ။ 
သမ္မတ (ဗိုလ်)ဦးသိန်းစိန်သည် သူ၏ရေဒီယိုမိန့်ခွန်းမှနေ၍ “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးနှင့်စပ်လျဉ်းပြီး “အစွန်းနှစ်ပါး ရှောင်ရှားရန်” တရားဟောသွားသည်။ သမ္မတ (ဗိုလ်)ဦးသိန်းစိန်ဆိုလိုသည့်အဓိပ္ပါယ်မှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ၁၀၉ ဦး ကော်မတီ”က “ကြောင်း”ပေးတဲ့ လမ်းအတိုင်းစည်းကမ်းသေဝပ်စွာသွားရေးဖြစ်သည်။ 
ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်သည် “၂၀၀၈အခြေခံဥပဒေကို လေးစားလိုက်နာမည်” ဟု ကျမ်းကျိန်ပြီးကတည်းက သင်ခန်း စာတွေတစ်ခုပြီး တစ်ခုရနေသည်၊ ရနေလိမ့်ဦးမည်။ “၂၀၀၈ အခြေခံဥပဒေ” မဖျက်သိမ်းနိုင်သမျှ ရနေဦးမည်သာဖြစ်သည်။
“၂၀၀၈ အခြေခံဥပဒေ”ကို ၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်ပြီးပြင်ဆင်နိုင်လိမ့်မည်။ ပြင်ဆင်၍ရလိမ့်မည်။ လက်ရှိ အာဏာ ရအုပ်စိုးသူများဖြစ်သော (ဗိုလ်)ဦးသိန်းစိန်၊(ဗိုလ်)ဦးရွှေမန်း၊ဗိုလ်မင်းအောင်လှိုင်တို့ကိုဒီမိုကရေစီတရားရေအေးတိုက်ကျွေးပြီး၊ ဒီမိုကရေစီ တရားပြလိုက်လျှင်၊ ဒီမိုကရေစီကျွတ်တမ်းဝင်ပြီး “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” အတွက် အလားအလာကောင်းတွေ ပေါ်ထွန်းလာ မည်။ တစ်ဆင့်ပြီးတစ်ဆင့်ပြင်ဆင်သွားလျှင် ဒီမိုကရေစီမုခ်နန်းသို့ အောင်ပန်းဝင်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြခြင်းမှာ ထင်မှတ်မှားမှုတစ်ခု၊  မှားယွင်းသော စိတ်ကူးစိတ်သန်းတစ်ခုသာဖြစ်သည်ဟူသောအချက်မှာ ယခုအခါ ပို၍ ပို၍ ပီပြင်ထင်ရှားလာပါသည်။ 
ဒီချုပ်၏ နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သော တွေ့ဆုံဆွေးနွေးရေးအတွက် “စာအားဖြင့် မေတ္တာရပ်ခံရန်” ဟူသည်မှာ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”သည် လွှတ်တော်တွင်းနည်းလမ်းတစ်ခုထဲသက်သက်ဖြင့် အလုပ်မဖြစ်နိုင်ဟူသော အချက်ကို ဖော်ပြ လိုက်ခြင်းဖြစ်ပြီး အခြားတစ်ဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း “ဥပဒေဘောင်အတွင်း”မှ သူလုပ်နိုင်သမျှကို နည်းစုံ လမ်းစုံဖြင့် အပျော့ပြောင်းဆုံးလုပ်နေရခြင်းသာဖြစ်ပါသည်။
ပထမဦးစွာ သမ္မတကြီးကို ချဉ်းကပ်ကြည့်၏၊ အဖြေမှာ“ဟင့်အင်း”။ ထို့ နောက် လွှတ်တော်ဥက္ကဋ္ဌကြီးများထံသို့ ပြောင်းရွေ့ ချဉ်းကပ်ကြည့်ပြန်၏။ ရလဒ်မှာ “ဟင့်အင်း”သာဖြစ်မြဲ။ ကာချုပ်ထံ သတင်းစကား ပို့ကြည့်ပြန်၏ ထူးမခြားနား။ အက်ဒီဆင်စိတ်ဓါတ်ဖြင့် “ဟင့်အင်း” ကိုဖြတ်ကျော်နေကြရလိမ့်ဦးမည်ထင်သည်။ နည်းလမ်းသည် ကုန်သလောက်ရှိနေပြီ။ 
ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်ဘက်မှ မည်သို့ပင်ပျော့ပြောင်းနေစေကာမူ (ဗိုလ်) ဦးသိန်းစိန်၊ (ဗိုလ်) ဦးရွှေမန်း၊ ဗိုလ်မင်း အောင်လှိုင်တို့ဘက်မှ ခပ်တင်းတင်း၊ ခပ်မာမာပင် တစ်ထစ်မျှ အလျော့ပေးမည်ပုံမရှိချေ။ 
“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” နှင့်စပ်လျဉ်းပြီး (ဗိုလ်) ဦးသိန်းစိန်၏ “ဒီဇင်ဘာ ၁ ရက်”  မိန့်ခွန်းပါပြောကြားချက်နှင့် (ဗိုလ်)ဦးရွှေမန်း၏ “နိုဝင်ဘာ ၁၉ ရက်”( ချင်းပြည်နယ်၊ ဂန့်ဂေါ်မြို့နှင့်မင်းတပ်မြို့) ပြောကြားချက်များ၏ အတွင်းသဘော မှာ တစ်ထပ် တည်းပင်ဖြစ်သည်။ ဗိုလ်မင်းအောင်လှိုင်က မည်သို့မျှမတုန့်ပြန်သေးသော်လည်း တုန့်ပြန်မည်ဆိုလျှင် (ဗိုလ်)ဦးသိန်းစိန်၊ (ဗိုလ်)ဦးရွှေမန်း တို့၏သဘောထားနှင့်တစ်သဘောတည်းသာဖြစ်မည်။ကွဲပြားခြားနားစရာအကြောင်းမရှိ။ တစ်ကျိတ်တည်း၊ တစ်ဉာဏ်တည်းသာဖြစ်ဖွယ် ရှိသည်။  
စစ်အုပ်စုသည်(အာဏာလက်ရှိဖြစ်စေ/အာဏာလက်မဲ့ဖြစ်စေ) သူတို့၏မဏ္ဍိုင်အကျိုးစီးပွားနှင့်ပတ်သက်လာလျှင် တစ်စိတ် တည်းတစ်ဝမ်း တည်းဖြစ်မြဲဖြစ်သည်။ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” သော ကြွေးကြော်သံအတိုင်းပင်ညီကြသည်။ သူတို့ချင်းစား ခွက်လုကြ၍ အာဏာလက်လက်မဲ့သွားလျှင်ပင် စစ်အုပ်စု၏မဏ္ဍိုင်အကျိုးစီးပွားကိုထိခိုက်စေမည့်အပြုအမူအပြောဆိုမှန်သမျှ ရှောင်ရှား ကြမည် သာဖြစ်သည်။ စစ်အုပ်သည် သူတို့အချင်းချင်းအကြား၌ ဤမျှသစ္စာတည်မြဲကြသည်။
 ဤအချက်ကို ဗိုလ်နေဝင်း၏ မြေးတစ်စု၊ ဗိုလ်ခင်ညွန့်နှင့်(တစည)ပါတီမှ ပြောဆိုနေသည်များကို နားထောင်ကြည့်လိုက်လျှင် အထင်အရှား သိမြင်နိုင်သည်။ 
ဗိုလ်နေဝင်း၏ မြေးတစ်စုနှင့် ဗိုလ်ခင်ညွန့်တို့သည် ဗိုလ်သန်းရွှေပေးထားသည့် “ကင်းလွတ်ခွင့်”ဖြင့် ဗိုလ်သန်းရွှေအား ငှက်မွှေး ကလေးဖြင့်သပ်ကာ (ဆုံးရှုံးသွားသောအဆင့်နေရာဟောင်းအတွက်) စကားနာထိုးနေကြပြီး သူတို့ကိုယ်သူတို့ အရောင်တင်နေကြ၏။ 
 သူတို့အနေဖြင့် မဖုံးနိုင်မဖိနိုင်ဘဲပေါ်လွင်နေသည့်အချက်မှာ စစ်အုပ်စု အဆက်ဆက်က လူမျိုးပေါင်းစုံပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ခဲ့သည်များကို(ဝန်ချတောင်းပန်ခြင်းမပြုသည့်အပြင်) တည်ဆဲဥပဒေအရလုပ်ခြင်းဖြစ်သဖြင့် တရားသည်ဟုပင် မြိန်ရည် ရှက်ရည် ကာကွယ်ပြောဆိုနေကြသော အချက်ပင်ဖြစ်သည်။ 
သူတို့သည် ဗိုလ်သန်းရွှေနှင့်လက်ရှိအာဏာရစစ်အုပ်စု အမျက်သို၊ ငြိုငြင်မည့် “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”၊ “၂၅% လျော့ချရေး”၊ “စစ်တပ်သည် စစ်တန်းလျားသို့ပြန်ရေး” စသည့်ကိစ္စများကို ယောင်မှား၍ပင် ပါးစပ်မဟဝံ့ကြချေ။ (ထိုကိစ္စများနှင့် ပတ် သက်လျှင် တစညပါတီ လည်းအလားတူပင်)။ 
ဗိုလ်နေဝင်း၏ မြေးတစ်စုနှင့် ဗိုလ်ခင်ညွန့်တို့ပြောနေကြသည့် “နိုင်ငံရေးလုံးဝမလုပ်ဘူး”ဆိုသည်မှာ ဤအချက်များကိုမပြောပါ၊ အာဏာရစစ်အုပ်စုကို မဆန့်ကျင်ပါဟုပြောနေခြင်းဖြစ်ပြီး အာဏာရစစ်အုပ်စုအပေါ်သစ္စာမဖောက်ပါဟု ကတိပေးနေကြခြင်းလည်း ဖြစ် သည်။ ဗိုလ်သန်းရွှေနှင့်လက်ရှိ အာဏာရစစ်အုပ်စုကလည်း ထိုအချက်များ၊ ထိုကိစ္စများကို မထိပါးသမျှ၊မပြောသမျှ ၄င်းတို့အပေါ် ဗွေယူ လိမ့်မည်မဟုတ်။ သည်းခံခွင့်လွှတ်နေမည်သာဖြစ်သည်။ 
“၂၀၀၈ အခြေခံဥပဒေပြင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး”၏ အရင်းခံရည်ရွယ်ချက်မှာ  စစ်အုပ်စုချုပ်ကိုင်ရယူထားသည့် “နိုင်ငံရေးနှင့်စီးပွားရေးအခွင့်အာဏာမှန်သမျှ”ကို လျော့ချရေးနှင့်ပယ်ဖျက်ရေးသာဖြစ်သည်။
အခြေခံဥပဒေတွင် ဒီမိုကရေစီစံချိန် စံညွန်းများပြည့်ဝရေးဆိုသည် စစ်အုပ်စု၏ အခွင့်ထူးရထားသမျှကို ရှင်းလင်းဖယ်ရှားပစ် နိုင်မှသာဖြစ်နိုင်မည်။ 
သို့ဖြင့် အာဏာရစစ်အုပ်စုသည် “၂၀၀၈ အခြေခံဥပဒေအသစ်ရေးဆွဲရေး”ဆိုသည်မှာ  ရယ်ဒီကယ်များ၏ အစွန်းရောက်သော လုပ်ရပ်ဖြစ်လေဟန် စာရေးဆရာကျော်ဝင်းတို့ကို တာဝန်ပေးပြီး သရုပ်ဖျက်စေခဲ့ပြီး၊  ပြုပြင်ရေးမှိုင်းတိုက်ခဲ့သည်။ 
ယခုအခါဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့လျှောက်လှမ်းနေသည့် “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး”ကို “ဒီမိုကရေစီစံနှုန်း များကိုအလျင်စလိုအလောတကြီးဆောင်ရွက်မည့်ခြေလှမ်း” အဖြစ် အလှမ်းကျယ်အလယ်မလပ်ဖို့ (ဗိုလ်)ဦးရွှေမန်း နှင့် (ဗိုလ်)ဦးသိန်းစိန် တို့ကိုယ်တိုင်  ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို “ပညာပေး” နေပြီ။ ပြုပြင်ရေးမှိုင်းတိုက်ခဲ့ပြီးနောက် အညံ့ခံအလျော့ပေးရေးလိုင်းထဲ ဆွဲသွင်းနေသည်။ 
ဒေါ်အောင်ဆန်းစုကြည်၏ ဘကြီး (ဦးအောင်သန်း) သည် “၁၆နှစ် နိုင်ငံရေးအတွေ့အကြုံများ (၁၉၄၂- ၁၉၆၁) ” ဆိုသည့် စာအုပ်ဖြင့် “၁၉၄၇ အခြေခံဥပဒေ”ဘောင်တွင်း ကိုယ်တွေ့များကို နောင်လာနောက်သားများအတွက် အမွေထားရစ်ခဲ့သည်။ 
ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွင်လည်း “၂၀၀၈ အခြေခံဥပဒေ” ဘောင်တွင်းလှုပ်ရှားမှုများနှင့်ပတ်သက်၍ နောင်လာ နောက်သား များအတွက် အတွေ့အကြုံအမွေတွေပေးခဲ့နိုင်လိမ့်မည်ဟုထင်ပါသည်။ 
“နိုင်ငံရေးမိုးလေဝသ ကောင်း/မကောင်းကို မှန်မှန်ကန်ကန် သုံးသပ်ပြီး လိုအပ်တာတွေပြင်ဆင်တာကတော့ ဖြောင့်မတ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်”ဖြစ်ပါလိမ့်မည်။ မိုးရွာလိမ့်မည်ဆိုတာလည်းခန့်မှန်းမိပြီး၊ ထီးနဲ့မိုးကာလည်းအသင့်ဆောင်ထားသည်။သို့သော်လည်း ထီးနဲ့မိုးကာ အကြမ်းဖက်လုယက်ခံရတော့မည်ကို အထင်အရှားမြင်တွေ့နေရပြီဆိုလျှင် ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ။ 
သို့အတွက် ကြိုတင် စဉ်းစားပြင်ဆင်ထားဖို့လည်း လိုအပ်ပါလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။  
ညွှန်း 
– နိုဝင်ဘာ ၁၉ ရက်၊ ချင်းပြည်နယ်၊ ဂန့်ဂေါ်မြို့နှင့်မင်းတပ်မြို့ သို့ရောက်ရှိစဉ် ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်း ပြောကြားချက် ( ၂၀ နိုဝင်ဘာ ၂၀၁၃၊ မြဝတီသတင်းစာ၊ စာမျက်နှာ ၁၃) 
– ဒီဇင်ဘာ ၁ ရက်၊ သမ္မတ ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်း၊ မြန်မာ့အလင်းသတင်းစာ၊ ၁ ဒီဇင်ဘာ ၂၀၁၃၊ 

– “ဒီစကား”၊ ဒီလှိုင်းစာစောင်၊ အတွဲ ၂ ၊ အမှတ် (၄၄) ၁၁ – ၁၁ – ၂၀၁၃ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts