>Saung Yun La – 2 stops after Nargis

>

နာဂစ်အလွန် နှစ်ဘူတာ
ဆောင်းယွန်းလ
မေ ၂၊ ၂၀၁၀


နာဂစ်ချန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေအောက်မှာ
ဘဝတွေကို လင်းလက်ပေးစေမယ့် နေရောင်က
တစက်ကလေးမှတောင် မထွက်ခဲ့သေးဘူးတဲ့…

နာဂစ်လေ..
လွန်ခဲ့တဲ့နှစ်နှစ်က တလဟောဝင်ပစ်သွားတဲ့
နာဂစ်ကျည်ဆံတွေရဲ့အောက်မှာ
မိဘပျောက်သားသမီးတွေသာ ကျန်ရစ်ခဲ့ပြီး
သားသမီးပျောက်မိဘတွေလည်း ကျန်ရစ်ခဲ့တယ်…

နာဂစ်ဟာ..
ကျောင်းဆရာမရှိတဲ့ စာသင်ခန်းကိုထားခဲ့ပြီး
စာသင်ခန်းမရှိတဲ့ ကျောင်းဆရာကိုထားရစ်ခဲ့တယ်….

လူမရှိတော့တဲ့ တဲပျက်အိမ်ပြိုတွေကိုထားခဲ့ပြီး
အိမ်မရှိတော့တဲ့ လူတွေကိုလည်းထားရစ်ခဲ့တယ်…

သစ်ပင်မရှိတော့တဲ့ လမ်းပြိုလမ်းပျက်တွေကိုချန်ခဲ့ပြီး
လမ်းမရှိတော့တဲ့ သစ်ပင်အပြိုတွေကိုလည်းချန်ရစ်ခဲ့တယ်…

ငါးတွေမရှိတော့တဲ့ မြစ်အသေကိုစီးဆင်းစေခဲ့ပြီး
မြစ်မရှိတော့တဲ့ ငါးအသေတွေကိုလည်းစီးဆင်းစေခဲ့တယ်…

လယ်ယာမရှိတော့တဲ့ တောရွာတွေကိုစိုက်ပျိုးထားခဲ့ပြီး
တောရွာပျောက်သွားတဲ့ လယ်ယာတွေကိုလည်းစိုက်ပျိုးထားခဲ့တယ်…

ကျွဲနွားမရှိတော့တဲ့ လယ်ကွင်းတွေကိုထွန်ယက်ထားခဲ့ပြီ
လယ်ကွင်းမရှိတော့တဲ့ ကျွဲနွားတွေကိုမွေးမြူပေးသွားခဲ့တယ်…

တရားမရှိတဲ့ အခြေခံဥပဒေသစ်ကိုရေးဆွဲပေးရစ်ခဲ့ပြီး
ဥပဒေမရှိတဲ့တရားကို သူ့ရဲ့မွေးစားသားအဖြစ်ထားရစ်ခဲ့တယ်…

နာဂစ်အလွန် နှစ်ဘူတာမှာတော့
လူညာတွေစုရုံး တိုင်းပြည်ကို ကတုံးတုံးနေကြတယ်… ။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts